close

စိတ်ဓာတ်ပျက်ပြား

close

September 23, 2021

စစ်ကောင်စီတပ်သားများ စိတ်ဓာတ်ပျက်ပြားနေသဖြင့် နွေဦးတော်လှန်ရေး အောင်မြင်မည်ဟု သုံးသပ်

အာဏာသိမ်းစစ်ကောင်စီဟာ လက်နက်တောင့်တင်းခိုင်မာပေမဲ့ တပ်တွင်းစစ်သည်တွေရဲ့ စိတ်ဓာတ်ပျက်ပြားမှုတွေကြောင့် နွေဦးတော်လှန်ရေးဟာ မကြာခင်မှာအောင်မြင်နိုင်မှာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းက ပြောပါတယ်။

စစ်ရေးအရရော နိုင်ငံရေးအရပါ နှိုင်းယှဉ်ရင် နိုင်ငံရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီထက် အဆပေါင်းများစွာသာတဲ့အတွက် ကာလတစ်ခုကိုရောက်လာရင် စစ်အာဏာရှင်စနစ်ဟာ ကျဆုံးသွားမှာသေချာတယ်လို့လည်း ဖဒိုမန်းမန်းကပြောဆိုပါတယ်။

စစ်ကောင်စီရဲ့တပ်တွင်းမှာလည်း  ပြည်သူနဲ့ပူးပေါင်းလာတဲ့သူတွေရှိနေပြီဖြစ်သလို နောင်လည်း ပြည်သူနဲ့ပူးပေါင်းမယ့်သူတွေရှိနေသလို စစ်ကောင်စီတပ်သားတွေအနေနဲ့ PDF လူငယ်တွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ယှဉ်မယ်ဆိုရင်အတော်ကွာဟာနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေး စစ်ရေးတစ်ခုတည်းကိုကြည့်လို့မရဘဲ  ပြည်သူလူထုအားလုံးပါဝင်တဲ့ ဘက်ပေါင်းစုံကနေ အကုန်တော်လှန်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတစ်ခုတည်းနဲ့ဆိုရင် ဒီတော်လှန်ရေးက အချိန်ကြာမြင့်မှာဖြစ်ပြီး လူထုအားလုံးပါဝင်တဲ့တော်လှန်ရေး ယန္တာယား အားလုံးကို တစ်ပြိုင်နက်တည်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့လဲ ဖဒိုမန်းမန်းကပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ နိုင်ငံတကာက အသိမှတ်ပြုမှု ပိုမိုမြန်ဆန်လာနိုင်ဖို့အတွက် လက်ရှိအချိန်မှာ  ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ဖြစ်ပေါ်လာဖို့အတွက် ကြိုးစားဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။

 NUG အစိုးရက စက်တင်ဘာ ၇ ရက်နေ့မှာ နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာပြီး ခုခံတွန်းလှန်စစ်စတင်ကြောင်း ကြေညာထားပြီး နိုင်ငံတဝန်းမှာလည်း ဒေသဆိုင်ရာ PDF တပ်ဖွဲ့တွေက တိုင်းရင်းသားတပ်တွေနဲ့ ပေါင်းပြီး  နည်းလမ်းပေါင်းစုံနဲ့ ရရာလက်နက်စွဲကိုင် တော်လှန်နေကြပါတယ်။ 

6 mins Ago
Up