စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်တပ်မီးရှို့ခံရတဲ့ စစ်ဘေးသင့် အိမ်ထောင်စုပေါင်း ၁၅၇ စုအတွက် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဧပြီ ၃ ရက်မှာ ပြည်တွင်း ပြည်ပ စုပေါင်းကူညီမှုနဲ့ ဆန်၊ ဆီ ဆားတွေ လှူဒါန်းခဲ့ပါတယ်။
S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး တာဝန်ခံ ကိုစိုးမိုးအောင်က “မီးဘေး စစ်ဘေးသင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးဝါးပစ္စည်းတွေနဲ့ ကလေးတွေ အတွက်လည်း ပညာရေးအထောက်အကူပစ္စည်းတွေ လိုအပ်နေတုန်းပဲ။ ပြီးတော့ အဓိက လိုအပ်တဲ့ ရေတွင်းရေကန်တွေအတွက်လည်း ကျနော် တတ်နိုင်သလောက် စတင် လုပ်ဆောင်နေပါပြီ။ ဒီလထဲမှာပဲ ရေတွင်းတွေရယ်၊ ကျောင်းဆောင်တွေတချို့ ဖွင့်ဖို့ရှိတယ်။ ဒါပေမဲ့ ကျောင်းကတော့ မဖွင့်နိုင်သေးဘူး။ ဒီလထဲမှာလည်း အိမ်ထောင်စု ၅,၀၀၀ အတွက် ဆန် ဆီ ဆား ဝေမျှနိုင်အောင် လုပ်ဖို့ ပြင်ဆင်ထားတယ်” လို့ ပြောပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့အချိန်ထိ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ မြို့နယ် ၅ မြို့နယ်နဲ့ ကျေးရွာ ၂၁ ရွာက အိမ်ထောင်စုပေါင်း ၅၀၇ စုအတွက် စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ တလတာအတွင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်အနှံ့ မီးရှို့ဖျက်ဆီးခံရမှုတွေမှာ စစ်ကိုင်းတိုင်းက အကြိမ်ရေ ၅၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်ပေါင်း ၃,၁၀၇ လုံးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း မြိတ်-မောတောင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် ကျေးရွာတချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တနင်္သာရီမြို့နယ်ထဲရှိ ရေဖြူ၊ ထုံခါ၊ သဲဖြူနဲ့ သိန်ခွန်းရွာတို့က ဒေသခံပြည်သူ ၅,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးသူတွေထံက သိရပါတယ်။
“အစက ကြိမ်ချောင်းရွာထဲမှာ နေကြပေမဲ့ လက်ရှိမှာတော့ ရွာခံတွေရော၊ IDP တွေက စစ်ရှောင်တွေပါ နေရာရွှေ့ကုန်ကြပြီ။ အရန်ရိက္ခာထဲက ထုတ်ပေးလိုက်တာ ပြန်ဖြည့်ဖို့ လိုနေတာ။ လက်ရှိအနေအထားအရ IDP တွေ အိမ်ပြန်ဖို့မရှိသေးတော့ ရိက္ခာထပ်ပေးရမယ့် အနေအထားမို့ ရိက္ခာပဲ အရေးတကြီး လိုအပ်နေတယ်” လို့ ကူညီပေးသူတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “စစ်ရေးအရှိန် ပိုမြင့်လာဖို့ ခန့်မှန်းထားကြတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ အရေးပေါ်လိုအပ်တာက စားနပ်ရိက္ခာပါ” လို့ ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း မြိတ်-မောတောင်လမ်းပိုင်းတလျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကနေ ဧပြီ ၃ ရက်နေ့အထိ စစ်ေကာင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ၃၊ ၄ ရက်ကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်တပ်က လေယာဉ်နဲ့ တိုက်ခိုက်တာကြောင့် ဒေသခံရွာသား ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
တိုက်ပွဲတွေဟာ လုံဂျာတောင်၊ ဝဝမ်တောင် တောစပ်တို့မှာ ဖြစ်ပွားတာဖြစ်ပြီး လယ်ကွင်းတွေနဲ့နီးသလို ရွာနဲ့လည်းနီးတာကြောင့် ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နောင်ပေါင်းရွာထဲကို လက်နက်ကြီးကျည် ၄ လုံးကျလာခဲ့ပြီး လူနဲ့နေအိမ် ထိခိုက်ပျက်စီးတာမရှိပေမဲ့ ထိတ်လန့်ကြောက်ရွံ့လို့ လုံဂျာ၊ ဝဝမ်၊ နောင်ပေါင်းရွာက ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီနေတဲ့ မိုးမောက်ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“လက်နက်ကြီးက ရွာလမ်းပေါ်မှာ ကျလာတာမို့ ထိခိုက်မှုမရှိဘူး၊ ဒါပေမဲ့ ဘယ်သူမှ မနေရဲတော့ဘူး။ မိုးမောက်မြို့ပေါ်ကိုရာနဲ့ချီ ထွက်ပြေးလာတယ်။ တခြားဘက် ထွက်ပြေးသွားတာတွေလည်း ရှိတယ်။ ဝဝမ်ကတော့ ကချင်ရွာဆိုတော့ သူတို့က အရင်ရှိပြီးသား ကချင်စစ်ဘေးရှောင်စခန်းတွေဘက် သွားနေကြပါတယ်။ လုံဂျာနဲ့ နောင်ပေါင်းက ရှမ်းရွာသားတွေက ဒုက္ခသည်စခန်းမရှိလို့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ သွားနေကြပါတယ် ခင်ဗျ။”
လောလောဆယ် မိုးမောက်မြို့ လောကမာရဇိန်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင် ၈၀၀ ကျော် ရောက်ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။
ရပ်နီး ရပ်ဝေး စေတနာရှင်တွေအနေနဲ့ မိုးမောက်စစ်ဘေးရှောင်တွေကို ဖုန်းနံပါတ် ၀၉ ၄၀၂ ၆၆၈၈ ၇၆ ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
လုံဂျာ၊ နောင်ပေါင်း၊ ဝဝမ်ရွာသားတွေဟာ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး လက်ရှိမှာ စပါးတွေ ဝင်းမှည့်နေလို့ ရိတ်သိမ်းချိန်ရောက်ပေမဲ့ စစ်ဘေးရှောင်နေရတာကြောင့် ပုံမှန်အလုပ်မလုပ်နိုင်ကြောင်း၊ ရေရှည်စစ်ဘေးရှောင်နေရရင် ဝမ်းစာစပါး အခက်အခဲရှိနိုင်တာမို့ တိုက်ပွဲအမြန်ရပ်ပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။