အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဈေးတန်း ၅ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဝဏ္ဏထွန်းရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။
မောင်ဝဏ္ဏထွန်းဟာ နိုဝင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ နေအိမ်ကပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်မှာတော့ တမူးမြို့မ ၁၂ ရပ်ကွက်က လမ်းဘေးချုံထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ သူ့ရဲ့ဖခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော့်သားက စိတ်ကျန်းမာရေး အခြေအနေမကောင်းဘူး။ သူက နေ့ခင်းဆိုရင် ပုံမှန်လူကောင်းအတိုင်းပါပဲ။ ညဆိုရင်တော့ စိတ်ဖောက်တတ်တဲ့ရောဂါ ရှိနေတယ်။ စိတ်ကျန်းမာရေးရောဂါ ဖြစ်တာကတော့ မကြာသေးဘူး။ ကျနော်တို့ ဓလေ့ထုံးတမ်းအရဆိုရင် သူများပြုစား လုပ်ကြံတာ ခံရတာပေါ့။ ကျနော့်သား ဆုံးသွားတဲ့အတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိတယ်။”
ပျောက်ဆုံးသွားပြီးတဲ့အချိန်ကတည်းကစ သေဆုံးသည်အထိ အဆက်အသွယ် လုံးဝမရခဲ့ကြောင်း၊ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိချိန်မှာ ပုပ်ပွနေပြီဖြစ်တာကြောင့် ဘယ်လိုသေဆုံးသွားတယ်ဆိုတာ အတည်ပြုလို့ မရခဲ့ကြောင်း၊ မိမိတို့အနေနဲ့ သားတယောက်လုံးတောင် ဆုံးရှုံးထားရတဲ့ အခြေအနေမို့ အမှုဖွင့် စုံစမ်းစစ်ဆေးတာတွေ မပြုလုပ်တော့ဘူးလို့ မောင်ဝဏ္ဏထွန်းရဲ့ဖခင်က ဆက်ပြောပါတယ်။
မောင်ဝဏ္ဏထွန်းရဲ့ ရုပ်အလောင်းကို တမူးမြို့ နိဗ္ဗာန်လမ်း လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင် သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ နိဗ္ဗာန်လမ်းအသင်းမှ ကိုမင်းထင်ကျော်က ပြောပါတယ်။
“ဒဏ်ရာတွေနဲ့ သေဆုံးလားဆိုတာကို ကြည့်လို့မရတဲ့ အခြေအနေ၊ ဘာကြောင့်သေဆုံးသွားလဲဆိုတာကို ရုပ်အလောင်းကို ကြည့်လို့မရဘူး။ အိမ်က ပျောက်ဆုံးပြီးတဲ့နောက် မကြာခင်မှာ ဆုံးပါးသွားတာဖြစ်နိုင်တယ်။ ရုပ်အလောင်းက အရမ်းပုပ်ပွနေလို့ တွေ့ရှိတဲ့နေရာမှာပဲ မီးသင်္ဂြိုဟ် သယ်ယူခဲ့ရတယ်။”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တမူးမြို့မှာ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏတွေ့ရှိနေရပြီး ဒဏ်ရာတွေနဲ့ သေဆုံးတာ၊ ဆေးသုံးစွဲရင်း သေဆုံးတာ၊ လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးတာ စတဲ့ သေဆုံးခြင်းအမျိုးမျိုးနဲ့ သေဆုံးမှုတွေ မကြာခဏဖြစ်ပေါ်နေပြီး တမူးမြို့က ရဲတပ်ဖွဲ့ဝင်တွေကလည်း တစုံတရာ စုံစမ်းစစ်ဆေးတာတွေ မပြုလုပ်ကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာမှာ ဇူလိုင် ၉ ရက်က မီးရှို့ခံထားရသူနှစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ပြီး အသတ်ခံထားရသူတွေက PDF ရဲဘော်တယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ ရွာသားတယောက် ဖြစ်တယ်လို့ Yesagyo Revolution Group တာဝန်ရှိသူတယောက်က ပြောပါတယ်။
သဲတောရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲနေတာကို မသိတဲ့ ရပ်ရွာကာကွယ်ရေး PDF ရဲဘော်တယောက် ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာချိန်မှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
PDF ရဲဘော် ပစ်ခတ်ခံရပြီး ဆိုင်ကယ်လဲသွားချိန်မှာ အသင့်ပါလာတဲ့ လက်ပစ်မိုင်း ၃ လုံးကို အသေခံဖောက်ခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ယောက်လောက် ထိမှန်သွားတယ်လို့ ပြောပါတယ်။
Yesagyo Revolution Group မှ တာဝန်ရှိသူတယောက်က “အလောင်းကိုတွေ့ရတာတော့ သုံးရက်လောက်ရှိပြီ။ ရဲဘော်လေး ထွက်သွားတာကိုသိတယ်။ သတင်းစီးဆင်းမှု နောက်ကျတော့ အချိန်မီ မတားလိုက်နိုင်တာဗျ။ ဆိုင်ကယ်တစီးနဲ့ မီးရှို့ထားတာကို တွေ့ရတာပါ။ ပြာနဲ့အရိုးပဲ ကျန်တော့တာ” လို့ ပြောပါတယ်။
သဲတောရွာဘုန်းကြီးကျောင်း မြောက်ဘက်က သဲချောင်းထဲမှာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ပြည်သူတယောက်နဲ့ PDF ရဲဘော်တယောက် မီးရှို့သတ်ဖြတ်ခံရတာကို ရပ်ရွာကာကွယ်ရေး ခေါင်းဆောင်တွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ် နယ်နိမိတ်ကြားကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၈ ရက်မှာ စစ်ကြောင်းထိုး ပြန်လာပြီးနောက် ညနေ ၆ နာရီဝန်းကျင်က သဲတောရွာဘုန်းကြီးကျောင်းထဲမှာ ယာယီတပ်စွဲခဲ့တယ်လို့ ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြို၊ ပခုက္ကူနဲ့ မြိုင်နယ်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Urban Underground Revolution Force ရေစကြိုက ထုတ်ပြန်ထားပါတယ်။