close

စားနပ်ရိက္ခာလှူဒါန်း

close

September 9, 2022

စစ်ရှောင်ပြည်သူ ၅၀၀ ကျော်ကို ဂန့်ဂေါ PDF စားနပ်ရိက္ခာလှူဒါန်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်‌မြောက်ပိုင်းကို စစ်‌‌ကောင်စီတပ်က အဆက်မပြတ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ဒေသ‌‌တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီလိုအပ်နေပါတယ်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ကို ဂန့်ဂေါ PDF တပ်ဖွဲ့က ဆေးဝါးစောင့်ရှောက်မှုပေးတာ၊ စားနပ်ရိက္ခာ ကူညီပေးတာနဲ့ နေအိမ်မီးရှို့ခံရတဲ့အတွက် တအိမ်လုံး ပစ္စည်းတွေအားလုံး ဆုံးရှုံးသွားတဲ့ စစ်ဘေးရှောင်မိသားစု ၁၁ စုကို နေအိမ်အသုံးအဆောင်ပစ္စည်းတွေ ပေးလှူခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“ဂန့်ဂေါမြို့မြောက်ဘက်က မောက်ရွာက စစ်ရှောင်တွေများပြီးတော့ လက်ပန်ရွာ၊ ရွှေတောင်ရွာနဲ့ တောင်ယာပြင်ရွာက စစ်ရှောင်တွေလည်း ပါပါတယ်ဗျ။ ကျနော်တို့တပ်ဖွဲ့က ဆန်၊ ဆီနဲ့ အခြေခံစား‌သောက်ကုန်‌တွေ လှူဒါန်းပေးခဲ့တာပါ။ စစ်ဘေးရှောင်များ လုံခြုံရေးအတွက်လည်း ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးယူပေးလျက် ရှိပါတယ်။”

လတ်တလောမှာ ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံကျေးရွာတွေမှာ တပ်စွဲနေထိုင်ကာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ပြုလုပ်နေပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး အကူအညီတွေ လိုအပ်နေတာပါ။

3 hours Ago

July 29, 2020

စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း ၆ ခုကို ဟိန္ဒူဘာသာရေးအဖွဲ့က စားနပ်ရိက္ခာလှူဒါန်း

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့တိုက်ပွဲကြောင့် စစ်တွေမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၆ ခုကို ဟိန္ဒူဘာသာရေးအဖွဲ့က ဇူလိုင် ၂၆ ရက်က  စားနပ်ရိက္ခာသွားရောက်လှူဒါန်းခဲ့ပါတယ်။ စစ်တွေမြို့ပေါ်တွင်းရှိတဲ့ ဓမ္မာရာမကျောင်းတိုက်ရှိစစ်ဘေးရှောင်စခန်း၊ မေယုဓမ္မစက္ခု ပရဟိတ ကျောင်းတိုက်ရှိစစ်ဘေးရှောင်စခန်း၊ ရွှေပြည်သာကျောင်းတိုက်ရှိ စစ်ဘေးရှောင်စခန်း၊ ကေသာရကျောင်းတိုက်ရှိ စစ်ဘေးရှောင်စခန်း၊ ဥဿလင်းဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင် စခန်းနဲ့ အောင်သီရီကျောင်းတို့ကို သွားရောက်လှူဒါန်းခဲ့တာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ စစ်ပွဲကြောင့်ဒုက္ခရောက်နေကြတဲ့ ရခိုင်ပြည်သူတွေကို စစ်တွေမြို့ပေါ်မှာရှိတဲ့ ဟိန္ဒူလူမျိုးတွေက လူသားချင်းစာနာပြီး တတ်နိုင်သလောက် အလှူငွေကောက်ခံကာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးတာလို့ ဟိန္ဒူဘာသာရေးအဖွဲ့ ကပြောပါတယ်။ ဟိန္ဒူဘာသာရေးအဖွဲ့က ဥက္ကဋ္ဌ ဦးမောင်လှက “ကျနော်တို့ ဟိန္ဒူတွေအနေနဲ့ တတ်နိုင် သလောက်လှူဒါန်းတာ ဆန် ၅ အိတ်နဲ့ ဆီဆယ်ပိဿာ ဘူးတစ်ဘူးပါ။ စစ်ရှောင်စခန်း ၆ ခုကို ဟိန္ဒူလူမျိုးတွေက ဝိုင်းဝန်းပြီးတော့စေတနာထားပြီး လှူဒါန်းတာပါ။ မေတ္တာဂရုဏာ ထားပြီးတော့ လှူဒါန်းတာပါ”လို့ပြောပါတယ်။ စစ်တွေမြို့ပေါ်ထွက်ပြေးလာကြတဲ့အထဲမှာ အဆိုပါ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း စစ်ဘေးရှောင်းဒုက္ခသည် လူဦးရေ ၂၀၀၀ နီးပါးလောက်နေထိုင်နေကြတာဖြစ်ပြီး တချို့ ကျောင်းတွေမှာဆိုရင် ကျန်းမာရေးဆေးပေးခန်းတွေမရှိတာတွေ အပါအဝင် စားနပ်ရိက္ခာတွေ မလုံလောက်တွေနဲ့ကြုံတွေ့နေတယ်လို့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောတယ်။ ဟိန္ဒူဘာသာရေးအဖွဲ့က စားနပ်ရိက္ခာသွားရောက်လှူဒါန်းခဲ့တဲ့ စစ်ဘေးရှောင်ဒုက္ခသည် စခန်း ၆ ကို တစ်ကျောင်းကို ဆန် ၅ အိတ်နဲ့ ဆီ ၁၀ ပိဿာတို့လှူဒါန်းခဲ့တာဖြစ်ပြီး နောက်နောင်လည်းပဲအခုလိုလှူဒါန်းသွားမည်လို့ ဥက္ကဋ္ဌ ဦးမောင်လှကပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ ၂၃ ရက်နေ့ တပ်မတော်က ရသေ့တောင်မြို့နယ်အတွင်း နယ်မြေ ရှင်းလင်းရေးလုပ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပြီးနောက် ရသေ့တောင်မြို့နယ်က ကျေးရွာဒေသခံတွေကတော့ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နဲ့ ရသေ့တောင်မြို့ပေါ်ကို သောင်းနဲ့ချီ ထွက်ပြေးလာခဲ့ကြပါတယ်။ တပ်မတော်က နယ်မြေရှင်းလင်းဖို့ ကြေညာချက်ထုတ်ပြီး နောက်ရက်အနည်းငယ်မှာပဲ ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်း တစ်ဝိုက်အနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။
2 years Ago
Up