close

စာရေးဆရာ ဆယ်လ်မန်ရပ်ရှ်ဒီ

close

August 15, 2022

ဆယ်လ်မန်ရပ်ရှ်ဒီကို သတ်ရန်ကြိုးစားသည်ဟု စွပ်စွဲခံရသူ အပြစ်မရှိကြောင်း ထွက်ဆို

လူသိများတဲ့ စာရေးဆရာ ဆယ်လ်မန် ရပ်ရှ်ဒီကို သတ်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၂၄နှစ်အရွယ် ဟာဒီမာတာက သူ့မှာ အပြစ်မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

စာရေးဆရာ ဆယ်လ်မန် ရပ်ရှ်ဒီဟာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်က လူမြင်ကွင်းမှာ အချက်ပေါင်းများစွာ ဓားထိုးခံရပြီး ဒဏ်ရာ အပြင်းအထန်ရလို့ ဆေးရုံတင်ထားရပြီးတော့ နိုင်ငံတကာက ရှုတ်ချတာ ခံရတဲ့ ဒီတိုက်ခိုက်မှုနောက်ကွယ်က အကြောင်းရင်းကို ရဲတွေက ဆုံးဖြတ်ဖို့ ကြိုးပမ်းနေပါတယ်။

တိုက်ခိုက်သူအဖြစ် စွပ်စွဲခံထားရတဲ့ နယူးဂျာစီပြည်နယ် ဖဲယ်ဗျူးမြို့က အသက် ၂၄နှစ်အရွယ် ဟာဒီမာတာကတော့ ဩဂုတ် ၁၃ ရက်ရုံးဆင်းချိန်မှာ လူသတ်ဖို့ ကြိုးပမ်းမှု စွဲချက်တွေအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သူ့အတွက် တရားရုံးက ခန့်အပ်ထားတဲ့ ရှေ့နေ နာသန်နယ်လ် ဘာရွန်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 အသက် ၇၅ နှစ်ရှိ ရပ်ရှ်ဒီဟာ နယူးယောက်အနောက်ပိုင်းက ရှပ်ထားကွာတက္ကသိုလ်မှာ အနုပညာ လွတ်လပ်ခွင့်ဆိုင်ရာ ဟောပြောပွဲလုပ်ဖို့ စီစဉ်နေချိန်မှာ မာတာက စင်မြင့်ပေါ်ကနေ အပြေးအလွှား ရောက် လာပြီး ဓားနဲ့ ထိုးခဲ့တာပါ။

အိန္ဒိယနွယ်ဖွား စာရေးဆရာ ရပ်ရှ်ဒီကို သူ့ရဲ့ ၁၉၈၈  ခုနှစ်က ထုတ်ဝေခဲ့တဲ့ “The Satanic Verses" စာအုပ်ကြောင့် သူ့ကို သတ်ဖို့ အီရန်က မွတ်ဆလင်တွေကို တိုက်တွန်းခဲ့ဖူးပါတယ်။

သူ့ကို ဓားထိုးမှုကို ကမ္ဘာတဝှမ်း စာရေးဆရာတွေနဲ့ နိုင်ငံရေးသမားတွေက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို စော်ကားမှုအဖြစ် ရှုတ်ချခဲ့ကြပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ရပ်ရှ်ဒီနဲ့  သူ့ဝတ္ထု ထဲမှာပါတဲ့ "တကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေ" ကို ဩဂုတ် ၁၃ ရက်က ထုတ်ပြန်ချက်တစ်ခုထဲမှာ ချီးကျူးပါတယ်။

"အမှန်တရား။ ရဲစွမ်းသတ္တိ။ ခံနိုင်ရည်ရှိမှု၊ ကြောက်ရွံ့မှုမရှိဘဲ အကြံဥာဏ်များ မျှဝေနိုင်မှု" လို့လည်း ဘိုင်ဒင်က ပြောခဲ့ပါတယ်။

သံသယရှိသူ ဟာဒီမာတာဟာ လက်ဘနွန်မှာ မိသားစုအရင်းတွေ ရှိတယ်လို့ လက်ဘနွန်တောင်ပိုင်း ယာဟွန် မြို့တော်ဝန် အလီတက်ဖှ်က ပြောပါတယ်။

မာတာရဲ့ မိဘတွေဟာ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ကြပြီး အဲဒီမှာ မွေးဖွားကြီးပြင်းခဲ့တယ် လို့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။

မာတာရဲ့ လူမှုကွန်ရက် မီဒီယာ အကောင့်တွေကို ပဏာမ ပြန်သုံးသပ်ရာမှာ  ရှီးယိုက်အစွန်းရောက်ဝါဒနဲ့ အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တို့ကို စာနာ နားလည်ကြောင်း ပြသထားတယ်လို့ NBC New York သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

1 min Ago
Up