ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ စက်တင်ဘာ ၆ ရက်ညက မိုးအဆက်မပြတ် ရွာသွန်းပြီးတဲ့နောက် ဒီနေ့မနက်မှာတော့ နေရာအတော်များများမှာ ရေကြီးရေလျှံဖြစ်ပြီး စာသင်ကျောင်းတွေလည်း ပိတ်လိုက်ရပါတယ်။
အထူးသဖြင့် ကျဒူးကျတ်နယ်မြေမှ ကဆစ်ဆတ်တက္ကသိုလ်လေ့ကျင့်ရေးကျောင်း၊ ပညာရေး သုတေသန ဖွံ့ဖြိုးရေးကျောင်း၊ ရန်းဆစ်နယ်မြေမှာ နခွန်းရန်းဆစ်ကျောင်း၊ ပချားနိဝေ့နယ်မြေ နခွန်းနွန်း ၁၂ ကလေးသူငယ်ဖွံ့ဖြိုးရေးကျောင်းတွေမှာ ကျောင်းသွားကျောင်းပြန် လမ်းတလျှောက်နဲ့ ကျောင်းရုံးခန်း စာသင်ကျောင်းတွေထဲ ရေဝင်တာကြောင့် ကျောင်းပိတ်ကြောင်း အရေးပေါ်ကြေညာလိုက်တယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။
ကျောင်းလာမလို့ လမ်းခုလတ်ရောက်နေသူတွေ အိမ်ကိုလှည့်ပြန်ဖို့၊ ကျောင်းကိုစောပြီး ရောက်နေသူတွေလည်း ရေဘေးလွတ်တဲ့ အခန်းထဲကနေ အွန်လိုင်းသင်ကြားပေးမယ်လို့ ကြေညာခဲ့ပါတယ်။
နခွန်းရန်းဆစ်ကျောင်းမှာဆိုရင် ကျောင်းစာသင်ခန်းထဲ ရေဝင်နေလို့ သန့်ရှင်းရေးလုပ်ဖို့ အတွက်ပါ စက်တင်ဘာ ၁၁ ရက်အထိ ပိတ်လိုက်ပြီး စက်တင်ဘာ ၁၂ ရက်မှ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။
ဘန်းခဲန်နယ်မြေ ဘန်းခဲင်အဝိုင်းပတ်မှာလည်း ရေတွေပြည့်ပြီး ကားအစီးရေ တော်တော်များများ ရေထဲပိတ်မိနေလို့ ခရိုင်ဝန် ချချတ်ဆစ်ထိဖန်းကိုယ်တိုင် နယ်မြေထဲထိ ကွင်းဆင်းပြီး ရေစုပ်စက်နဲ့ ဖောက်ချတာ၊ ကားတွေကူညီရွှေ့ပြောင်းနိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် ကျဲန့်ဝပ်ထနလမ်း၊ ပတ်ကစ်ရဲစခန်းအနီးတဝိုက်၊ ဖဟွန်ယိုးထင်းလမ်း၊ ရာမင်ထရာလမ်း၊ ရန်းဆစ်တက္ကသိုလ်နဲ့ နွန်ထပူရီခရိုင် တချို့နေရာတွေမှာလည်း ရေကြီးနေပါတယ်။
တချို့နေရာမှာ ရေအမြင့် ၁၀ စင်တီမီတာမှ ၅၀ စင်တီမီတာထိ တက်လာကြောင်း၊ လမ်းမကြီးပေါ်မှာ ကားကြီးကားငယ်တွေ ရေထဲရောက်သွားပြီး ယာဉ်ကြောပိတ်ဆို့မှု တွေလည်း ဖြစ်နေတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမိုးလေဝသဌာနက ဒီနေ့မနက် ၅ နာရီ ထုတ်ပြန်ချက်အရ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ ဘန်ကောက်နဲ့ အနီးတဝိုက် အပါအဝင် ထိုင်းအလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း စတဲ့ဒေသက ခရိုင်ပေါင်း ၅၉ ခရိုင်မှာ လာမယ့် စက်တင်ဘာ ၉ ရက်နေ့အထိ မိုးရွာသွန်းနိုင်ပြီး တချို့နေရာ မိုးထစ်ချုန်းရွာကာ ရုတ်တရက်ရေကြီးမှုတွေ၊ တောင်ကျချောင်းရေ တိုက်စားတာတွေ ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် မြစ်နားချောင်းနား တဝိုက်နေ ပြည်သူတွေအနေနဲ့ ရေကြီးရေလျှံ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
Ref- ThaiPBS/NationTv