လာမယ့် သြဂုတ် ၁ ရက်ကစပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီတို့ကို ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှ ပြည်ပတင်ပို့ခွင့်ပြုမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပို့ကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်တွေထဲမှာ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ ပဲပုတ်စေ့၊ နေကြာစေ့၊ မုန်ညင်းစေ့နဲ့ ဆီထွက်သီးနှံ အစေ့အဆံတွေ၊ ပဲပုတ်ဆီ၊ သံလွင်ဆီ၊ ဆီအုန်း ၊မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ မုန်ညင်းဆီနဲ့ ဟင်းသီးဟင်းရွက်အဆီ စတဲ့ ဆီအမျိုးမျိုး ပါ၀င်ပြီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် စတဲ့ ကုန်စည်တွေလည်း ပါ၀င်ပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ အဆိုအရ အဲဒီကုန်စည်တွေ ပြည်ပကို တင်ပို့ရာမှာ စနစ်တကျ တင်ပို့နိုင်ဖို့၊ နိုင်ငံတကာ စားသုံးဆီရောင်းလိုအား နည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းပေါ် သက်ရောက်မှု လျော့ကျစေဖို့နဲ့ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးတို့အတွက် ဆီထွက်သီးနှံနဲ့ စားဆီတင်ပို့မှုတွေကို ထိန်းညှိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် ပို့ကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်ထဲက ဘယ်ကုန်စည်ကိုမဆို ပြည်ပကို ပင်လယ်ရေကြောင်း၊ လေကြောင်းဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကဖြစ်စေ တင်ပို့မယ်ဆိုရင် ဩဂုတ် ၁ ရက်ကစပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။
အခုလို ပို့ကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်းတွေ ထပ်ထိုးသတ်မှတ်လိုက်တာကြောင့် ပြည်ပတင်ပို့ရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
“အဓိကက စားအုန်းဆီ တင်သွင်းတာကို လျှော့ချချင်လို့ ဆီထွက်ကုန်ကြမ်းတင်ပို့တာကို လိုင်စင်နဲ့ ကန့်သတ်တဲ့သဘောပဲ။ export ဘယ်လောက် သွားနေတယ်ဆိုတာကိုလည်း ဒေတာအတိအကျ လိုချင်ပုံရတယ်။ အခုလို လိုင်စင်နဲ့ ကန့်သတ်တော့ အချိန်တွေ ပိုကြန့်ကြာလာမယ်။ လွယ်ကူမြန်ဆန်မှု မရှိတော့ဘူးပေါ့” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက သူ့လက်ထက်မှာ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချဖို့ မူဝါဒချ ဆောင်ရွက်နေတာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြည်တွင်းစားဆီ ဖူလုံပိုလျှံရုံမက စားသုံးဆီ အဓိကတင်ပို့တဲ့နိုင်ငံအဖြစ်ပါ ရပ်တည်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ကြွေးကြော်ထားပါတယ်။
ဆီထွက်သီးနှံကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးအနေနဲ့ ဖိတ်ခေါ်ထားသလို၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးကော်မတီတရပ်ကို ဖွဲ့စည်းထားပါတယ်။
ဆီထွက်ကုန်ကြမ်းဖြစ်တဲ့ မြေပဲနဲ့ နှမ်း ပြည်ပတင်ပို့မှုကိုလည်း ပြီးခဲ့တဲ့ မေ ၉ ရက်ကစပြီး ခေတ္တဆိုင်းငံ့ထားတာပါ။
ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းဇယားအရ ပို့ကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့ ကုန်စည်တွေကတော့ အားလူး၊ ခရမ်းချဥ်သီး အပါအ၀င် ဟင်းသီးဟင်းရွက်တွေ၊ အုန်းသီးဆံ၊ နှမ်းကြတ်စေ့၊ ဖရုံစေ့နဲ့ ဆီကြိတ်ဖတ်တွေ၊ တိရစ္ဆာန်ထွက်ဆီနဲ့ ဖယောင်း စတဲ့ ကုန်စည်တွေပဲ ဖြစ်ပါတယ်။
စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ သိုလှောင်တာနဲ့ မသမာမှုတွေ လုပ်ဆောင်မယ်ဆိုရင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းတဲ့ အပေါ် စိုးရိမ်စရာမလိုကြောင်းနဲ့ လက်ရှိမှာ စားအုန်းဆီလက်ကျန်တန်ချိန် ၃၁,၀၀၀ ကျော်၊ ပိဿာချိန် ၁၉ သန်းကျော် ကျန်ရှိပြီး ပြည်တွင်းစားသုံးဖို့ လုံလောက်မှုရှိကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားတာပါ။
ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားက သူ့နိုင်ငံတွင်း ဖူလုံဖို့နဲ့ စျေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ပြည်ပနိုင်ငံတွေဆီ စားအုန်းဆီ တင်ပို့မှုကို ရပ်ဆိုင်းသွားဖို့ စီစဥ်နေကြောင်း ကြေညာထားပါတယ်။
အဲဒီကြေညာချက် ထွက်လာပြီးနောက် ပြည်တွင်းစျေးကွက်မှာ စားအုန်းဆီ အပါအဝင် တခြား စားဆီ စျေးနှုန်းတွေလည်း ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။
စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီ ၂၅ ရက်မှ မေလ ၁ ရက်အထိ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း သတ်မှတ်ချက်ကို ၁ ပိဿာ ၅၆၂၀ ကျပ်တိုးမြှင့် သတ်မှတ်ခဲ့ပေမဲ့ ပြင်ပစျေးကွက်မှာတော့ ၁ ပိဿာကို ၆၅၀၀ ကနေ ၇၀၀၀ အထိ ရောင်းချနေကြပြီး၊ ဈေးနှုန်းတည်ငြိမ်မှုမရှိဘူးလို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လပိုင်းကတော့ နိုင်ငံတကာဈေးမြင့်တက်နေချိန် ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီ ပြတ်လပ်ခဲ့လို့ ၁ ပိဿာကို ကျပ် ၈၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ပြည်ပက စားအုန်းဆီသင်္ဘောတွေ ပုံမှန်ဝင်ရောက်နေပြီး ပြည်တွင်း စားအုန်းဆီဈေးကွက် တည်ငြိမ်စေရေးနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ ပြည်သူတွေ ဝယ်ယူရရှိစေဖို့အတွက် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။