စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးသင့်၊ မီးဘေးသင့် ကလေးတွေအတွက် S&C က ဖွင့်လှစ်ပေး ထားတဲ့ စာသင်ကျောင်းတွေမှာ ပညာသင်ကြားပေးနေတဲ့ CDM ဆရာမတွေဟာ စားဝတ်နေရေး အခက်အခဲရှိနေပေမယ့် တောင်သူအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေပြီး တဖက်မှာလည်း စစ်ဘေးသင့်ကလေးတွေကို စာသင်ကြားပေးနေတယ်လို့ CDM ဆရာမတွေက ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းကတည်းက CDM လုပ်လာတာ ၂ နှစ်ပြည့်တော့မယ်။ လစာမရတာလည်း ၂ နှစ်ရှိပြီပေါ့။ အခက်အခဲတွေကတော့ CDM ဆရာ၊ ဆရာမ တိုင်းနီးပါး ရှိကြပါတယ်။ စားဝတ်နေရေး အခက်အခဲပေါ့။ အစတုန်းကတော့ လစာ နဲ့ မှီခိုပြီး ရပ်တည်လို့ ရတယ်။ ဒီပညာရေး လုပ်ငန်းကိုပဲ လုပ်ပြီး လစာကို မှီခိုပြီးရပ်တည်နေကြတယ်။ ရုတ်တရက် အာဏာကောက်သိမ်းလိုက်တော့ CDM လုပ်လိုက်တယ်။ လစာလည်း မရတော့ဘူးဆိုတော့ တခြားလုပ်ငန်းကို ချက်ချင်းလုပ်ဖို့လည်း အဆင်မပြေဘူးပေါ့နော်။ ကျမတို့က တောင်သူလယ်သမား သားသမီးဆိုတော့ ကိုယ့်မှာရှိတဲ့ လယ်ယာတွေကိုပဲ စိုက်ပျိုးပြီး ရလာတဲ့ သီးနှံတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုရတာပေါ့။ တချို့ လယ်ယာမရှိတဲ့ CDM ဝန်ထမ်းတွေ ကျတော့ ဈေးရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုရတယ်၊ အမျိုးမျိုးပေါ့နော်။ တချို့ဆိုရင် ရပ်ဝေးကိုသွားပြီး ရရာအလုပ်ကိုလုပ်ပြီး အသက်မွေးဝမ်းကြောင်းရတာမျိုးလည်း ရှိကြမှာပါ။ ကြားလည်း ကြားနေရပါတယ်။ စားဝတ်နေရေးတော့ တော်တော်လေးအခက်အခဲ ရှိနေကြပါတယ်” လို့ CDM ဆရာမတဦးက ပြောပါတယ်။
ဒေသတွင်းအဖွဲ့အစည်းတခုဖြစ်တဲ့ S&C စစ်ဘေး၊ မီးဘေး၊ ပညာရေး စောင့်ရှောက်ရေ်အဖွဲ့က ဇန်နဝါရီလ ပထမပတ်မှာ စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်း ၆ ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး ဆရာ၊ ဆရာမ တဦးကို တလ ၅ သောင်းကျပ်နှုန်း လစဉ်ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
CDM ဆရာမက “စစ်တပ်က အာဏာသိမ်းတာကို သဘောမတူခဲ့သလို မနှစ်မျို့ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက CDM ပြုလုပ်ခဲ့ပြီး စစ်ကျွန်ပညာရေးမှာ ပါဝင်ပတ်သက်မှုမရှိတော့ဘဲ အာဏာသိမ်းပြီးချိန်ကတည်းက စာသင်ကျောင်းတွေ မဖွင့်တော့လို့ ပညာရေးနဲ့ အလှမ်းဝေးသွားတဲ့ ကလေးတွေအတွက် တဖြည်းဖြည်းနဲ့ ကိုယ့်ရပ်ရွာတွေမှာ စစ်ဘေးရှောင် မီးဘေးရှောင် ကလေးတွေကို ပညာရေးထောက်ပံ့မှုပေးဖို့ ပြန်ပြီး စီစဉ်ကြတဲ့အခါ ရပ်ရွာ ဘော်လန်တီယာတွေနဲ့ CDM ပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမ တွေက တတပ်တအား ပါဝင်ပြီး ပညာသင်ကြားပေးခဲ့ကြရတာ အကုန်လုံး ကျေနပ်ဂုဏ်ယူပြီး တခြား CDM ဆရာ၊ ဆရာမတွေအတွက်လည်း ဂုဏ်ယူရတယ်” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် သက်ဆိုင်ရာ အဖွဲ့အသီးသီးကို နိုင်ငံတကာ အဆင့်မီပညာရေး စနစ်ပေါ်ပေါက်ဖြစ်ထွန်းဖို့ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီပေးကြဖို့ ကျောင်းသားမိဘတဦးက တောင်းဆိုလိုက်ပါတယ်။
ကျောင်းသားကျောင်းသူတွေအနေနဲ့လည်း ကိုဗစ်-၁၉ ကူးစက်ရောကြောင့် ကျောင်းတွေပိတ်ထားရတာနဲ့ အာဏာသိမ်းမှုကြောင့် ကျောင်းမတက်ရတာ ၂ နှစ်ကျော် ကြာလာခဲ့တာကြောင့် ပညာရေးခရီးဟာ အဆုံးသတ်ရတော့မလို ဖြစ်ခဲ့ရပေမယ့် အခုလို ကျောင်းတွေ ပြန်လည်ဖွင့်လှစ်လာနိုင်ပြီး ကျောင်းပြန်တက်ရတဲ့အခါ အတိုင်းမသိ ဝမ်းသာကျေနပ်ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကိုင်းအတွင်းမှာရှိတဲ့ စစ်ဘေးကြောင့် တိမ်းရှောင်ထွက်ပြေးနေရပြီး ပညာရေး နဲ့ဝေးကွာနေတဲ့ ကလေးငယ်တွေကို ဒေသတွင်း လူမှုကူညီရေးတွေ လုပ်ဆောင်ပေးနေတဲ့ S&C စစ်ဘေး၊ မီးဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဇန်နဝါရီ ပထမပတ်အတွင်း စာသင်ကျောင်း ၆ ကျောင်း ဖွင့်လှစ်ပေးခဲ့တာပါ။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမား ၁,၈၀၀ ကျော်ဟာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
အထည်အော်ဒါမှာယူတာမရှိတဲ့အတွက် နိုဝင်ဘာလအတွင်း Chai Moon Sport အထည်ချုပ်စက်ရုံနဲ့ Myanmar ALL Rich အထည်ချုပ်စက်ရုံတို့ ပိတ်သိမ်းခဲ့တဲ့အတွက် အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်ကိုင်သူ အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။
Chai Moon Sport အထည်ချုပ်စက်ရုံလုပ်သားတဦးက “စက်ရုံက နိုဝင်ဘာ ပထမအပတ်မှာ ပိတ်လိုက်တယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ လောက်ရှိတယ်။ အထည်အော်ဒါမရလို့ဆိုပြီး ၂ လ ယာယီပိတ်မယ်၊ အော်ဒါပြန်ရရင် ပြန်ဖွင့်မယ်ဆိုလို့ အဆောင်မှာ စောင့်နေရတယ်။ ပြန်ဖွင့်ဖို့ မလွယ်လှဘူးထင်တယ်။ တချို့လည်း ရရာအလုပ်လုပ်ပြီး စက်ရုံဖွင့်မယ့်ရက်ကို စောင့်နေတယ်။ တချို့ဆို အဆောင်ခပေးဖို့ မရှိတော့ဘူး၊ စားဖို့မရှိတော့လို့ ရွာပြန်သွားသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
အလားတူ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၈၀၀ လောက်ရှိကာ သစ်ညိုကုန်းကွင်း တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ Myanmar ALL Rich အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၁,၀၀၀ ကျော်နဲ့ လည်ပတ်ခဲ့ပြီး နိုဝင်ဘာလအတွင်းမှာပဲ အဲဒီစက်ရုံနှစ်ရုံဟာ အထည်အော်ဒါမရလို့ ပိတ်သိမ်းခဲ့တာပါ။
အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေ အများစုဟာ ပုသိမ်မြို့ပေါ်နဲ့ အနီးနား ကျေးရွာတွေကသူတွေ ပါဝင်ပြီး အဲဒီအထည်ချုပ်စက်ရုံတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။