ပဲခူးတိုင်း၊ ပြည်မြို့ထဲမှာ တုတ်တချောင်းနဲ့ လျှောက်သွားလာနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား တယောက်ကို စစ်ကောင်စီတပ်တွေက ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်ကွက်ထဲမှာ သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့လိုက်ရသူတယောက်က “အဲ့ဒီလူကြီးက အသက် ၆၀ ခန့်ရှိပြီး အရင်တုန်းကတော့ မြိုထဲဘက်မှာ သိပ်မတွေ့ဖူးဘူး၊ အခု စစ်တပ်က အာဏာသိမ်းပြီးတော့မှ ဟိုနားဒီနားတွေမှာ ခဏခဏတွေ့တာ။ ကြုံရာလမ်းဘေးမှာပဲ အိပ်တယ်၊ တုတ်တချောင်းနဲ့ လျှောက်သွားနေတာ ဘယ်သူ့ကိုမှတော့ အန္တရာယ်မပြုဘူး၊ သူ့ဟာသူ အေးအေးဆေးဆေးပဲနေတာ။ အဲ့ဒါကို ညက ဗိုလ်ချုပ်လမ်း UAB ဘဏ်ရှေ့မှာ၊ ရွှေလက်ဖက်ရည်ဆိုင် ရှေ့နားလေး လမ်းလယ်ခေါင်ကြီးမှာ သူ့ဟာသူ တုတ်ကိုင်လာတာကို တုတ်မချလို့ဆိုပြီး သေနတ်နဲ့ပစ်ချလိုက်တာ။ သေနတ်ဒဏ်ရာက ထုတ်ချင်းပေါက်ပဲ။ ဒီကောင်တွေ လူစိတ်ပျောက်နေတာ ဖြစ်မယ်ဗျာ” လို့ ပြောပါတယ်။
ကပစ ၇ စစ်ကောင်စီတပ်သားက ပစ်လိုက်တာဖြစ်ပြီး အပစ်ခံရသူကို စစ်ကောင်စီတပ်က ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားကာ ဆေးရုံရောက်ပြီး ခဏအကြာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အပစ်ခံရသူဟာ နှလုံးအောက်မှာ ကျည်ထိမှန်ခဲ့ပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားကာ အလောင်းကို စစ်ဆေးရုံရင်ခွဲရုံမှာ ထားရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံရွာမှာ မေလ ၁၁ ရက် ညက အကြမ်းဖက် စစ်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် စိတ်ဝေဒနာရှင် ရွာသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ စိတ်ဝေဒနာ ခံစားနေရတဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်ဖြစ်တယ်လို့ ရွာသားတွေ ထံကနေ သိရပါတယ်။
သေဆုံးသူရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးက “ ကျနော်တို့ ကျေးရွာ အထက်တန်းကျောင်းထဲ စစ်တပ်က တပ်စွဲထားတာဗျ။ ဖြစ်တာက မနေ့ညကပါ။ တပ်စွဲတာကို ပြန်ကြတော့လို့ အော်ပြော လို့သေနတ်နဲ့ ပစ်တာ။ စိတ်ဝေဒနာသည်ဆိုတော့ ပြောချင်တာပြောတာပေါဗျာ။ ပစ်တာကတော့ အတော်များတယ်ဗျ။ ထိမှန်တာက ပေါင်တစ်ချက်၊ ခါးတစ်ချက်နဲ့ ဦးခေါင်းတစ်ချက်မှန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကနီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ နှစ်ဖက်အကျဆုံးတွေရှိနေပါတယ်။
လက်ရှိအချိန်မှာလည်း ဇီးပင်တွင်းရွာနဲ့ ၂၇ မိုင် ယာကြီး၊ ကလေးဝလမ်းတွေဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတ