close

စိတ်ကျန်းမာရေးကောင်းသူ

close

January 8, 2022

ယင်းမာပင်တွင် စိတ်ကျန်းမာရေးကောင်းသူ ၁ ဦးကို စစ်​ကောင်စီတပ်က မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စိတ်ကျန်းမာရေးကောင်းသူ ၁ ဦးကို စစ်​ကောင်စီတပ်ဖွဲ့က ဇန်နဝါရီ ၇ ရက်​နေ့ မနက်ပိုင်း မီးရှို့သတ်လိုက်တယ်လို့ သိရပါတယ်။

မီးရှို့သတ်ဖြတ်ခံလိုက်ရသူဟာ ​ကောင်းဆင့်​ကျေးရွာက အသက် ၇၀ ​ကျော်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ ဦး​ကျော်ရှိန်ဆိုသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်​ကောင်စီကားတန်းလာ​တော့ ​ကျေးရွာအတွင်းက ပြည်သူ​တွေက ထွက်​ပြေးတိမ်း​ရှောင်ကြတယ်။ ဦး​ကျော်ရှိန်က စိတ်မမှန်သူဖြစ်​တော့ သူ​ပြောချင်ရာ​ပြော​နေပြီး ​သူ့​နေအိမ်မှာပဲ ကျန်ခဲ့တာ။ ဦး​ကျော်ရှိန် ​မီးရှို့သတ်ခံရတာက ရေချမ်းစဥ်အနီးမှာရှိတဲ့ သူ​နေထိုင်တဲ့ တဲအိမ်​ပေါ့။ မီးလောင်ကျွမ်းနေသော နေအိမ်ကို ယင်းမာပင်ခရိုင် PDF ပူးပေါင်းတပ်ဖွဲ့မှ မီငြှိမ်းသတ်ပြီး ကျန်ရှိသော ရုပ်အလောင်းကို လုံခြုံစိတ်ချရသောနေရာမှာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်” လို့ PDF ​ခေါင်း​ဆောင်တစ်ဦးက ​ပြောပါတယ်။

မီးရှို့သတ်ဖြတ်သွားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ် ၂ နာရီလောက် ယင်းမာပင်-ညောင်ပင်ကြီး-မုံရွာ လမ်းအတိုင်း ဆက်လက်ထွက်ခွာလာစဥ်  ​PDF ပူး​ပေါင်းအဖွဲ့​တွေရဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

"ပထမဆုံးတပ်လာတဲ့အဖွဲ့နဲ့ ဒုတိယ​မြောက် ထပ်တက်လာတဲ့ စစ်​ကောင်စီတပ်ဖွဲ့သား​တွေကို ကျ​နော်တို့ရဲ့ မိုင်းကွင်းထဲ ရောက်လာမှ မိုင်း​ဖောက်ခွဲမှု လုပ်လိုက်တာ။ ကျ​နော်တို့ မြင်ရသ​လောက်က​တော့ ၁၀ ​ယောက်​​ကျော်အထက်မှာပဲ တုံးလုံးပက်လက် ဖြစ်သွားပြီး ​ကျန်တဲ့သူ​တွေက လက်နက်ကြီး၊ လက်နက်ငယ်​တွေနဲ့ ရမ်းသမ်းပစ်ကြ​တော့ ကျ​နော်တို့အဖွဲ့ ​အထိအခိုက်မရှိ နောက်ဆုတ်နိုင်ခဲ့တယ်” လို့ ကိုယ်ထူကိုယ်ထ ဗိုလ်စက္က​​ပြောက်ကျား အဖွဲ့ခေါင်း​ဆောင်က ​ပြောပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့ဟာ ယင်းမာပင်မြို့ဘက်က ထွက်ခွာလာစဥ်ကလည်း လမ်းခုလပ်မှာ ​ဒေသခံ PDF မဟာမိတ်အဖွဲ့​တွေရဲ့ တိုက်ခိုက်ခံခဲ့ရပြီး စစ်​ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု​တွေရှိခဲ့သလိုနဲ့ ကား​တွေလည်း ပျက်စီးထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ တယ်ပင်ကန်​ကျေးရွာအနီးမှာ ညအိပ်ရပ်နားကာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူတစ်ချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ ကုန်ပစ္စည်းတင်ကားတွေ၊ တပ်သားအင်အားအမြောက်အမြားနဲ့ ချီတက်လာကြတာဖြစ်ပြီး ချီတက်လာချိန် မနက် ၉ နာရီကျော်ကစပြီး ယင်းမာပင်မြို့နယ်အတွင်းမှာလည်း ဖုန်းလိုင်းပြတ်​တောက်ခံခဲ့ရပြီး ညနေပိုင်းမှ ပြန်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up