မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ကားအစီး ၇၀ နဲ့ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်တွေကို စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေတဲ့အတွက် ပြည်သူတွေ တန်းစီပြီး ၀ယ်ယူနေကြရပါတယ်။
မြန်မာပြည်တွင်းမှာ စားအုန်းဆီ မလုံလောက် ကျပ်ငွေတန်းဖိုးထိုးကျနေလို့ ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့သလို လက်လီရောင်းချမယ့်သူတွေလည်း ခွဲတမ်းမရရှိလို့ ရောင်းချနိုင်ခြင်းမရှိတော့ဘူးလို့ စားသုံးဆီ လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဒီအခြေအနေမှာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက ဆီအရောင်းကားတွေနဲ့ လက်လီရောင်းချပေးရာမှာ သြဂုတ် ၂၂ ရက် မနက်ကစပြီး တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ဈေးနဲ့ ရောင်းချပေးနေတာပါ။
လက်ရှိ ပြင်ပ စားသုံးဆီဈေးကွက်မှာတော့ ဆီရောတပိဿာကို ကျပ် ၁၂,၀၀၀ ၊ စားအုန်းဆီ တပိဿာကို ကျပ် ၁၁,၀၀၀ နဲ့ရောင်းချနေတာဖြစ်ပါတယ်။
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးတဲ့ လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ညွှန်ကြားတဲ့ စားအုန်းဆီစျေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ ဆိုင်အနည်းငယ်သာရှိပြီး စစ်ကောင်စီအနေနဲ့ စားသုံးဆီဈေးနှုန်းအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။
Photo - MPA
နေပြည်တော် ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းနဲ့ စားသုံးသူရေးရာ ဦးစီးဌာနတို့က နေပြည်တော်ထဲက မြို့နယ်တချို့မှာ စားအုန်းဆီတွေကို လျှော့ဈေးနဲ့ လိုက်လံရောင်းချနေပါတယ်။
ဩဂုတ် ၁ ရက်ကနေ ၆ ရက်နေ့အထိ နေပြည်တော်အတွင်းက လယ်ဝေး၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ ဇေယျာသီရိနဲ့ တပ်ကုန်းမြို့နယ်အတွင်းက ကျေးရွာ ၂၇ ရွာမှာ စားအုန်းဆီပိဿာ ၁၃,၂၀၀ ကို တပိဿာ ၃,၉၀၀ ကျပ်နှုန်းနဲ့ လိုက်လံရောင်းချပေးခဲ့တာပါ။ ဒီလိုရောင်းချရာမှာ တအိမ်ထောင်ကို တပိဿာနှုန်း ရောင်းချတာလည်း ဖြစ်ပါတယ်။
ဒက္ခိဏသီရိမြို့နယ်၊ ရွာသစ်ကျေးရွာသူတဦးက “ညီမတို့ရွာမှာတော့ လာမရောင်းဘူး။ ရန်အောင်မြင်ဘက်မှာတော့ လာရောင်းတယ်ပြောတယ်။ အဲ့ဒီရွာမှာ လာရောင်းတယ်ဆိုတော့ ညီမတို့ရွာကိုလည်း လာမယ်ထင်တာ။ သူတို့ဝင်ချင်တဲ့ဆီဝင်ပြီး ရောင်းတာလို့တော့ ပြောတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီ တာဝန်ရှိသူတွေက စားအုန်းဆီတပိဿာကို ရည်ညွှန်းဈေး ၄,၆၅၀ ကျပ် သတ်မှတ်ထားပေမဲ့ ဈေးကွက်အတွင်းမှာတော့ နှစ်ဆခန့် မြင့်တက်နေပြီး တပိဿာကို ၉,၀၀၀ ကျော် ပေးဝယ်နေရတယ်လို့ သိရပါတယ်။