ဒီနေ့ မတ်လ ၈ ရက် ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကယားပြည်နယ်ရဲ့ မြို့နယ်လေးခုမှာ စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ပြီး ဝင်ရောက်ဖြေဆိုသူ အရေအတွက်က ၉၀၀ ကျော်ပဲရှိတယ်လို့ ပညာရေးဌာန အသိုက်အဝန်းက သိရပါတယ်။
ကယားပြည်နယ်မှာ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊ မယ်ဆယ်မြို့၊ ဘော်လခဲမြို့၊ ဖားဆောင်းမြို့နယ်ဆိုပြီး မြို့နယ် ၇ ခုအထိ ရှိပါတယ်။
ဒါပေမဲ့ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်ဆယ် အစရှိတဲ့ မြို့နယ် ၄ ခုမှာပဲ စာစစ်ဌာနတွေ ဖွင့်လှစ်နိုင်ပြီး အရင်နှစ်ကလည်း စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ခဲ့သလို တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူ ၉၉၅ ဦးအနက် ကျောင်းသားကျောင်းသူပေါင်း ၉၂၁ ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၇၄ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်အထိ ကယားပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာနပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်ခဲ့သလို ဝင်ရောက်ဖြေဆိုသူ ဦးရေဟာ တပြည်နယ်လုံးဆိုရင် ၈,၀၀၀ နီးပါးအထိ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတပ်တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုတွေ များပြားလာတာနဲ့အတူ စစ်ကောင်စီကပြုလုပ်တဲ့ စာမေးပွဲ ၂ ကြိမ်လုံးကို စာစစ်ဌာန ၄ ခုအထိပဲ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့်ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါးထားပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နဲ့ ဘုတ်ပြင်းခရိုင်က မြို့နယ် ၁၀ ခုမှာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့စာရင်းပေးထားသူ ၄,၂၇၈ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ ခုမှာ စာစစ်ဌာန ၁၉ ခု ဖွင့်လှစ်ပြီး စာမေးပွဲ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တနင်္သာရီတိုင်းက စာစစ်ဌာန ၂၈ ခုမှာ ဖြေဆိုခွင့်စာရင်းရှိသူ ၄,၇၆၄ ဦး ရှိခဲ့တာကြောင့် အခုနှစ် စာမေးပွဲဖြေဆိုမယ့်သူနဲ့ စာစစ်ဌာန အရေအတွက်ဟာ အရင်နှစ်ကထက် လျော့နည်းနေပါတယ်။
စစ်အာဏာမသိမ်းမီ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တနင်္သာရီတိုင်းက ကျောင်းသား ၂၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၆,၇၀၀ ကျော် အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၂၈ ဒသမ ၅၇ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန မှတ်တမ်းအရ သိရပါတယ်။
ရေဖြူမြို့နယ်မှ CDM ဆရာမတဦးက “စာစစ်ဌာနက နယ်ဘက်က စာစစ်ဌာနတွေ လုံခြုံရေးအရ မဖွင့်နိုင်ဘူး။ အာဏာမသိမ်းခင်ကဆို ရေဖြူမြို့နယ်မှာတောင် ၆ ခု၊ ၇ ခုလောက်ဖွင့်တာ၊ ကျောင်းသားလည်းများတယ်။ အခုအခြေအနေအရ ရေဖြူမှာ ရေဖြူ၊ ကလိန်အောင်၊ ကံပေါက် ၃ ခုပဲ ဖွင့်နိုင်တယ်။ စာစစ်ဌာနတခုဖွင့်ဖို့က လုံခြုံရေးရော ရပ်မိရပ်ဖအင်အားပါ လိုတော့ စာစစ်ဌာနတွေ တနှစ်ထက်တနှစ် လျော့လာနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတဲ့ရက်တွေမှာ ထားဝယ်ခရိုင်အတွင်းက တိုင်းပညာရေးမှူးရုံးနဲ့ စာစစ်ဌာန ၃ ခုမှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
အခု ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲဟာ အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ကျင်းပတဲ့ စာမေးပွဲဖြစ်ပြီး ဆယ်တန်းစနစ်ဟောင်းရဲ့ နောက်ဆုံးအကြိမ်စာမေးပွဲ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ NUG အစိုးရကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်အသိအမှတ်မပြုဘူးလို့ ကြေညာထားပါတယ်။