အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့ရှိ ပုဂ္ဂလိက ခရစ်ယာန်ကျောင်းမှာ မတ်လ ၂၇ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၆ ယောက်ထက်မနည်း သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ကလေးငယ် ၃ ဦးနဲ့ ဝန်ထမ်း ၃ ဦးဖြစ်ပြီး ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း ဆိုပါတယ်။
မက်ထရိုပိုလီတန် နက်ရှ်ဗီးလ်ရဲဌာနရဲ့ တွစ်တာမှာ သံသယရှိသူလည်း သေဆုံးသွားကြောင်း ဖော်ပြထားပြီး သူ ဘယ်လိုကြောင့် သေသွားရကြောင်းကိုတော့ အတိအကျ မပြောထားပါဘူး။
နက်ရှ်ဗီးလ်မြို့ ဂရီးန်ဟေးလ်စ်ရပ်ကွက်ရှိ ကွန်ဗန့်ကျောင်းမှာ မူကြိုတန်းကနေ ၆ တန်းအထိ ကျောင်းသား ၂၀၀ လောက် တက်ရောက်နေတာပါ။
နက်ရှ်ဗီးလ်ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကျောင်းဗီဒီယိုထဲမှာတော့ တိုက်ခိုက်သူဟာ မှန်တံခါးတွေကို သေနတ်နဲ့ပစ်ခတ်ထိုးဖွင့်ပြီး ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်ကို ချိန်ရွယ်ထားပြီးတော့ ခန်းမတွေကို လှည့်ပတ်သွားလာနေတာကို တွေ့မြင်ရပါတယ်။
ပစ်ခတ်တဲ့အကြောင်းရင်းကို ချက်ချင်းမသိရသေးပေမဲ့ ဟာလီဟာ အဆောက်အဦအတွက် ဝင်ပေါက်တွေ အပါအဝင် ကျောင်းရဲ့အသေးစိတ်မြေပုံတွေကို ရေးဆွဲခဲ့ပြီး လက်ရေးစာတခုကိုလည်း ချန်ထားခဲ့ကြောင်းနဲ့ တခြားရေးသားထားချက်တွေကိုလည်း စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးနေတဲ့အကြောင်း ရဲချုပ် ဂျွန်ဒရိတ်ခ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီကျောင်းကနေ သေနတ်သမားတဦးက မနက် ၁၀ နာရီ ၁၃ မိနစ်မှာ ဖုန်းခေါ်ဆိုခဲ့ပြီး ရဲက စလက်ခံခဲ့ပါတယ်။ အခင်းဖြစ်တဲ့ဆီကို နက်ရှ်ဗီးလ် မီးသတ်ဌာနက တုံ့ပြန်ရောက်ရှိခဲ့ပြီး လူနာအများအပြားရှိကြောင်း တွစ်တာမှာ ပြောခဲ့ပါတယ်။
ကလေးဆေးရုံကို သေနတ်ဒဏ်ရာတွေနဲ့ ရောက်ရှိလာကြပြီးနောက်မှာ ကျောင်းသား ၃ ဦး သေဆုံးခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။