မြန်မာနိုင်ငံက ထင်ရှားတဲ့ စာရေးဆရာတယောက်ဖြစ်တဲ့ မနုဿကျော်ဝင်းဟာ မတ်လ ၂၂ ရက် ဒီကနေ့ မနက် ၉ နာရီ ၂၃ မိနစ်လောက်က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ဇာတိ စာရေးဆရာ ဦးကျော်ဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ လက်ရှိစစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ ဥက္ကဋ္ဌတာဝန်ကို ယူထားသူလည်း ဖြစ်ပါတယ်။
ဦးကျော်ဝင်းဟာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် နည်းပြဆရာ၊ ယဉ်ကျေးမှုဌာန၊ ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန၊ တိုင်းရင်းသား ယဉ်ကျေးမှု သုတေသဌာနခွဲ သုတေသန အရာရှိ၊ ပြတိုက်မှူးကြီး၊ ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်စတဲ့ ရာထူးတွေအထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ ကွင်းဆင်းလေ့လာမှု အတွေ့အကြုံတွေကို စာနယ်ဇင်းတွေမှာ ဆောင်းပါးနဲ့ ဝတ္ထုတိုတွေအဖြစ် ရေးသားခဲ့ကာ သုတေသန စာတမ်းတွေ၊ ဝတ္ထု၊ ဆောင်းပါး စုစုပေါင်း ၄၀ဝ ကျော်လောက် ရေးသားခဲ့သူ ဖြစ်ပါတယ်။
'ရွှေအိုးလေး'၊ 'လှမြင့်'၊ 'မောင်ဝင်းနွယ်(ရန်ကုန်တက္ကသိုလ်)' နဲ့ 'တက္ကသိုလ်ဝင်းသူ' စတဲ့ ကလောင်အမည်တွေနဲ့ ဝတ္ထု၊ ဆောင်းပါးတွေ ရေးသားခဲ့ပြီး အထူးလိုက်စားခဲ့တဲ့ မနုဿဗေဒ ပညာရပ်ကို အစွဲပြုပြီး ၁၉၆၈ ခုနှစ်က စတင်ကာ 'မနုဿကျော်ဝင်း' ကလောင်အမည်နဲ့ ရေးသားခဲ့ပါတယ်။
၁၉၇၃ ခုနှစ် စာပေဗိမာန် စာမူပြိုင်ပွဲမှာ 'အခြေခံ ရှေးဟောင်းသုတေသနပညာ' စာမူနဲ့ သုတပဒေသာ(ဝိဇ္ဇာ)ဆု၊ ၁၉၇၅ ခုနှစ်မှာ 'တက္ကသိုလ် ဘယ်မှာရှိတယ်' စာမူနဲ့ ဝတ္ထုရှည်ဆု၊ ၁၉၇၇ ခုနှစ်မှာ 'နောက်အော်နာဂ' စာအုပ်နဲ့ အမျိုးသား စာပေဆု၊ ၁၉၇၉ ခုနှစ်မှာ 'ခရီးကြမ်း ဓလေ့ဆန်းဆန်း' စာမူနဲ့ စာပေဗိမာန် စာပဒေသာဆု၊ ၁၉၉၅ ခုနှစ်မှာ 'အိုးခြမ်းပဲ့များ သက်သေထား' စာမူနဲ့ ပခုက္ကူ ဦးအုန်းဖေ စာပေဆု တွေ ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ 'အခြေခံ ပြတိုက်ပညာ' စာအုပ်ကို ပြုစု ထုတ်ဝေခဲ့ပါတယ်။