ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆန်နဲ့ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
“စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိတယ်၊ ၁,၀၀၀ ကျော်တယ် စစ်ဘေးရှောင်စခန်းတွေမှာ၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားသောက်ကုန် အမိုးအကာ လိုအပ်ချက်များစွာရှိနေတယ်”လို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းမှာ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု ကန့်သတ်ထားပြီး ပစ္စည်းအများအပြား သယ်ယူပို့ဆောင်မှု ပိတ်ပင်ထားတာကြောင့်ရော အလှူရှင်ထောက်ပံ့မှု နည်းတာတွေကြောင့်ရော လိုအပ်ချက်တွေ များနေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး “တချို့စခန်းတွေ ရိက္ခာပြတ်လပ်နေတယ်။ အကူအညီလာတောင်းတာတွေလည်း ရှိတယ်။ NGO တွေနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ကရင်နီကို ဝိုင်းကူစေချင်တယ်” KHAI အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကရင်နီတိုက်ပွဲတွေအတွင်း စစ်ရှောင်စခန်းတွေကို စစ်ကြောင်းထိုးလို့ စစ်ဘေးရှောင် ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ရှမ်းတောင်တော်လှန်ရေးအင်အားစုက မေ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကရင်နီ(ကယား)ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်ချက် ရှိနေတာကြောင့် ဆန် ၁ အိတ်ကို ငွေကျပ် ၆၅၀၀၀ နှုန်းနဲ့ ပါဝင်လှူဒါန်းနိုင်ကြဖို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ဖိတ်ခေါ်ထားပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူအယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ကျေးရွာ ပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်) က ကျေးရွာ ၈၉ ခုကနေ အိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြပါတယ်။
“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
လတ်တလောမှာတော့ ဆန်ပြတ်လပ်နေတဲ့ စစ်ရှောင်ပြည်သူတွေ၊ သောက်ရေသုံးရေ လိုအပ်နေတဲ့ စစ်ရှောင်ပြည်သူတွေများစွာရှိနေတာကြောင့် တတ်နိုင်သလောက် နီးစပ်ရာ ဝိုင်းကူပေးကြဖို့လည်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က မေတ္တာရပ်ခံထားပါတယ်။
ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ ဖြစ်ကာ အဲဒီအထဲကမှ လူဦးရေ ၁ သန်းခွဲ နီးပါးဟာ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။