close

စိတ်ရောဂါသည်

close

January 26, 2023

ရေစကြိုတွင် စိတ်ရောဂါဝေဒနာရှင် ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက စိတ်ရောဂါဝေဒနာရှင် တယောက်ကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့ အမှတ် ၆ ရပ်ကွက်က စိတ်ရောဂါဝေဒနာရှင် ကိုမင်းမင်းထိုက်ကို  ဇန်နဝါ ၂၅ ရက် မနက် ၁၀ နာရီလောက်မှာ မိုင်းထောင်ဖောက်ခွဲဖို့ လုပ်တယ်လို့ စစ်တပ်က စွပ်စွဲပြီး ရိုက်နှက် ဖမ်းဆီးသွားကြတယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူက စိတ်ဖောက်ပြန်နေတဲ့သူပါဗျ။ မိုင်းထောင်ဖောက်ခွဲဖို့ လုပ်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်(...)တွေက ရိုက်နှက်ဖမ်းဆီးတာကြောင့် မျက်နှာတွေ၊ ဒူးခေါင်းတွေနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့ပြီး သူ့ကိုတော့ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို မသိရသေးဘူး။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းပါတွေဟာ ရေစကြိုမြို့နယ်ထဲက ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးကာ ငွေညှစ်တာတွေ ပြုလုပ်သလို တရားစွဲ ထောင်ချတာတွေလည်း ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းကလည်း ဒေသခံပြည်သူတယောက်ကို စစ်အုပ်စုတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၆၅၈ ယောက်ရှိပြီး အဲဒီထဲက ၂,၁၇၀ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2 mins Ago

September 22, 2021

မုံရွာမြို့တွင် စိတ်ရောဂါသည် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာက စိတ်‌ရောဂါသည် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်လောက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရွာထဲဝင်ဖမ်းတာ။ ဘာကြောင့်ဖမ်းတာလဲဆိုတော့ ဟိုနေ့က အဖမ်းခံရတဲ့ သူတစ်ယောက်ရဲ့ ဖုန်းထဲမှာ အခုလူတွေပါတယ်ဆိုပြီး ဖမ်းတာလို့တော့ ပြောနေကြတာပဲ။ အတိကျတော့ ဘယ်သူမှမသိဘူး။ အဖမ်းခံရတဲ့သူထဲက ကိုချက်ကြီးဆိုသူကတော့ စိတ်မမှန်ဘူး စိတ်ဝေသနာရှင်လို့ ပြောလို့ရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ မိန်းကြီးတစ်ယောက်ရယ်၊ ယောကျ်ားတစ်ယောက် စုစုပေါင်းသုံးယောက်ပေါ့။”

လယ်ဇင်စံပြကျေးရွာအတွင်း စစ်ကောင်စီက အကြိမ်ကြိမ် အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးနေတာကြောင့် ရွာသား အချို့နေရပ်စွန့်ခွာ ပုန်းရှောင်နေကြတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

1 year Ago
Up