close

စားသုံးဆီဈေးနှုန်း

close

March 2, 2022

ရေးမြို့နယ်တွင် စားသုံးဆီဈေးနှုန်း စံချိန်တင် မြင့်တက်လာသဖြင့် ပြည်သူများ အခက်ကြုံ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  အခြေခံစားသောက်ကုန် စားသုံးဆီဈေးတွေ စံချိန်တင် အဆမတန် ထပ်မံမြင့်တက်တာလို့   စားသုံးသူပြည်သူတွေ  ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင် ကြုံတွေ့နေရသလို တနိုင်တပိုင် အိမ်တွင်းမှုလုပ်ငန်းတွေကအစ တွက်ခြေမကိုက်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်

စစ်တပ်အာဏာသိမ်းယူပြီးတဲ့  ၁ နှစ်ကျော်ကာလအတွင်းမှာ အရင်က  ပြည်တွင်းထုတ် ဆီ ၁ ထုပ်မှာ ကျပ် ၁၀၀၀ ဝန်းကျင်လောက်ပဲရှိရာက ဒီနေ့   ရေးဒေသပေါက်ဈေးမှာ ဆီတထုတ် ကျပ် ၃၆၀၀ အထိ မြင့်တက် သွားပါတယ်။ 

“တခြားဆီအမျိုးစားတွေလည်း ဈေးတွေ ထက်ဝက်ကျော်တက်တယ်။ ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေလည်း  ထက်ဝက်ကျော်နီးပါးလောက် မြင့်တက်သွားတော့ ဝယ်ယူဖို့က တခြား စားကုန်လည်း ဈေး ၂ ဆ လောက် တက်ပြန်တော့ ငွေက မလုံလောက်ဘူး”လို့  အိမ်ရှင်မ တဦးက ပြောပါတယ်။

ဆီပွဲရုံတွေက ကုန်ကြမ်းဈေးတွေ၊ သယ်ယူစရိတ်၊ စက်သုံးဆီတွေ၊ အလုပ်သမားစရိတ်တွေက ပါတက်လာတော့ မဖြစ်မနေ ဈေးတွေတက်တော့ စျေးကွက်မှာ ဈေးပြောင်းလဲ ရောင်းရခြင်းဖြစ်တယ်”လို့ စားဆီ ထုတ်လုပ်သူတဦးက ပြောပါတယ်။

အခုလိုကုန်စျေးနှုန်းကြီးမြင့်လာတဲ့အပေါ်မှာ  စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိသလို သာမန်လူလတ်တန်းစားတွေကပါ အလုပ်တွေ အဆင်မပြေကြတော့ကာ အခု ကုန်ဈေးနှုန်းနဲ့ ဆို ဘယ်လိုမှ ရပ်တည်လို့ ရမှာ မဟုတ် ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

စားသုံးဆီတွေ ထပ်မံ ဈေးတက်လာတဲ့ အခါ အိမ်တွင်းလုပ်ငန်းတွေကအစ တခြားအလုပ်တွေမှာ တွက်ခြေမကိုက်လို့ ရပ်ဆိုင်းထားရဖွယ်ရှိနေပါတယ်။

“ဈေးတင်ရမယ်ဆို စားသုံးသူတွေ ဈေးကြီး ပေးဝယ်စားရရင် ရောင်းအားက ကျဆင်းလာ မယ်၊ အလုပ်သမား သယ်ယူစရိတ်တွေက အစ အရှုံးပေါ်နေပြီ” လို့  အိမ်တွင်းမှု လုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ််။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း  အခြေခံစားကုန်တွေ၊ စက်သုံးလောင်စာဆီဈေးတွေ အဆမတန်မြင့်တက်လာတဲ့အတွက်  သာမန်လက်လုပ်လက်စားတွေပြည်သူတွေမှာ စားဝတ်နေ‌ရေး ပိုမို ကျပ်တည်းလာနေပါတယ်။  

56 seconds Ago
Up