close

စားဝတ်နေရေး အခက်ကြုံ

close

December 29, 2022

စစ်ကောင်စီက နေရပ်ပြန်ပို့သည့် ပလက်ဝစစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တကျော့ပြန် တိုက်ပွဲပြင်းထန်လာပြီးနောက် ပလက်ဝမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေကြတဲ့ အဘောင်သားကျေးရွာသားတွေကို စစ်ကောင်စီက နေရပ်ပြန်ပို့လိုက်တာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အဘောင်သားကျေးရွာသားတွေကို စစ်ကောင်စီက ဒီဇင်ဘာ ၂၆ ရက်မှာ ပြန်ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး အထောက်အပံ့လည်း အလုံအလောက်မရရှိတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ အဘောင်သားကျေးရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ရွာသားတွေကို စစ်တပ်က တပ်မမှူးကိုယ်တိုင်က လိုက်ပို့ပေးတာ။ ကျနော်တို့ကို ချက်ချင်းပြန်ခိုင်းတာ ဖြစ်တယ်။ လူတယောက်ကို ငွေ ၃၀,၀၀၀ ပဲ သူတို့ဆီက ထောက်ပံ့ကြေးပေးတယ်။ အဲဒီ ၃၀,၀၀၀ က ဘယ်လိုမှအဆင်မပြေဘူး။ တောင်ယာလုပ်စားဖို့ကလည်း အချိန်မမီတော့ဘူး။ လောလောဆယ်တော့ စားဝတ်နေရေး တော်တော်လေးကို ခက်ခဲနေတယ်။”

ကျေးရွာအနီးက တောတောင်တွေမှာ မိုင်းရှင်းလင်းပေးထားတာလည်း မရှိသေးတာကြောင့် တောင်ယာတွေမှာလည်း လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေတယ်လို့ သူက ဆက်ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေကို အောက်တိုဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီခန့် ချင်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦသန့်ဇင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

နေရပ်ပြန်ပို့ခံလိုက်ရတဲ့ အဘောင်သားကျေးရွာမှ အိမ်ထောင်စု ၁၀၁ စုက လူဦးရေ ၄၄၈ ယောက်ဟာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇူလိုင်လကတည်းက ပလက်ဝမြို့ပေါ် တိမ်းရှောင်နေကြရတာပါ။

မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၁၄၀,၀၀၀ နီးပါး ရှိနေတယ်လို့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

6 mins Ago

January 1, 2022

မြဝတီမြို့တွင်ခိုလှုံနေသည့် စစ်ဘေး‌ရှောင်များ အစားအစာအတွက် အကူအညီလိုအပ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်ဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်  စစ်ဘေးရှောင်ပြည်သူတွေ နေရပ်အိမ်ကိုမပြန်ရဲသေးကြဘဲ လွတ်မြောက်ရာ မြဝတီမြို့တွင်း ရှောင်တိမ်းကြရာမှာ  စားရေးအခက်ခဲနဲ့ ကြုံတွေ့နေကြရပါတယ်။

စစ်ဘေးရှောင်တွေအတွက် အစားအစာ အဆင်ပြေနိုင်စေဖို့ မြဝတီမြို့ အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို)က ဒီကနေ့  ဇန်နဝါရီလ ၁ ရက်နေ့မှာ ချက်ပြုတ် ကူညီပံ့ပိုးပေးနေတယ်လို့သိရပါတယ်။

လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီတပ်က ကျူးကျော်လာရာက KNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်တပ်က လက်နက်ကြီးတွေနဲ့ အလွန်အကျွန်သုံးပစ်ခတ်မှုကြောင့် ရွာပေါင်း ၉ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာ သောင်ရင်းကမ်းစပ်၊ မြဝတီမြို့ထဲနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

မြဝတီမြို့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်မိသားစုတွေ များတဲ့အတွက်  သံဃာတော်တွေက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ကို အကူညီတောင်ခံလာတာကြောင့် မြဝတီမြို့ စေတနာရှင် အလှူရှင်တွေနဲ့ပူးပေါင်းပြီး စားရေးအတွက်ဖြေရှင်းရတာဖြစ်တယ်။

လတ်တလော မြဝတီမှာ စစ်ဘေးရှောင် မိသားစု ၅၅၀ ရှိနေပြီး  စားရေးအတွက် တနပ်ကို ကျပ် ၂ သိန်းကုန်ကျပြီး စစ်ဘေးရှောင်တွေအတွက်  ဘယ်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း မြဝတီမြို့ အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က ဖိတ်ခေါ်ထားပါတယ်။

လေးကော့ကော်ဒေသမှာ  ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူအတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

12 months Ago
Up