တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်ပြည်သူ ၂၆၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီတပ်တွေက ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးဝင်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ပြည်သူတွေ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။
ကူညီပေးနေသူတဦးက "စားနပ်ရိက္ခာကတော့ အကြီမားဆုံးအခက်အခဲပါ။ ဆန်သယ်ယူခွင့်တွေ တားမြစ်ထားတာတွေက ပိုမိုခက်ခဲစေတယ်။ ဒုတိယက ဆေးဝါးနဲ့ ကျန်းမာရေး ပြုစုကုသမှုပေးနိုင်တဲ့သူ ရှားပါးတာဖြစ်ပါတယ်။ မိုးရာသီဆို အမိုးအကာတွေပါ လိုအပ်ပြီး ဆောင်းရာသီဆို အနွေးထည်တွေလိုအပ်တာပါ။”လို့ ပြောပါတယ်။
စစ်ကောင်စီက စားနပ်ရိက္ခာအပြင် အနွေးထည်ပါ ပိတ်ပင်တဲ့အထိလုပ်ဆောင်နေတာကြောင့် ကူညီပေးသူတွေက စစ်ရှောင်ပြည်သူတွေကိုကူညီရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
ကူညီပေးနေသူတဦးက “မြေပြင်က သယ်ယူပို့ဆောင်ရေးအပိုင်းမှာ လုပ်ရကိုင်ရတာ အရမ်းခက်ခဲပါတယ်။ ကုန်ဈေးနှုန်း တက်လာတာနဲ့အမျှ ဝယ်ယူထောက်ပံ့နိုင်တဲ့နှုန်းထားနဲ့ ပြည်သူတွေရဲ့ပါဝင်နိုင်မှုတွေက ကျဆင်းလာပါတယ်။ တဘက်မှာလည်း တိုက်ပွဲတွေက ပိုမိုများလာတော့ စစ်ရှောင်တွေက များလာပြီး လိုအပ်ချက်ပိုကြီးမားလာပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလမှာ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူဦးရေဟာ ၇၀၀၀ ကျော်အထိရှိတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ခံရတဲ့ အိမ်ခြေ ၂၀ ကျော်က မိသားစုတွေဟာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ ပြည်သူ့မှ ပြည်သူသို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။
စစ်ဘေးရှောင်ကူညီပေးနေသူတဦးက “သရက်ချောင်းမြို့နယ် အပေါ်ပိုင်းမှာ အမြဲတမ်းစစ်ရှောင် အိမ်ခြေ ၂၀ကျော်ရှိပါတယ်။ အော်ပရေးရှင်းဖြစ်လာရင် အများစုဟာ အဲဘက်မှာ လာရှောင်ကြတယ်။ အဲဒီလူတွေအတွက်လည်း ကျနော်တို့က ကြိုပြင်ဆင်ထားရတာတွေရှိပါတယ်။ လိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ”လို့ ဆိုပါတယ်။
အခုလို အမြဲတမ်းစစ်ရှောင်တွေထဲမှာ ကလေးသူငယ် အယောက် ၂၀ ဝန်းကျင်ရှိပြီး မွေးကင်းစကလေး ၂ယောက်ရှိတယ်လို့လည်း သိရပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၇၀၀၀ ကျော်ရှိပြီး ၁၆၀၀ ကျော်မှာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူဖြစ်တယ်လို့ FEB5Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စက်တင်ဘာလ ၂၀၂၁ ခုနစ်ကနေ ဒီဇင်ဘာ ၂၀၂၂ ခုနစ်အထိ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူနေအိမ် ၃၃ လုံးမီးရှို့ခံထားရပြီး ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက တခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှု အရေအတွက်များတယ်လို့ Southern Monitorရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။