မန်ယူအသင်းဟာ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကို လျော်ကြေးတစုံတရာမပေးရဘဲ နှစ်ဦး သဘောတူစာချုပ်ဖျက်သိမ်းနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးအစီအစဉ်မှာ မန်ယူအသင်းရဲ့ အတွင်းရေးတွေကို ဖွင့်ချခဲ့သလို အသင်းနည်းပြနဲ့ တာဝန်ရှိသူတွေကိုလည်း သစ္စာဖောက်သူတွေအဖြစ် စွပ်စွဲခဲ့တာပါ။
ဒါ့အပြင် နည်းပြတန်ဟတ်ဂ်ကိုလည်း လေးစားမှုမရှိကြောင်း၊ မန်ယူအသင်းဟာ အရင်တုန်းကအတိုင်းဘာမှမပြောင်းလဲဘဲ တိုးတက်မှုမရှိကြောင်း အပြင်းအထန် ဝေဖန်ခဲ့တာပါ။
အဲဒီလိုဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး မန်ယူအသင်းကစာချုပ်ပါစည်းမျဉ်းတွေအတိုင်း ဥပဒေအရ စာချုပ်ဖျက်သိမ်းနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းရရှိနေပြီး လက်ကျန် ၇ လစာချုပ်သက်တမ်းအတွက် လျော်ကြေးမရဘဲ စာချုပ်ဖျက်သိမ်း ခံခဲ့ရတာပါ။
ရော်နယ်ဒိုဘက်ကလည်း စကားလုံး ၆၇ လုံးပါတဲ့ နှုတ်ဆက်စာကို ထုတ်ပြန်ခဲ့ပြီး ယူနိုက်တက် အသင်းနဲ့ ပရိသတ်တွေကို ချစ်ခင်တဲ့စိတ်က ဘယ်တော့မှပြောင်းလဲမှာမဟုတ်ကြောင်း၊ ယူနိုက်တက်အသင်းအောင်မြင်မှုတွေရရှိပါစေကြောင်း ရေးသားထားပါတယ်။
မန်ယူအသင်းဟာ ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းဖို့ ဥပဒေနဲ့အညီ လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း ထိပ်တန်း အားကစား ရှေ့နေတစ်ဦးက ပြောပါတယ်။
စီရော်နယ်ဒိုဟာ နာမည်ကြီး အစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ မန်ယူအသင်းနည်းပြနဲ့ တာဝန်ရှိသူတွေက သူ့ကို အသင်းကနေ ထွက်ခွါဖို့ဖိအားပေးခဲ့ပြီး သစ္စာဖောက်သူတွေဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့တာပါ။
ဒါ့အပြင် နည်းပြတန်ဟတ်ဂ်ဟာ သူ့အပေါ်မှာ လေးစားမှုမရှိတာကြောင့် သူ့ဘက်ကလည်း လေးစားမှု မရှိကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့တာပါ။
အဲဒီအပေါ် မန်ယူအသင်းက တုံ့ပြန်ဆောက်ရွက်ဖို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဘယ်လို အရေးယူမလဲဆိုတာ မသိရသေးပါဘူး။
အားကစားရှေ့နေ့တစ်ဦး ဖြစ်သူ ဒေးဗစ်ဆယ်လစ်မန်ကတော့ ရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ အတွင်းရေးနဲ့ ယုံကြည်အပ်နှံမှု တာဝန်တွေကို ချိုးဖောက်ခဲ့တာကြောင့် ဥပဒေနဲ့အညီ စာချုပ်ဖျက်သိမ်းပိုင်ခွင့် ရှိသွားပြီဖြစ်ကြောင်း တွစ်တာကနေ မှတ်ချက်ရေးခဲ့တာပါ။
ဒါ့အပြင် အသင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်အောင် ထုတ်ဖော်ပြောဆိုရာလည်းမြောက်လို့ စာချုပ်ဖျက်သိမ်းခွင့်ရှိကြောင်း ဆယ်လစ်မန် မှတ်ချက်ပေး သွားပါတယ်။