close

စာရေးဆရာကြီး

close

July 12, 2022

အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာကြီး မောင်သာနိုးကွယ်လွန်

ထင်းရှူးပင်ရိပ်၊ တောမှော်ရုံလမ်း စတဲ့ နာမည်ကျော်စာအုပ်တွေနဲ့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီး မောင်သာနိုးဟာဟာ ဝါဆိုလပြည့်  ဇူလိုင် ၁၂ ရက် ဒီကနေ့ညနေ ၆ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ဝန်းကျင် အရွယ်ရှိနေပြီဖြစ်ကာ  ရန်ကုန်မြို့က SSC ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

မောင်သာနိုးကို ၁၉၃၄ ခုနှစ် မေလ ၁၆ ရက်နေ့က စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့ပြီး စစ်ကိုင်း အစိုးရအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ကာ အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တက္ကသိုလ်ကနေ မြန်မာစာနဲ့ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ 

ဆရာကြီး မောင်သာနိုးဟာ အထက်တန်းကျောင်းသားဘဝကတည်းက စတင်ကာ စာပေတွေ ရေးသားခဲ့ပြီး မန္တလေးတက္ကသိုလ်မှာ ရှိချိန်ကတည်းက နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာမှာ အင်္ဂလိပ်စာအယ်ဒီတာအဖြစ်  ဆောင်ရွက်ခဲ့ပါတယ်။

မန္တလေး လူထု၊ မန်းဇာတ်သတင်းစာတွေမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာတော့ ရန်ကုန်ကို ပြောင်းလာခဲ့ပြီး မဂ္ဂဇင်းတွေမှာ စာပေတွေ ရေးသားတာတွေ၊ စာအုပ်တွေ ထုတ်ဝေတာတွေ ဆောင်ရွက်ခဲ့ကာ ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စာပေ အစီအစဉ်ကို တက် ရောက်ခဲ့ပါတယ်။

ဆရာကြီး မောင်သာနိုးစာ မကွယ်လွန်မီအချိန်ထိ မြန်မာစာပေလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ စာပေတွေကို တစိုက်မတ်မတ် ရေးသား ပြုစုထုတ်ဝေခဲ့ကာ အဲဒီစာအုပ်တွေထဲမှာတော့ ထင်းရှူးပင်ရိပ်၊ တော မှော်ရုံလမ်း၊ ဗမာစာ ဗမာစကား၊ အာရှတိုက်၏ အလင်းရောင်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ခိုးစားတဲ့ သစ်သီး၊ ဟိုက္ကူကဗျာ ခရီးသည် စတဲ့စာအုပ်တွေကတော့ ထင်ရှားတဲ့ စာအုပ်တချို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာကြီး မောင်သာနိုးဟာ မြန်မာ စာပေ အရေးအသား ၊ ဘာသာဗေဒ နဲ့ တခြား စာပေဆိုင်ရာတွေ ရေးသားခဲ့သလို မောင်သိင်္ဂါ နာမည်နဲ့ ကဗျာတွေကို ရေးသားခဲ့ပြီး ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသား စာပေ တသက်တာဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆရာကြီးရေးသားပြုစုထုတ်ဝေခဲ့သည့် စာအုပ်များ 

၁။ ထင်းရှုးပင်ရိပ် ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆

၂။ တော်မှော်ရုံလမ်း ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆

၃။ ဗမာစာ ဗမာစကား ၁၉၇၂

၄။ အာရှတိုက်၏ အလင်းရောင် ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၀

၅။ ESSAYS & LETTERS ၁၉၉၂

၆။ မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ် ၁၉၉၂

၇။ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ် ၁၉၉၄

၈။ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု ၁၉၉၄

၉။ နိရောဓသစ္စာ ၁၉၉၆

၁၀။ ခိုးစားတဲ့ သစ်သီး ၁၉၉၆

၁၁။ MIDDLE SCHOOL ENGLISH ESSAYS ၁၉၉၆

၁၂။ ရေနီမြောင်းတေးသံ ကဗျာများ ၁၉၉၉

၁၃။ ဘာသာပြန် လက်တွေ့ ၂၀၀၀

၁၄။ ဆွတ်ပျံ့ဖွယ်အောင် ၂၀၀၁

၁၅။ ENGLISH GRAMMAR (အင်္ဂလိပ်သဒ္ဒါ နိဒါန်း) ၂၀၀၁

၁၆။ လူထုကဗျာ ၂၀၀၂

၁၇။ ဘာသာပြန် လက်တွေ့ (၂) ၂၀၀၂

၁၈။ ကဗျာခရီးသည် ၂၀၀၃

၁၉။ နိုင်ငံရပ်ခြား ကဗျာ ခံစားမှုစာစု ၂၀၀၃

၂၀။ ဟိုက္ကူကဗျာ ခရီးသည် ၂၀၀၃

၂၁။ ENGLISH THE EASY WAY ၂၀၀၃

၂၂။ ENGLISH GRAMMAR FOR ALL ၂၀၀၇ 

Ref- Wikipedia

12 hours Ago

November 5, 2019

စာရေးဆရာကြီး စတီဖင်ကင်းဝတ္ထုကို ရိုက်ကူးထားသည့် စိတ္တဇရုပ်ရှင် - Doctor Sleep(နမူနာ)

စိတ္တဇဆန်တဲ့ Psychological Horror အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် နာမည်ကြီးရုပ်ရှင်-Doctor Sleep ကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော် Warner Bros. Pictures က ဖြန့်ချိသွားမှာဖြစ် ပြီး Horror ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Mike Flanagan က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ နာမည်ကြီး စာရေးဆရာ Stephen King ရဲ့ ၂၀၁၃ ခု နှစ်က ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ အသက်သွင်းပုံဖော်ရိုက်ကူးလိုက်တာ ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ Stephen King ရဲ့ ၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Shining ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်က ထွက်ရှိထားတဲ့ The Shining ရုပ်ရှင်ထဲက ဖန်တီးမှုတွေကို ထပ်မံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်ကားထဲက သဘာဝလွန်စွမ်းအင်တွေရှိတဲ့ ကလေးလေး Danny Torrance ဟာ အရွယ်ရောက်လာတဲ့အချိန်မှာ အရက်စွဲတာတွေ၊ တမလွန်နဲ့ ဆက်သွယ် နိုင်တာတွေနဲ့ အဲဒီလိုအစွမ်းအစရှိသူတွေကို လိုက်လံရှာဖွေနေတဲ့ The True Knot အဖွဲ့ဝင်တွေ ရင်ဆိုင်တွေ့ဆုံလာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုစိတ်ဝင်စားစ ရာကောင်းတဲ့ အလှည့်အပြောင်းတွေ၊ သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရိုက် ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား Ewan McGregor နဲ့ မင်းသမီး Rebecca Ferguson တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.5 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကားလည်း ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၅၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ ကောင်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့် တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ၃၀ ကြား ရရှိနိုင်မယ် လို့ ခန့်မှန်းထားပါတယ်။
3 years Ago
Up