close

စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေး

close

November 9, 2021

တန့်ဆည်မြို့နယ်တွင် ကျောင်းတက်သူမရှိသဖြင့် စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းအားလုံး ပြန်ဖွင့်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပေမဲ့ ကျောင်းတက်မယ့်ကျောင်းသူ ကျောင်းသားမရှိသလို ဆရာ ဆရာမလည်း မရှိလို့  ဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေထံက  သိရပါတယ်။

တန့်ဆည်မြို့ခံတဦးက “လွန်ခဲ့တဲ့ ၃ ရက်က တန့်ဆည်မြို့ပေါ်က အထက -၂ ကျောင်းမှာ ကျောင်းသားလည်းမရှိဘူး၊ သင်မယ့်ဆရာလည်း မလာဘူး၊ ဒါကိုစစ်တပ်ကလုံခြုံရေးလာလုပ်တယ်။ ဗုံးခွဲခံရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ရမ်းသန်းပစ်ခတ်လို့ အပြစ်မဲ့အမျိုးသမီးတစ်ဦး သေဆုံးသွားသေးတယ်။တချို့အရာရှိ သားသမီးတွေကတော့ နေပြည်တော်လို မြို့တွေဆီ ပြောင်းရွေ့သင်ကြားဖို့ ပြင်နေကြတယ်” လို့ ပြောပါတယ်။

တန့်ဆည်မြို့ပေါ်မှာ အစစ်အဆေးတင်းကျပ်လို့ အသွားအလာ နည်းပါးနေပြီး ပေါက်ကွဲမှုတွေလည်း မကြာခဏ ဖြစ်ပွားနေကာ နိုဝင်ဘာလ ၇ ရက် ညပိုင်းကလည်း  မြို့မရဲစခန်း ပတ်ဝန်းကျင်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

တန့်ဆည်မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၇၂ ကျောင်းရှိပြီး ပညာရေးဝန်ထမ်းပေါင်း အယောက်  ၁၉၇၀  လောက်ရှိပါတယ်။ ဒီအထဲက   CDM မှာပါဝင်သူ ၈၀ ရာခိုင်နှုန်းရှိပြီး Non-CDM ပညာရေးဝန်ထမ်းတချို့လည်း စစ်ကောင်စီနဲ့မပတ်သက်ရဲလို့ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇူလိုင်လကလည်း  ကျောင်းတွေဖွင့်ဖို့ကြိုးပမ်းခဲ့သလို အခု နိုဝင်ဘာလ ၁ ရက်နေ့မှာလည်း   ၂၀၂၁-၂၂ ပညာသင်နှစ်အတွက် မြို့နယ်တချို့ကလွဲလို့  နိုင်ငံတဝန်း  ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

33 seconds Ago
Up