close

စာသင်ခန်း

close

September 9, 2022

စာသင်ခန်းမှ ခရီးကြမ်းလျှောက်ရင်း တော်လှန်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်လာသူ

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ ရဟန်းရှင်လူ ပြည်သူလူထုတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအားလုံး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ သပိတ်မှောက်တာတွေနဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အကြမ်းဖက်ဖြိုခွင်းရာကနေ ပြည်သူလုထုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သံဃာတော်တချို့ဟာလည်း လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကိုရွေးချယ်ခဲ့ကြပြီး အဲဒီထဲမှာ ကျောင်းဆရာဘဝကနေ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တယောက်ဖြစ်လာတဲ့ ဆရာဇင်ကိုဝင်းလည်း အပါအဝင် ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ မကွေးပညာရေး CDM စစ်ကြောင်းကို ဦးဆောင်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့ကြတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်တပ်က ဆန္ဒပြတာတွေကို ရက်ရက်စက်စက် ဖြိုခွင်းသတ်ဖြတ်လာတဲ့အခါမှာ ဆန္ဒပြနေရုံနဲ့ မရတော့ဘူး။ လက်နက်ကိုင်တော်လှန်မှ ရတော့မယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်ရဲ့ဒေသဖြစ်တဲ့ ဆောမြို့နယ်ကို သွားရောက်ပြီး လက်နက်ကိုင်လမ်းစဥ်ကို အခြေတည်လာခဲ့တယ်လို့ The Youth Force (ဆော၊ ကျောက်ထု) ရဲ့ ခေါင်းဆောင် ဆရာဇင်ကိုဝင်းက ပြောပါတယ်။

ကိုယ့်ဒေသကို ပြန်ရောက်တဲ့အချိန်မှာတော့ ဘိုးဘွားတွေကိုင်ခဲ့တဲ့ တူမီးသေနတ်တွေကို စုဆောင်းတယ်။ ခဲတွေ၊ ယမ်းတွေ ရှာဖွေစုဆောင်းတယ်။ အဲဒီအချိန်မှာပဲ မင်းတပ်ဘက်မှာ တိုက်ပွဲစဖြစ်လို့ မင်းတပ်ကိုသွားမယ့် စစ်ကူလမ်းကြောင်းတွေကို လမ်းတွေမှာ သစ်ပင်တွေလှဲ ပိတ်ဆို့ပြီး လမ်းကြောင်းဖြတ်တောက်ပေးခဲ့သလို ကင်းတွေလည်း စောင့်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာတော့ တောင်ပေါ်ဒေသအထိ ကိုယ်တိုင်သွားရောက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ မိုးကာ စတာတွေကို စဥ်ဆက်မပြတ် ကူညီထောက်ပံ့ပေးခဲ့တယ်။ စစ်ဘေးရှောင်တွေကို အမြဲတမ်းထောက်ပံ့နေရမယ့်အတူတူ လက်နက်ကိုင်တိုက်ပွဲဝင်မှသာ နောင်တချိန်မှာ စစ်ဘေးရှောင်တွေ ရှိမလာနိုင်ဘူးလို့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့တာလို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရမယ်လို့ တွေးမထားခဲ့ဘူး။ ကျနော်တို့ ကျောင်းဆရာတွေ ဆိုတာက ကလေးတွေကို ပညာသင်ပေးရင်းနဲ့ ကမ္ဘာကြီးငြိမ်းချမ်းဖို့နဲ့ မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို စွမ်းဆောင်ရမယ့် သူတွေပါ။ ဒါပေမဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရတဲ့အချိန်မှာ သူတို့စစ်တပ်အသိုင်းအဝိုင်းက ပျူစောထီးတွေ ဖမ်းမိတာတောင် သူတို့ကို မသတ်ရက်ဘဲ နောက်ထပ်မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးပြီးမှ ပြန်လွှတ်ပေးခဲ့တာတွေ ရှိတယ်။ ကိုယ်တိုင် ကျောင်းဆရာတယောက်အနေနဲ့ လူတယောက်ကို ပစ်သတ်ဖို့ဆိုတာ လက်ရှိ မြေပြင်မှာ မလွယ်ကူဘူးဖြစ်နေတာ။ ကိုယ့်ရှေ့မှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေ မြင်ရင်လည်း အများကြီး ထိခိုက်ခံစားခဲ့ရတယ်” လို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

ပထမဆုံးအနေနဲ့ သူနေထိုင်တဲ့ ဒေသအတွင်းမှာရှိတဲ့ လူငယ် ၂၂ ယောက်ကို စုစည်းကာ CDF-ကန်ပက်လက်ကို အကူအညီတောင်းပြီး ကိုယ့်ဒေသအတွင်းမှာပဲ သင်တန်းစပေးခဲ့ကာ လက်နက်ကိုင်တော်လှန်ရေးကို စုဖွဲ့နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဒေသအတွင်းက လူငယ်တွေ စိတ်ဝင်စားမှု များပြားလာတော့ ဒုတိယအကြိမ်မှာ ၆၇ ယောက် သင်တန်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီလူငယ်တွေကို သင်တန်းပေးနေတဲ့အချိန်မှာပဲ စစ်တပ်က ကျနော်တို့ဒေသကို ပထမဆုံးအကြိမ် စစ်ကြောင်းထိုးလာလို့ သင်တန်းကို ချက်ချင်းရပ်တန့်ပြီး သင်တန်းမပြီးဆုံးခင်မှာပဲ NUG က D Day မခေါ်ခင် တရက်အလို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ CDF-ကန်ပက်လက်နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ကြတာ။ အဲဒီတိုက်ပွဲအပြီးမှာ အဖွဲ့အစည်းနာမည်တခုခု လိုအပ်လာပြီလို့ ဆုံးဖြတ်ပြီး YDF (ဆော၊ ကျောက်ထု) ဆိုပြီး အခြေတည်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ။ အဲဒီတိုက်ပွဲက ကိုယ့်ဒေသအတွင်းမှာ ပထမဆုံးဆိုပေမဲ့ ကျနော်တို့ရဲ့ ပထမဆုံးတိုက်ပွဲက ပေါက်မြို့နယ် သက္ကယ်ကျင်းရွာမှာ အစောဆုံးဖြစ်ဖူးတာ” လို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

“ကျနော်တို့က တိုက်ပွဲအတွေ့အကြုံလည်း တခါမှမရှိသေးတော့ အေးအေးဆေးဆေးပဲ တူမီးနဲ့ပစ်ရင်လည်း ဒီကောင်တွေ သေတယ်လို့ပဲ တွေးထားတာ။ ဒါပေမဲ့ မြေပြင်မှာ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားရတဲ့အခါမှာ ကိုယ်တိုင်တောင်မှ ခံယူချက်တွေ ပျက်ပြားသွားစေတဲ့ အနေအထားမျိုးထိ ဖြစ်ခဲ့တယ်။”

အဲဒီအခြေနေကနေ တဆင့်မြှင့်ပြီး ရှော့ဂန်းကျည်နဲ့ ပစ်လို့ရတဲ့ တတောင့်ထိုးလေးတွေ စပြီးတီထွင်ခဲ့သလို မိုင်းကိုအသုံးပြုလာခဲ့ပေမဲ့  လိုအပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝယ်ယူရလို့ ငွေကြေးအခက်ခဲရှိနေတယ်လို့ သိရပါတယ်။

ဆရာဇင်ကိုဝင်းက“မိုင်းထုတ်လုပ်ရေးအတွက် နည်းပညာအားနည်းချက်တွေ​ကြောင့် ဖောက်ခွဲရေးမိုင်းတွေ စမ်းသပ်ရင်းနဲ့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ တော်လှန်ရေးစကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG/MOD ဆီကနေ အပ်တိုတချောင်းတောင်မှ အထောက်အပံ့ မရဖူးသေးဘူးဗျ။ ကျနော်တို့ထင်ထားတာက သူတို့ ထောက်ပံ့ပေးနိုင်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်ရှေ့တန်းမှာ လက်ရှိ တိုက်ပွဲဝင်နေကြတဲ့သူတွေ အတွက်ကတော့ ယနေ့ထိတိုင်အောင် ဘာကူညီထောက်ပံ့မှုမှ မပေးနိုင်တဲ့အပေါ်မှာတော့ ကျနော်တို့ စိတ်အားငယ်မိတယ်” လို့ ပြောပါတယ်။

အဖွဲ့ထဲမှာရှိတဲ့ CDM ဆရာမလေးတွေက ရွှေထည်တွေကို ရောင်းချလှူဒါန်းပေးခဲ့လို့  အဲဒီငွေတွေနဲ့ ရပ်တည်ခဲ့ရပြီး လက်နက်ဝယ်ဖို့အတွက် အလှူရှင်တွေဆီက ငွေတွေကို စုဆောင်းပြီးမှ လက်နက်ခဲယမ်းတွေ ဝယ်ယူခဲ့ရတာလို့ ဆိုပါတယ်။

လက်နက်နဲ့ ကျည်ဝယ်ယူတဲ့နေရာမှာလည်း အချိန်ကြန့်ကြာတာတွေရှိသလို တချို့အဖွဲ့တွေဆိုရင် ပစ္စည်းမရောက်ဘဲ ငွေတွေ ဆုံးရှုံးသွားတာ ရှိကြပေမဲ့ ဝယ်ယူတဲ့ လက်နက်တွေ၊ ကျည်တွေ ဆုံးရှုံးမှုမရှိအောင် ဝယ်ယူစုဆောင်းနိုင်ခဲ့တယ်လို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

Local PDF တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားတာကို ပြည်သူတွေသိရှိမှ လှူဒါန်းပေးကြတာဖြစ်ပြီး PDF တွေအနေနဲ့ကလည်း ပြည်သူလှူဒါန်းတာတွေရှိမှ တိုက်ပွဲကို ပုံမှန်ထက် ပိုပစ်လို့ရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဒါကြောင့်မို့ TYF အနေနဲ့ NUG အစိုးရနဲ့ တရားဝင်ချိတ်ဆက်ပြီး သူတို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ လျှို့ဝှက်တိုက်ပွဲဝင်ဖို့ စီစဥ်နေတာ ယနေ့အချိန်ထိ အဆင်မပြေသေးဘူး။ တကယ်ဆိုရင် လက်ရှိမြေပြင်မှာ တာဝန်ခံပြီး တိုက်ရဲတဲ့သူတွေရှိရင် လက်နက်ခဲယမ်း အပြည့်အစုံ ထောက်ပံ့ပေးမှု မရှိဘူးဆိုရင်တောင် တချို့တဝက် ကူညီထောက်ပံ့မှုမျိုးနဲ့ အကြောင်းပြန်တာမျိုးတော့ ရှိသင့်တယ်လို့ ယူဆတယ်။ NUG ရဲ့လမ်းစဥ်ကို လိုက်တဲ့သူတွေ သူတို့နဲ့ နီးစပ်တဲ့သူတွေကိုပဲ ထောက်ပံ့ပေးတယ်လို့ ထင်တယ်။ Local PDF တွေလည်း များစွာ ရှိနေသလို ရှေ့မှာလည်း ဘယ်သူမှမသိဘဲ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးခဲ့ရတဲ့ သူတွေလည်း အများကြီးရှိခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်ကို ဟန့်တားနိုင်လောက်တဲ့ လက်နက်ခဲယမ်းသာ ပြည့်စုံမယ်ဆိုရင် စစ်ဆင်ရေးတွေ လှုပ်ရှားနိုင်ပြီး  စစ်ကောင်စီတပ်တွေပိုပြီးအထိနာနိုင်ကြောင်းနဲ့ တဖက်က တိုက်ပွဲတိုက်နေပြီး တဖက်မှာ ငြိမ်နေမယ်ဆိုရင် တော်လှန်ရေးကတော့ ကြာနေဦးမှာပဲလို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

မောင်းပြန်သေနတ်ကတော့ လူ ၁၀၀ မှာ ၁ ယောက်လောက်သာ ကိုင်နိုင်ပြီး ဖောက်ခွဲရေးမိုင်းကိုသာ အဓိကအားထားပြီး တိုက်ခိုက်နေရတာဖြစ်သလို ကျေးရွာတွေနဲ့ ဝေးတဲ့နေရာတွေမှာသာ တိုက်ခိုက်နေတာဖြစ်လို့ TYF နယ်မြေထဲက ရွာတွေကိုတော့ မီးရှို့ဖျက်ဆီးခံရတာ မရှိဘူးလို့ ဆိုပါတယ်။

“NUG/MOD အနေနဲ့လည်း Local PDF တွေအတွက် တိကျတဲ့မူဝါဒတခု ချမှတ်သင့်ပြီး ကျနော်တို့တပ်ဖွဲ့တွေကလည်း သူတို့လမ်းစဥ်အောက်ကို ရောက်ရှိသွားမှာဖြစ်သလို Local တွေအနေနဲ့ သူတို့လက်အောက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာကို လက်ခံမပေးတာကတော့ နားမလည်နိုင်စရာ အချက်တခု ဖြစ်နေတယ်” လို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။

ဆရာဇင်ကိုဝင်းတယောက်ကတော့ ကလေးတွေကို ပညာသင်ပေးတဲ့ ကျောင်းဆရာတယောက်ရဲ့ ဘဝကနေ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း သူ့ရဲ့ ပစ္စုပ္ပန်နေ့ရက်တွေကို နိစ္စဓူဝ ရင်ဆိုင်ဖြတ်သန်းနေရဦးမှာပါ။

မင်းထီး

4 mins Ago

October 9, 2021

တော်လှန်ရေးပြီးရင် စာသင်ခန်းပြန်မယ်

အသားညိုညို ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး တောလမ်းတစ်နေရာတွင် ထိုင်နေသည်။

သူ၏ ညာဘက်ပခုံးထက်တွင် တူမီးသေနတ်တစ်လက်ကို ဟန်ပါပါ သိုင်းလွယ်ထားသည်။ ဘယ်လက်တစ်ဖက်ကမူ ကြက်ခြေနီအမှတ်အသားပါ အလံတိုင်အား ကိုင်မထား၏။

လွတ်နေသည့် ယာဘက်လက်မှာ နွေဦးတော်လှန်ရေး၏ အမှတ်အသားတစ်ခုဖြစ်သည့် လက်သုံးချောင်းထောင်သင်္ကေတ ပြုလုပ်ထားသည်။ သူသည် အကြောင်းကြောင်းကြောင့် ဆေးလွယ်အိတ် ပြောင်းလွယ်ခဲ့ရသော်လည်း ခုခံစစ်အတွက် သေနတ်လွယ်ထားဆဲပင်။

ထိုအမျိုးသမီးမှာ အခြားသူတော့မဟုတ်ပါ။ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက ဌာနမှူး ဒေါ်ရတီအုန်း ဖြစ်သည်။ သူသည် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုချိန်အထိ လူလွတ်တစ်ဦး ဖြစ်ပါသည်။

” မြေဖြူကိုင်တဲ့လက်က သေနတ်ကိုင်ရမယ်လို့ မတွေးခဲ့ဖူးဘူးရှင့်။ ကျမ အိပ်မက်တောင်မမက်ခဲ့ဖူးဘူး” ဟု လက်ရှိ သူ့အခြေအနေကို ဒေါ်ရတီအုန်းက ပြောသည်။

ကထိကတစ်ဦးဖြစ်သည့် ဒေါ်ရတီအုန်းသည် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှသည် လက်နက်ကိုင်တော်လှန် ရေးအထိ ပါဝင်လာခဲ့သည်မှာ ယခုဆို ရှစ်လကျော်ရှိခဲ့ပြီ။ ဆိုရလျှင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှ အစပျိုးခဲ့သည့် နွေဦးတော်လှန်ရေးနှင့် သက်တမ်းတူဖြစ်၏။

ဆေးတပ်သား အဖြစ်သို့
စစ်အာဏာရှင်တော်လှန်ရေးသည် မေလဆန်းခန့်မှစတင်ကာ အကြမ်းမဖက်လှုပ်ရှားမှုမှ လက်နက်ကိုင်ခုခံစစ်သို့ တဆင့် တက်ခဲ့ရသည်။

အကြောင်းမှာ ငြိမ်းချမ်းသောနည်းဖြင့် အာဏာဖီဆန်သည့် နိုင်ငံတစ်ဝှမ်းရှိပြည်သူများအား စစ်ကောင်စီ၏ လက်ပါးစေ များက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာ၍ ဖြစ်သည်။

အထူးသဖြင့် ရရာလက်နက်ဖြင့် ပြန်လည်ခုခံမည့် တိုင်းရင်းသားဒေသ နယ်မြို့လေးများတွင် စစ်ကောင်စီ၏ ရက်စက် ကြမ်းကြုတ်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။ ယင်းဒေသများတွင် ဒေါ်ရတီအုန်းတာဝန်ကျရာ စစ်ကိုင်းတိုင်း ကလေးမြို့လေးလည်း ပါဝင်လာ၏။

ထိုအခါ စက်မှုနည်းပညာဘာသာရပ် အထူးပြုသင်ကြားပေးနေသူ ကထိက ဒေါ်ရတီအုန်းမှာ ရရာလက်နက်ကိုင်၍ ခုခံစစ်၌ပါဝင်ရန် အသင့်ဖြစ်နေခဲ့ပါသည်။

” အရင်သင်ကြားရေးပိုင်းတုန်းကလည်း mechanical engineer ဆိုတော့ တအားကြီး နူးညံ့သိမ်မွေ့တဲ့အထဲမှာ မပါဘူး။ စက်ပစ္စည်းအစိတ်အပိုင်းတွေကို လေ့လာထားတာဆိုတော့ အခုဒီလိုကူးပြောင်းလိုက်တဲ့အချိန်မှာလည်း ဒီဟာက အကျိုးသက်ရောက်မှု ရှိနေသေးတယ်”ဟု ခုခံစစ်အတွက် လက်နက်ကိုင်ဖြစ်သည်ကို သူက ရှင်းပြသည်။

သို့သော် ခုခံစစ်ဆင်နွှဲရင်း တစ်ခုသောရက်၌ သူ့ကို တော်လှန်ရေးတပ်သားအဖြစ်မှ ဆေးတပ်သားအဖြစ်သို့ ပြောင်းလဲသွားစေမည့် တွန်းအားတစ်ခုရှိလာခဲ့သည်။

ယင်းမှာ သူနှင့်တစ်ဖွဲ့တည်းဖြစ်သည့် လူငယ်ရဲဘော်လေးတစ်ဦး သေနတ်ကျည်ထိကာ သူ့လက်ပေါ်တင် တိုင်းပြည်အတွက် အသက်ပေးသွားရ၍ ဖြစ်ပါသည်။ အသက် ၂၀ စွန်းစွန်း သူ့တပည့်အရွယ်သာရှိသေးသည့် တော်လှန်ရေး လူငယ်လေးတစ်ဦး သေနတ်ဒဏ်ရာကြောင့် သေလုမြောပါးဖြစ်နေသည်ကို ဒေါ်ရတီအုန်း ဘာမျှလုပ်မပေးနိုင်ဘဲ ရင်နာနာဖြင့် သည်အတိုင်း ကြည့်နေခဲ့ရသည်။

”အဲဒီတုန်းက (ကျဆုံးရဲဘော်အတွက်)ငါဘာမှ လုပ်မပေးလိုက်နိုင်လေခြင်းဆိုတဲ့နောင်တက ကျမစိတ်ထဲမှာ အမြဲတမ်း ကျန်တယ်ရှင့်”ဟု သူက ရင်ဖွင့်သည်။

ထိုရင်နင့်ဖွယ်အတွေ့အကြုံကို ခံစားရပြီးနောက် ဒေါ်ရတီအုန်းတစ်ယောက် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင် တိုက်ခိုက် ရသည့် ရှေ့တန်းစစ်မျက်နှာတွင် Medical Cover လုပ်ပေးရန် ဆေးတပ်သားအဖြစ်သို့ ပြောင်းလဲခဲ့တော့သည်။

အထွေထွေ ဆေးတပ်သား
ကထိကတစ်ဦးဖြစ်သူ ဒေါ်ရတီအုန်း၏ တော်လှန်ရေးခရီးတွင် အကြမ်းမဖက်လှုပ်ရှားမှုမှတဆင့် လက်နက်ကိုင် တော်လှန် ရေးသို့ ကူးပြောင်းလာသည့်အခါ စစ်ပညာ တစ်လခွဲသင်ယူရသည်။

သို့သော် ရှေ့တန်းတိုက်စစ်မှနေ၍ ဆေးတပ်သားအဖြစ်ခံယူလိုက်သည်တွင် အရေးပေါ်ကုသရေးဆိုင်ရာဆေးပညာများကို ထပ်မံဆည်းပူးရပြန်သည်။ ထိုဆေးပညာကို အွန်လိုင်းဖြင့်တစ်ဖုံ တယ်လီဖုန်းဖြင့်ဆက်သွယ်၍တစ်မျိုး နည်းလမ်း ပေါင်းစုံ ဖြင့် ကျွမ်းကျင်ဆေးဝန်ထမ်းများထံမှ သင်ယူသည်။

ယင်းကဲ့သို့ အရေးပေါ်ကုသရေးဆေးပညာသင်ယူရင်း ကျွဲကူးရေပါဖြစ်လာရသည့် ပညာရပ်တစ်ခုမှာ သားဖွားမီးရပ် ပညာပင်ဖြစ်သည်။ အကြောင်းမူ စစ်ဘေးရှောင်နေကြရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မိသားစုများနှင့် အရပ်သား ပြည်သူများတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်နေ၍ ဖြစ်ပါသည်။

နောက်ပြီး သားဖွားမီးရပ်ပညာသည် ဒေါ်ရတီအုန်းနှင့် သိပ်ပြီးမစိမ်းလှ။ သူငယ်ငယ် ကျောင်းနေအရွယ်က မိခင်သူနာပြု ဆရာမနှင့် ကလေးမီးဖွားရန် ခဏခဏလိုက်သွားခဲ့ဖူးသည်။ လိုက်သွားတိုင်းလည်း မိခင်ဖြစ်သူက သူ့ကို မီးဖွားပုံဖွားနည်း လိုအပ်သည့် ပစ္စည်းကိရိယာစသည်တို့ကို သင်ပြ ပြောပြသည်။

အမှန်တစ်ကယ်ဆိုလျှင် သူ့မူလတာဝန်မှာ ရှေ့တန်းစက်မျက်နှာရှိ ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် နာမကျန်း ဖြစ်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖြစ်သည်။ သို့သော် မြေပြင်အနေအထားမှာ အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်နေကြသဖြင့် ၎င်းတို့၏ကျန်းမာရေးဆိုင်ရာပြဿနာများသည် ဆေးတပ်သားဒေါ်ရတီအုန်း၏ တာဝန်ဖြစ်လာသည်။

စက်သေနတ်သံ တဒက်ဒက် လက်နက်ကြီးသံ တအုန်းအုန်းကြားမှာ သမီးရတနာလေးတစ်ဦးကို အန္တရာယ်ကြားက မွေးဖွားပေးခဲ့ရသည်။ ကလေး၏ဖခင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်၏။

ထို့ကြောင့် ကိုယ်ဝန်နေ့စေ့လစေ့နှင့် ဇနီးသည်ကိုထားပြီး တိုက်ပွဲဝင်နေရသည့် ထိုရဲဘော်အားလည်း စိတ်ဖြောင့်ဖြောင့်နှင့် သူ့တာဝန်သူ ထမ်းရွက်နေစေလိုသည်။ သို့သော် ကထိကဒေါ်ရတီအုန်းအဖို့ မီးဖွားပေးရမည့် ပထမဆုံးအတွေ့အကြုံလည်းဖြစ် တိုက်ပွဲနှင့်အနီးဆုံးတွင်လည်း ရှိနေလေတော့ စိုးရိမ်ပူပန်မိသည်။

သို့ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ရန်မှ ကာကွယ်ရန် မီးဖွားမည့်အိမ်အနီးဝန်းကျင်၌ လက်နက်ကိုင်ဘော်များ အစောင့်ထားရသလို မီးတွင်း၌ မိခင်ရော ကလေးပါအန္တရာယ်ကင်းရန်လည်း ဆရာဝန်များထံ ဖုန်းဆက်အကူအညီတောင်းရလေသည်။

ဤသို့နှင့် မနက် ၁၀ နာရီခွဲ စကြည့်ခဲ့သည့် မွေးလူနာမှာ ၁၁ နာရီခွဲတွင် အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့တော့သည်။ ခုချိန်ထိ မိခင်ရောကလေးပါ ကျန်းမာပကတိ ချမ်းသာစွာရှိလေ၏။

တော်လှန်ရေးပြီးရင် စာသင်ခန်းပြန်မယ်
ယခုမူ ထိုသမီးငယ်လေးမှအစပျိုးလိုက်သည့် သားဖွားမီးရပ်ပညာဖြင့် ကလေးငယ်သုံးဦးအထိ မွေးဖွားပေးနိုင်ခဲ့ပြီ ဖြစ်ပါ သည်။ ထို့အပြင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုပါ လုပ်ပေးလာနိုင်သည်။

ထို့ကြောင့် သည်ပညာရပ်သည် ဒေါ်ရတီအုန်း၏ သက်မွေးဝမ်းကျောင်းပညာ ဖြစ်မလာသည့်တိုင် သူ့စိတ်အာရုံ၌ စွဲမြဲနေခဲ့ပါသည်။ ယခုမူ ထိုသားဖွားမီးရပ်ပညာဖြင့်ပင် တိုင်းပြည်၏ အနာဂတ်ရင်သွေးငယ်သုံးဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီ။

အလားတူ ရှေ့တန်းစစ်မြေပြင်များသို့ အကြိမ်ကြိမ် သွားရောက်ကာ တော်လှန်ရေးရဲဘော်များအားလည်း ဆေးကုသမှု ပေးနိုင်နေပြီ ဖြစ်သည်။ သို့တိုင် သည်တော်လှန်ရေးကြီး အမြန်ပြီးချင်လှပြီ။

တော်လှန်ရေးကြီး အောင်မြင်ရန်မှာ စားနပ်ရိပက္ခာ ဆေးဝါးနှင့် အဝတ်အထည်များအပြင် တိုက်ခိုက်ရေးလုပ်ငန်းသုံး စက်လက်နက်များမှာ မရှိမဖြစ် လိုအပ်ချက်များ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို လက်နက်ခဲယမ်း ထောက်ပံ့သည်မှန်သော်လည်း လိုအပ်ချက်ပြည့်မီခြင်းမရှိသေးဟု ဒေါ်ရတီအုန်းက ရင်ဖွင့်သည်။

“ကျမတို့ တကယ်လိုအပ်နေတာ လက်နက်ပဲ။ လူအင်အားရော စိတ်ခွန်အားရော ကျမတို့မှာ အားလုံးရှိတယ်”

မည်သည့်အခြေအနေဖြစ်ပါစေ သည်တော်လှန်ရေးခရီးကို အဆုံးထိဆက်လျှောက်မည်ဖြစ်ပြီး “အသေနဲ့ အနိုင် ဒီနှစ်လမ်းပဲ ရှိတယ်”ဟု ကထိကဒေါ်ရတီအုန်းက ရဲရင့်ပြတ်သားစွာ ပြောသည်။

ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်တော်လှန်ရေးရဲဘော်များ သက်ရှည်ကျန်းမာစွာဖြင့် တိုက်ပွဲဝင်နိုင်ရေးကို သူတို့ Medical Team က အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ တော်လှန်ရေးရဲဘော်များ ကျန်းကျန်းမာမာဖြင့် တိုက်ပွဲဝင်နိုင်ပါမှ အောင်ပွဲများလည်း ဆင်နိုင်မည်ဖြစ်သည်။

ယင်းတော်လှန်ရေးအောင်ပွဲသည်ပင် ပြည်သူ့အောင်ပွဲဖြစ်ပြီး ကလေးအစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက ဆရာမ ဒေါ်ရတီအုန်း၏ အန္တိမမျှော်မှန်းချက်လည်း ဖြစ်ပေသည်။

ထိုမျှော်မှန်းချက်သို့ အရောက်လှမ်းနိုင်မှသာ တရားမျှတပြီး လူ့အခွင့်အရေးအပြည့်အဝရှိသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တရပ် တည်ဆောက်နိုင်လိမ့်မည်ဟု သူက ယုံကြည်ထားသည်။

အလားတူ ဒေါ်ရတီအုန်း ငယ်စဉ်ကတည်းက စိတ်ကူးယဉ်အိပ်မက်ခဲ့အရာကို ဆက်လက်လုပ်ကိုင်နိုင်ခွင့်ရမည်။ ယင်းကိုပင် သူက ယခုလို ရင်ဖွင့်လိုက်ပါသည်။

“ကျမ ဆရာမဘဝနဲ့ပဲ နေချင်တယ်။ ဒီတော်လှန်ရေးကြီးပြီးရင် ကျမစာသင်ခန်းပဲ ကျမပြန်သွားမယ်”

နွေဦးမောင်

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

11 months Ago
Up