လာမယ့် ၂၀၂၃ နွေစပါးရာသီမှာ စစ်ကောင်စီက ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ပြီး အကျိုးတူလယ်ယာစနစ်ကို ဆောင်ရွက်သွားဖို့အတွက် ကျပ်ငွေဘီလီယံ ၁၄၀ ကို အသုံးပြုသွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် မနက်ကကျင်းပတဲ့ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
နွေစပါးစိုက်ဧက ၈ သိန်းခွဲအတွက် တဧကကို သွင်းအားစုဝယ်ယူနိုင်အောင် ကျပ် ၂ သိန်းနှုန်း ထောက်ပံ့သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီငွေပမာဏက လက်ရှိမြန်မာပြည်တွင်း ငွေကြေးဖောင်းပွ ကျပ်ငွေတန်ဖိုးထိုးကျနေမှုကြောင့် ပြည်ပကတင်သွင်းရတဲ့ သွင်းအားစုစရိတ်တွေ ကြီးမြင့်နေတဲ့အချိန်အခါမျိုးမှာ မျိုးစပါးအပြင် ဓာတ်မြေသြဇာ ပိုသုံးရတဲ့ နွေစပါးအတွက် ဓာတ်မြေသြဇာဝယ်ယူဖို့တောင် လုံလောက်နိုင်မှာ မဟုတ်ပါဘူး။
စစ်ကောင်စီ ဆောင်ရွက်သွားမယ့် အကျိုးတူလယ်ယာစနစ်က မိရိုးဖလာ စက်ပိုင်နဲ့ လယ်သမားတွေ ပူးပေါင်းဆောင်ရွက်တဲ့ လိုအပ်တဲ့ ငွေကြေးကအစ သွင်းအားစုတွေကို ကြိုတင်ထုတ်ပေးတဲ့ စနစ်ထက်ပိုပြီး ကောင်းမွန်မှသာ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ထူးခြားတဲ့ အပြောင်းအလဲတခု ဖြစ်လာမယ်လို့ ဆန်စပါးလုပ်ငန်း ကျွမ်းကျင်သူတဦးက သုံးသပ်ပြောပါတယ်။
“ဆရာကတော့ မြင်တာကလေ ခေတ်အဆက်ဆက်က ဒီကိစ္စတွေက ဒီလိုတွေနဲ့ပဲ ပြီးပြီးသွားတာ။ အမှန်မှန်က သူတို့ကတော့ Quick Win ပေါ့နော်။ သူက အရှိန်နဲ့တက်အောင် လုပ်တာပေါ့။ ဆရာကတော့ Keep Safe က ပိုပြီးတော့လည်း စဉ်းစားရမယ့်အချက်ပဲ။ သူတို့ကတော့ အထွက်တိုးဖို့အတွက်ပဲ ခေတ်အဆက်ဆက်က ထွက်တဲ့ Agriculture at a Glance ပေါ့။ စိုက်မွေးဆည်ကနေထွက်တဲ့ စာအုပ်ကလေးတွေ ကြည့်လိုက်၊ အခုဆိုရင် ဆယ်နှစ်ကျော်က Trandline ကို ကြည့်လိုက်ရင် သိပ်မကွာဘူး။ ၂၇ သန်း၊ ၂၈ သန်းလောက်ပဲ။ တန်ချိန်က အဲဒီလောက်ပဲရှိတယ်။ အခုက အဲဒါကို Jump လုပ်ဖို့ဆိုတာ Contract farming (ကန်ထရိုက်လယ်ယာစနစ်) တခု တနည်းနဲ့ ပိုက်ဆံပေးလိုက်ရုံနဲ့ ဆရာတော့ ရမယ်မထင်။ ဘာလို့လဲဆိုတော့ ဒီ Contract farming က အစဉ်အဆက်က Informal Contract တွေလည်း ရှိတာပဲ။ contract ဆိုတာ စက်ပိုင်တွေက သွင်းအားစုတွေလိုရင် ထုတ်ပေးရတာပဲလေ။ သူတို့ အခုလုပ်နေတာ အဲဒီအဆင့်လောက်ပဲ ရှိတာပဲလေ။”
စစ်ကောင်စီကတော့ အကျိုးတူလယ်ယာစနစ် ဖော်ဆောင်ဖို့အတွက် လယ်သမားတွေက မျိုးစပါးနဲ့ ဓာတ်မြေသြဇာတွေ လိုလာရင် အဲဒီကုန်ပစ္စည်းတွေကို ရောင်းချတဲ့ ကုမ္ပဏီတွေဆီက ဝယ်ယူပြီး လယ်သမားတွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းမှာ အရင်းအနှီးနည်းပါးတဲ့ တောင်သူတွေက ဆန်စက်ပိုင်ရှင်တွေဆီကနေ ရင်းနှီးစိုက်ပျိုးစရိတ်ကအစ မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေး စတာတွေကို စိုက်ပျိုးရာသီအစမှာ ကြိုတင်ထုတ်ယူကြပြီး စပါးပေါ်ချိန်မှာ ပြန်လည်ပေးဆပ်ကြပါတယ်။ ဒီစနစ်က စပါးစိုက်ပျိုးရာ ဒေသအသီးသီးမှာ စက်ပိုင်တွေဆီကနေ ကြိုတင်ထုတ်ယူကြတဲ့ သွင်းအားစုက အနည်းအများ မတူတာတွေရှိပေမဲ့ တောင်သူတွေက အနည်းနဲ့အများ ကြိုတင်ထုတ်ယူ သုံးစွဲကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ ဒေါ်လာဈေးနှုန်း မြင့်တက်လာတာကြောင့် ပြည်ပကတင်သွင်းရတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးလို စိုက်ပျိုးရေးသွင်းအားစုတွေဟာအဆမတန် ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။
စပါးစျေးကျဆင်းလာတာကြောင့် အခုနှစ် မိုးစပါးရာသီရိတ်သိမ်းချိန်မှာ အရှုံးပေါ်မှာကို စိုက်ပျိုးတောင်သူတွေ စိုးရိမ်နေကြပါတယ်။
သွင်းအားစုတွေ အဆမတန်ဈေးမြင့်တက်လာသလို ပြည်တွင်းမှာ ဆန်ဈေးနှုန်းလည်း ကြီးမြင့်နေပေမဲ့ စပါးစျေးတွေကတော့ မိုးစပါးမပေါ်ခင်က စပါးတင်း ၁၀၀ ကို ၁၀ သိန်းကျော်၊ ၁၄ သိန်းဝန်းကျင်အထိ စျေးပေါက်ခဲ့ပေမဲ့ အခုအခါ ကျပ် ၉ သိန်းဝန်းကျင်ထိ ကျဆင်းနေပါတယ်။
တဖက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကိုစစ်ကြောင်းထိုး ဝင်ရောက်နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ဆန်စပါးတွေနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို လုယူနေတာကြောင့် တောင်သူလယ်သမားတွေမှာ ဆန်စပါး စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်လို့ စပါးစိုက်ဧကတွေလည်း ကျဆင်းနေပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ ကန်ထရိုက်လယ်ယာစနစ်မှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီစနစ်မှာ အစိုးရ၊ တောင်သူနဲ့ ကုမ္ပဏီတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစနစ်မှာ တောင်သူတွေက အရည်အသွေးနဲ့ အရေအတွက် ပြည့်မီအောင် ဆောင်ရွက်ပေးဖို့ ကုမ္ပဏီတွေက စပါးကြမ်းခင်းဈေး သတ်မှတ်ပေးဖို့နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက နည်းပညာပေးအပ်ဖို့နဲ့ ကန်ထရိုက်လယ်ယာစနစ် အောင်မြင်ဖို့အတွက် ထိန်းကျောင်း ဆောင်ရွက်ပေးဖို့ စတာတွေကို ပြဋ္ဌာန်းထားပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ကန်ထရိုက်လယ်ယာစနစ် မဟုတ်တော့တဲ့ အကျိုးတူလယ်ယာစနစ်မှာတော့ မျိုးစပါးနဲ့ ဓာတ်မြေသြဇာ ဝယ်ယူပေးဖို့ကလွဲလို့ စပါးကြမ်းခင်းဈေး သတ်မှတ်ပေးဖို့ကအစ စပါးပြန်လည်ဝယ်ယူရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ ကုမ္ပဏီနဲ့ လယ်သမားတို့ ဆန်စပါးကို ပူးပေါင်းစိုက်ပျိုးကြတဲ့ အကျိုးတူလယ်ယာစနစ်မှာ စပါးကြမ်းခင်းဈေး သတ်မှတ်နိုင်ဖို့က အဓိကအနှစ်သာရ ဖြစ်ပါတယ်။
အခုလို ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုဈေးတွေအပြင် အထွေထွေကုန်ဈေးနှုန်းတွေ ကြီးမြင့်နေချိန်မှာ စပါးစိုက်ပြီး မရှုံးရအောင် စပါးစစိုက်ဖို့ မြေမပြင်မီ အချိန်ကတည်းက စပါးကြမ်းခင်းဈေးကို ကြိုတင်သတ်မှတ်ပေးထားဖို့က အရေးတကြီး လိုအပ်ပါတယ်။ ဒီလို သတ်မှတ်ထားတာမရှိဘဲ ဖြစ်လာသမျှ ဈေးကွက်ပေါက်ဈေးနဲ့သာ ရောင်းချရပါက စပါးပေါ်ချိန်မှာ ဈေးကျတတ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေအရ တောင်သူမှာ နစ်နာတတ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။
“ကောင်းတာကတော့ ကောင်းတဲ့အနေအထား ပုံမှန်အနေအထားကတော့ ဆန်စပါးအသင်းတို့၊ ကုန်သည်တို့က သူ့ရဲ့ဈေးနဲ့ သူတို့ ဝယ်ကြပေ့ါဗျာ။ ဝယ်တဲ့အခါမှာ တခုတော့ရှိတယ်၊ ရာသီချိန်ပေါ့နော်၊ စောစောပေါ်တာ၊ ဒုတိယပေါ်တာ အဲဒီလို ပေါ်တဲ့အခါမှာ ဘယ်အချိန်လောက်မှာ ဆန်တွေဝယ်ရင်၊ စပါးတွေဝယ်ရင် ကြိတ်လိုက်တဲ့အခါမှာ ဘယ်လလောက်ဆိုရင်တော့ ဆန်က လက်ကျန်ဆန်က နည်းတယ် များတယ်ဆိုတာ သူတို့က ခန့်မှန်းတတ်တယ်။ ကုန်သည်ကလေ။ ပဲခူးအနောက်ခြမ်းဆို ဘယ်လို၊ ဧရာဝတီတိုင်းဆို ဘယ်လို၊ အဲဒီလိုတွေက သူတို့ဝယ်တဲ့အပေါ်ကို နည်းနည်းပါးပါး ၁၅ ရာခိုင်နှုန်းလောက် ဝယ်ပြီးပြီဆိုရင် လက်ကျန်ကို ခန့်မှန်းတတ်သွားတယ်။ အဲဒီအချိန် ခန့်မှန်းတဲ့အခါမှာ လက်ကျန်နည်းနေပြီဆိုရင် ဈေးက အဲဒါ တောင်သူကလည်း လက်ကျန်ခန့်မှန်းမှုကို တောင်သူကျတော့ ခန့်မှန်းခြေလုပ်တဲ့သူတွေနဲ့ ဆက်စပ်ပြီးတော့ သူကလည်း နားလည်သင့်တယ်ဗျ။ ဘာလို့ဆို တောင်သူက ရောင်းရတဲ့သူကိုးဗျ။ ရောင်းရတဲ့သူဆိုတော့ ဝယ်တဲ့သူက လက်ကျန်နည်းနေတုန်း မစို့မပို့လေး တိုးဝယ်ပြီးတော့ ကျုံးသယ်သွားတာမျိုး ဆိုလည်း တောင်သူက အရနည်းသွားမှာပေါ့နော်။ တောင်သူရော၊ ဝယ်တဲ့သူရောက သတင်းအချက်အလက် ဘက်ညီဖို့တော့ လိုတာပေါ့။ ဝယ်သူသိသလို ရောင်းသူကရော သိတဲ့ အပြန်အလှန် သတင်းအချက်အလက်ကို သိလို့ရှိရင် တယောက်နဲ့တယောက် ဈေးဆိုတဲ့အခါမှာ တယောက်နဲ့တယောက် ချိန်ခွင်ညှာ ညီတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ဝယ်သူဘက်က သတင်းအချက်အလက် ပိုရတယ် ဆိုရင်တော့ တောင်သူကိုတော့ နည်းနည်းလေးတော့ လှီးစားသွားမှာပေါ့ဗျာ။”
လက်ရှိမှာ ၂၀၂၃ နွေစပါးရာသီအတွက် အကျိုးတူလယ်ယာစနစ်နဲ့ လုပ်ကိုင်ဖို့ ကုမ္ပဏီ ၄၀ ကျော်က အဆိုပြုထားတယ်လို့ ဆန်ကုမ္ပဏီများ အသိုင်းအဝိုင်းက သိရပါတယ်။ လက်ရှိ ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်နေဆဲ ကုမ္ပဏီတွေမှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းလိုက်တဲ့အတွက် နောက်ဆက်တွဲ အခက်အခဲတွေကြောင့် ၂၀၂ဝ ပြည့်နှစ် မိုးစပါးရာသီကစပြီး ပြီးခဲ့တဲ့ ၂၀၂၂ နွေစပါးရာသီအထိ တောင်သူတွေဆီက ရစရာ ကြွေးကျန်တွေ ရှိနေတယ်လို့ ပဲခူးအနောက်ခြမ်းဒေသမှာ ကန်ထရိုက်လယ်ယာ လုပ်ကိုင်နေတဲ့ ဆန်စက်ပိုင်ရှင်တဦးက ပြောပါတယ်။
“လာမယ့် ဒီ ၂၀၂၂-၂၃ မိုးစပါးနဲ့ နွေစပါးရာသီအတွက် ချထားတဲ့ အခြေအနေတုန်းကလည်း ကန်ထရိုက်လယ်ယာစနစ်မှာ ကုမ္ပဏီရော စက်ပိုင်တွေရော လက်တွဲလုပ်တဲ့အခါမှာ ကုမ္ပဏီက တိုက်ရိုက် လယ်သမားကိုပေးတာလည်း ရှိတယ်။ အစ်ကိုကြီးတို့လို စက်ပိုင်ကနေ လယ်သမားနဲ့ ကန်ထရိုက်လယ်ယာ လုပ်တာတွေက တော်တော်များများ ကျန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ပိုသိသာတာက ကိုဗစ်ဖြစ်တယ်။ ကိုဗစ်ဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့အပေါ်မှာရော နောက်တခုက သူတို့ပြန်ပြီးတော့ ရုပ်သိမ်းလိုက်တဲ့အခါမှာလည်း အဆင်မပြေတော့ စက်ပိုင်တွေ ကန်ထရိုက်လယ်ယာစာချုပ်နဲ့ လုပ်ထားတာတောင်မှ အကြွေးတွေနဲ့ ကျန်နေတယ်။ ဒါ ကိုဗစ်ဖြစ်တဲ့ ၂ နှစ်လုံးပေါ့နော်။ အဲဒီနောက်မှာကျတော့ နိုင်ငံရေးအခြေအနေကြောင့် ဒီလိုအခင်းအကျင်း ဖြစ်လာပြန်တော့လည်း ကျန်တာပဲ။ ပြောချင်တာက ကန်ထရိုက်လယ်ယာစနစ်မှာ ချတဲ့မူဘောင်က သေချာစနစ်တကျ လုပ်မယ်ဆိုရင်တော့ မူဝါဒအရ အဆင်ပြေတယ်၊ ကောင်းတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့်ရော၊ နိုင်ငံရေးအခင်းအကျင်းကြောင့်ရော ကုမ္ပဏီနဲ့ လုပ်တဲ့ လယ်သမားရော၊ စက်ပိုင်နဲ့လုပ်တဲ့ လယ်သမားတွေရော လယ်သမားတွေဆီမှာ ကြွေးကျန်တွေ တော်တော်များများ ကျန်နေကြတယ်။ အဲဒါတွေ မရကြသေးဘူး။”
အကျိုးတူလယ်ယာစနစ်ခေါ် ကန်ထရိုက်လယ်ယာစနစ်က နည်းပညာကို စနစ်တကျ အသုံးပြုကာ စပါးအရည်အသွေးနဲ့ အထွက်နှုန်းကောင်းမွန်ဖို့ ဆောင်ရွက်ကြရပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ကလည်း စစ်ကောင်စီ အုပ်ချုပ်တာကို လက်မခံတဲ့ နည်းပညာပေး ဝန်ထမ်းတွေ၊ အရာထမ်းတွေက CDM ပြုလုပ်ထားတဲ့အတွက် အကျိုးတူ လယ်ယာ ဆောင်ရွက်မယ့် လယ်ဧက ရှစ်သိန်းခွဲကို စိုက်ပျိုးကြမယ့် တောင်သူတွေအတွက် စိုက်ပျိုးနည်းပညာ၊ ပိုးမွှား၊ ရောဂါကာကွယ်နှိမ်နင်းနိုင်ဖို့အတွက် အချိန်အခါမီ နည်းပညာတွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လယ်သမားနဲ့ အကျိုးတူ လယ်ယာဆောင်ရွက်သွားမယ့် ကုမ္ပဏီအကြား သင့်တော်တဲ့ အကျိုးအမြတ်တွေ ရရှိလာအောင် ဆန်စပါးဈေးကွက် ကောင်းမွန်အောင် တည်ဆောက်ထားဖို့လည်း အရေးကြီးပါတယ်။
လက်ရှိကာလလို ငွေလဲနှုန်းမတည်ငြိမ်တာတွေက ဆန်စပါးဈေးကွက်ကို ထိခိုက်စေပြီး အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ရာမှာ အဓိကကျတဲ့ စပါးကြမ်းခင်းဈေး ကြိုတင်သတ်မှတ်ဖို့ကိုလည်း အခက်အခဲတွေ ဖြစ်လာစေပါတယ်။ ဈေးကွက်ကောင်းမွန်အောင် တည်ဆောက်ထားရပါတယ်။
ဒါမှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူနဲ့ ပြည်တွင်း၊ ပြည်ပ ဈေးကွက်တင်ပို့သူတွေပါ အကျိုးရှိစေရန် ရည်ရွယ်ထားတဲ့ စနစ်တခု ဖြစ်ပါတယ်။
ဆန်စပါးအပါအဝင် သီးနှံအစုံမှာ ဆောင်ရွက်နိုင်တဲ့ ဒီစနစ်ကို စိုက်ပျိုးစီးပွား ကျွမ်းကျင်သူတွေက မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးလာဖို့အတွက် ထွက်ပေါက်တခုအနေနဲ့ လက်ခံထားကြပေမဲ့ တကယ် လက်တွေ့မှာအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ဆိုတာကတော့ သက်ဆိုင်သူတွေအနေနဲ့ အပြောနဲ့ အလုပ်ကိုက်ညီအောင် သက်သေပြဖို့ လိုအပ်နေပါတယ်။
စိမ့်လဲ့ကန်သာ
မြန်မာတွေဟာ ဆန်နဲ့ဆီကို အဓိက မပါမဖြစ်တဲ့ စားစရာတခုအဖြစ် နှစ်ပေါင်းများစွာ စားသုံးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဆန်ကိုစားသုံးခဲ့တဲ့ အစဉ်အလာက မျက်မှောက်ခေတ်ကာလမှာ စပါးရိုင်းမျိုးတွေကို ရှာဖွေစုဆောင်းကြရာမှာတော့ မြန်မာနိုင်ငံ မြောက်ဖျားဒေသတွေဟာ အာရှဒေသတွေအနက် စပါးသီးနှံ စတင်ပေါ်ပေါက်ရာ ဒေသတွေ ဖြစ်တယ်လို့ စပါးသိပ္ပံပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် စပါးကဖြစ်လာတဲ့ ဆန်နဲ့အတူ ဘာနဲ့ပဲစားစား ဆီကိုမြင်ရမှ ဘဝင်ကျကြတဲ့ မြန်မာတွေမှာ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ ဆိုတဲ့ စကားပုံက သက်သေအဖြစ် ရှိနေပါတယ်။
စပါးရိုင်းမျိုးတွေကို ရှာဖွေစုဆောင်းကြရာမှာတော့ မြန်မာနိုင်ငံ မြောက်ဖျားဒေသတွေဟာ အာရှဒေသတွေအနက် စပါးသီးနှံ စတင်ပေါ်ပေါက်ရာ ဒေသတွေ ဖြစ်တယ်လို့ စပါးသိပ္ပံပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် စပါးကဖြစ်လာတဲ့ ဆန်နဲ့အတူ ဘာနဲ့ပဲစားစား ဆီကိုမြင်ရမှ ဘဝင်ကျကြတဲ့ မြန်မာတွေမှာ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ ဆိုတဲ့ စကားပုံက သက်သေအဖြစ် ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာ့လူဦးရေ သန်း ၅၀ ကျော်လာတဲ့အခါမှာ စိုက်ပျိုးသမျှ သီးနှံတွေကို ဝမ်းစာအဖြစ် စိုက်ပျိုးတာထက် အများစုက ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။ တောင်သူလောကမှာ စပါးစိုက်ပြီး ဆန်ဝယ်စားသူတွေနဲ့ မြေပဲနဲ့နှမ်းစိုက်ပြီး စားအုန်းဆီ ဝယ်စားသူတွေအဖြစ်က အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဒါကြောင့် အစားအစာ ဖူလုံဖို့အတွက် ကိုယ်တိုင်စိုက်ပျိုးစားသုံးမယ်ဆိုတဲ့ မူဝါဒတွေက မျက်မှောက်ကာလနဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်မလားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီကတော့ ၂ နှစ်အတွင်း စပါးအထွက်တိုးဖို့နဲ့ စားသုံးဆီဖူလုံဖို့ ကြွေးကြော်နေပေမဲ့ ဒီရည်မှန်းချက်တွေက လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။
စစ်ကောင်စီက တနိုင်ငံလုံးရှိ တဧက စပါးအထွက်နှုန်း ပျှမ်းမျှ ၆၅ တင်းကနေ မိုးစပါးကို ၇၅ တင်း၊ နွေစပါးကို တင်း ၉၀ ပိုထွက်အောင်လုပ်ပြီး အဲ့ဒီကနေ စုစုပေါင်း စပါးတင်း သန်းပေါင်း ၇၅ သန်း ပိုထွက်လာဖို့ လာမယ့်နွေစပါးရာသီကနေ စတင်ရည်ရွယ်ထားပါတယ်။
၂၀၂၁ ဆောင်းသီးနှံစိုက်ချိန်ကစလို့ ဓာတ်မြေသြဇာဈေးတွေ တရိပ်ရိပ်တက်လာတာက လက်ရှိ မိုးစပါးရာသီ အရောက်မှာတော့ ဓာတ်မြေသြဇာတအိတ်ကို အရင် ကျပ် သုံးသောင်းလောက်ကနေ ကျပ်တသိန်းကျော်အထိ မြင့်တက်လာပါတယ်။
ဓာတ်မြေသြဇာနဲ့ စက်သုံးဆီလို ထင်သာမြင်သာရှိတဲ့ သွင်းအားစုတွေက ဈေးတွေ အဆမတန် မြင့်လာတာက သီးနှံကောင်းဖို့ လိုအပ်ချိန်မှာ အချိန်မီ အခါမီ အသုံးပြုနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
ဓာတ်မြေသြဇာဈေးတွေ တက်လာပေမဲ့ စပါးဈေး လိုက်တက်နိုင်ဖို့က အာမခံချက် မရှိတဲ့အတွက် စပါးအထွက်တိုးအောင် ဆောင်ရွက်နိုင်ဖို့က မဖြစ်နိုင်ဘူးလို့ စိုက်ပျိုးရေးပညာရှင်တွေက သုံးသပ်ပြောပါတယ်။
ဆန်စပါးကျွမ်းကျင်သူ ပညာရှင်တစ်ဦးက“ဧကအားလုံးလွှမ်းခြုံဖို့ကတော့မဖြစ်နိုင်ဘူး၊ လက်ရှိအခြေအနေအရ၊ ဘာ့ကြောင့်လဲဆိုတော့ လုပ်အားခရယ်၊ သွင်းအားစုရယ်၊ ကျန်တဲ့ဟာတွေရဲ့ စရိတ်တွေကအများကြီးပဲ။ မိသားစု လုပ်အားမရှိရင် ဘယ်လိုနည်းနဲ့မှ မကိုက်ဘူး။ နောက်တစ်ခုက ဈေးကွက်အာမခံချက် မရှိဘူးဆိုရင် အဆင်မပြေဘူး။ ဈေးကွက်အာမခံချက်ပေးမယ် ဝယ်ပါ့မယ်ဆိုရင်တောင် ခုနတုန်းက အာမခံဈေးနှုန်းက ဘယ်လောက်လဲ၊ အခြေခံဈေးနှုန်းကို ဘယ်လောက်နဲ့ထားမှာလဲ။ အရင်တုန်းကတော့ ခြောက်ထောင်၊ ခုနှစ်ထောင်ထားလို့မရတော့ဘူး။ အခုခေတ်က။ အဲ့ဒါဆိုရင်တော့ ဘယ်လိုနည်းနဲ့မှတော့ မဖြစ်နိုင်ဘူး။ အရင်တုန်းကတော့ဖြင့် ဧကအားလုံးဆိုတာက သူတို့ သတ်မှတ်သလိုပေါ့၊ ဧက ဘယ်နှသန်း၊ ဧကဘယ်နှသန်းဆိုတာမှာ ဘယ်လောက် ထိရင်း နှီးမြှုပ်နှံနိုင်တဲ့ တောင်သူဦးရေ ဘယ်လောက်ရှိလဲဆိုတာရှိတယ်။ So Call ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့လုပ်လို့မရတဲ့နေရာမရှိဘူးမဟုတ်ဘူး။ လုပ်လို့ရတဲ့နေရာနဲ့ ခုနကလိုပေါ့၊ စိတ်ဝင်စားတဲ့တောင်သူကလုပ်မှာပဲ၊ သို့သော် အကုန်လုံးတော့မဖြစ်နိုင်ဘူး။ ဘာ ဖြစ်လို့လည်းဆိုတော့ စိုက်ခင်းအနေနဲ့ လုပ်တဲ့တောင်သူတွေတောင်မှ အားလုံးက ကြဲခင်းအနေနဲ့ လုပ်သွားပြီ။ ကြဲခင်းတောင်မှပဲ ခုနလို စနစ်တကျ လုပ်နိုင်တဲ့ကြဲခင်းမျိုးမရှိတော့ဘူး။ အရင်တုန်းကကြဲခင်းဆိုရင် သူ့ဟာသူ ပေါင်းသတ်ဆေး ပက်တာတို့၊ မြေသြဇာ ပက်တာတို့လုပ်နိုင်တယ်။ ယူရီးယားဆိုရင် ဈေးနှုန်းကငါးဆလောက် တက်သွားတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလေ။ ၃း၃၄.၉၀ မြေသြဇာဈေးက ငါးဆလောက် တက်သွားတယ်။ စပါးက ငါးဆလောက်တက်မလားဆိုတော့မဖြစ်နိုင်ဘူး။ လက်ရှိအနေထားက သုံးသပ်ရင်တော့အတိုချုပ်ပြောရင်တော့ မဖြစ်နိုင်ဘူး’’ လို့ပြောပါတယ်။
စပါးအထွက်တိုးဖို့ အဓိကကျတဲ့ အချက်တခုဖြစ်တဲ့ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ဖို့ကိုတော့ လာမယ့် နွေစပါးရာသီအမီ စစ်ကောင်စီက ထုတ်ပေးနိုင်စွမ်းမရှိပါဘူး။ တနိုင်ငံလုံး မျိုးသန့် သုံးစွဲနိုင်တဲ့ အနေအထားက လက်ရှိအသုံးပြုရမယ့် ပမာဏအောက် ၅ ရာခိုင်နှုန်းလောက်သာ သုံးစွဲနိုင်ပါသေးတယ်။ ကျန်တဲ့ ၉၅ ရာခိုင်နှုန်းကတော့ အရည်အသွေးမီတဲ့ မျိုးစပါးတွေကို မသုံးစွဲနိုင်ဘဲ ဆန်အဖြစ် ကြိတ်ခွဲစားသုံးမယ့် စပါးတွေထဲက အနည်းငယ်သန့်စင်တဲ့ စပါးတွေကို ဖယ်ထားပြီး နောက်တနှစ်မှာ မျိုးအဖြစ် ပြန်လည်သုံးစွဲကြတာဖြစ်ပါတယ်။ စပါးမျိုးသန့်ရဖို့က မျိုးစေ့အဆင့်အလိုက် ၅ နှစ် အနည်းဆုံးကြာမြင့်နိုင်လို့ လာမယ့် နွေစပါးရာသီအမီ အထွက်နှုန်းကို ထောက်ပံ့ပေးမယ့် စပါးမျိုးသန့်ရရှိဖို့က မဖြစ်နိုင်တဲ့ အနေထားမှာ ရှိနေပါတယ်။ စပါးမျိုးသန့် သုံးစွဲနိုင်ရင် စပါးအထွက်နှုန်း တဧကကို အနည်းဆုံး ဆယ်တင်းအထိ အထွက်နှုန်းတိုးစေမှာ ဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးဖို့ အထောက်အကူမဖြစ်တဲ့ ငွေကြေးမူဝါဒ အမှားတွေကြောင့် လက်ရှိအချိန်မှာ ဓာတ်မြေသြဇာဈေးက သုံးဆနီးပါး တက်လာတဲ့အပြင် ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေနဲ့ တောင်သူတွေမှာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် လုပ်သားစရိတ် တက်လာတာ၊ စက်သုံးဆီဈေးတွေ တက်လာတာကလည်း တဧကကုန်ကျစရိတ်ကို မြင့်တက်လာစေပါတယ်။ ဒီလို ကုန်ကျစရိတ်တွေ မြင့်တက်လာပေမဲ့ စပါးဈေးကို အာမခံချက်ပေးမယ့် အခြေခံရည်ညွှန်းစပါးဈေး ထုတ်ပြန်နိုင်တာလည်း မရှိသေးပါဘူး။ ဒါကြောင့် လယ်သမားအများစုကတော့ ဓာတ်မြေသြဇာလျှော့သုံးတာ၊ အထွက်နှုန်း လျော့မှန်းသိပေမဲ့ စပါးကိုပျိုးထောင် ကောက်စိုက်တာတွေ မလုပ်နိုင်တော့ဘဲ လုပ်သားစရိတ်သက်သာတဲ့ ကြဲပက်စိုက်ပျိုးတဲ့ ကြဲခင်းတွေကိုပဲ ပိုပြီး စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။
စနစ်တကျ မစိုက်ပျိုးနိုင်တော့တဲ့ ကြဲခင်းတွေက အထွက်နှုန်းကို သုံးပုံတပုံအထိ လျော့ကျလာစေမယ်လို့ သုံးခွမြို့နယ်၊ ပျဉ်းမကန်ကျေးရွာမှ စပါးနဲ့ ပဲတီစိမ်း စိုက်ပျိုးတောင်သူ တဦးက ပြောပါတယ်။
“အထွက်တိုးဖို့ နေနေသာသာ ခါတိုင်းအထွက်မီဖို့တောင်မှ တို့ဘက်တွေဆို ဘယ်လိုဖြစ်မလဲ ဆိုတော့လေ ခါတိုင်းအထွက်ထက် သုံးပုံတပုံရရင်တောင် ကံကောင်းပဲ။ အဲ့ဒါကတော့ အဓိကကတော့ တို့ဘက်တွေမှာကလေ ဘယ်လိုခေါ်မလဲ သွင်းအားစုတွေ ဈေးတွေ ကြီးလာတယ်။ အဓိကကတော့ နွေကြဲတွေပေါ့နော်။ နွေကြဲတဲ့သူတွေက များလာတယ်။ များလာတော့ နွေကြဲတာက စရိတ်စက သက်သာတယ်ဆိုပြီးတော့ ပထမကတော့ အဲ့လိုပဲ နွေတည်းက ကြဲကြတာပေါ့နော်။ အခြောက်ကြဲတွေ။ ကြဲတဲ့ခါကျတော့ ဘာသွားဖြစ်လဲဆိုတော့ အဲ့ဒီမှာတခါ ပိုးတွေကျတယ်။ ပိုးတွေကျပြီးတော့ ပေါင်းတွေမနိုင်တော့တခါ ပေါင်းသတ်ဆေးတွေ ဖျန်းတယ်။ ပေါင်းသတ်ဆေးတွေကနေ အဲ့တော့ စပါးက အပေါ်ကို တက်လာတယ်လို့ မရှိဘူး။ အဲ့ဒီလို တက်ဖို့ကလည်း မြေဆီကျွေး၊ ဓာတ်မြေသြဇာကလည်း လက်ရှိပေါက်ဈေးကိုက တသိန်းသုံးသောင်းလောက် ဖြစ်နေတော့ ဘယ်သူမှ ကောင်းကောင်း မကျွေးနိုင်ဘူး။ အဲတော့ အဲ့လိုတွေဖြစ်လာတယ်။”
မြန်မာ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းမှာ မိုးစပါးနဲ့ နွေစပါး စိုက်ဧကပေါင်း ၁၇ သန်း ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပေမဲ့ ဒီပမာဏက လက်တွေ့ မြေပြင်မှာ တကယ်ရော ရှိနိုင်ပါရဲ့လား။ စပါးစိုက်တဲ့ လယ်မြေတွေကို စားသုံးမယ့်ပမာဏ၊ တင်ပို့မယ့် ပမာဏ စတာတွေ ခိုင်ခိုင်မာမာရှိရမယ့် ဆန်စပါးမူဝါဒ မရှိပေမဲ့ လယ်ယာမြအဖြစ်မှ ဖျတ်သိမ်းပြီး အခြားနည်းသုံးစွဲခွင့် ပေးတာတွေ၊ လယ်ယာမြေတွေကို ဝယ်ယူပြီး စပါးမစိုက်ပျိုးဘဲ လှပ်ထားတာတွေ ရှိနေပါတယ်။ ဒါ့အပြင် ရာသီဥတု ပြောင်းလဲလာတာရဲ့ နောက်ဆက်တွဲ မိုးခေါင်တာတွေ၊ ရေကြီး နစ်မြုပ်တာတွေနဲ့ ဖျက်ပိုးနဲ့ ရောဂါ ကျရောက်တာတွေ စတဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေ ပြုပြင်နေထိုင်နိုင်တဲ့ အခြေအနေတွေကလည်း နည်းပါးလျက်ရှိပါတယ်။ ဒီလိုအကြောင်းတွေကြောင့် စပါးအထွက်နှုန်းနဲ့ အရည်အသွေးတွေ လျော့ကျလာပြီး စပါးမစိုက်နိုင်တဲ့ လယ်ဧကတွေ တိုးလာပါတယ်။ ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင်ပဋိပက္ခတွေ ရှိလာတဲ့အတွက် စစ်ကိုင်းတိုင်းအတွင်းက ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ဆယ်မြို့နယ်မှာ စပါးစိုက်ဖို့ အခက်အခဲတွေ ရှိလာသလို မကွေး၊ မန္တလေး စတဲ့ဒေသတွေမှာလည်း လယ်မစိုက်နိုင်တဲ့ စိုက်ဧကတွေ ရှိလာပါတယ်။
ကျောက်ခေတ်နှောင်းပိုင်းကာလကတည်းက ကချင်၊ ရှမ်း၊ မကွေး၊ ရေနံချောင်း၊ ပြည် စတဲ့ ဒေသတွေက စလာခဲ့တဲ့ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းမှာ တောင်သူတွေက အကျိုးအမြတ် နည်းပါးတာတွေ၊ စရိတ်နဲ့ လုပ်အားကုန်ပြီး အဆုံးအရှုံးတွေ ရှိခဲ့ပေမဲ့ ရာသီချိန်ရောက်တဲ့အခါ စပါးမစိုက်ဘဲနဲ့ မနေခဲ့ကြပါဘူး။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်ကျစရိတ်တွေ ကြီးလာတာတွေ၊ အကျိုးအမြတ် မသေချာတာတွေ၊ စိတ်အင်အား လျော့ကျလာတာတွေကြောင့် လယ်မစိုက်နိုင်လို့ လှပ်ထားရတဲ့ လယ်မြေတွေလည်း ရှိလာတာကလည်း ထူးခြားတဲ့ အပြောင်းအလဲတခု ဖြစ်ပါတယ်။
ဒီလိုအခြေအနေအရပ်ရပ်တွေကြောင့် မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းဟာ တိုးမလာနိုင်တဲ့အပြင် ထုတ်လုပ်မှုက လျော့ကျလာလို့ စပါးတင်း ၇၅ သန်း ပိုထွက်လာဖို့ဆိုတဲ့ စစ်ကောင်စီရဲ့အိပ်မက်ဟာ အာဏာသိမ်းထားသရွေ့ ကျပ်ငွေဘီလီယံနဲ့ချီ ပုံပေးတာတောင် ဖြစ်နိုင်ချေ မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတာဖြစ်ပါတယ်။
စစ်ကောင်စီက လာမယ့်နွေစပါးပေါ်ချိန်မှာ စပါးတင်း ၇၅ သန်း ပိုထွက်လာဖို့ အိပ်မက် မက်ထားသလို ၂၀၂၃ ခုနှစ် ဆောင်းသီးနှံတွေ ပေါ်ချိန်မှာလည်း ဆီဖူလုံဖို့ မျှော်မှန်းထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လာမယ့်ရာသီကစပြီး နွေစပါးဧက ၈ ဒသမ ၅ သိန်းနဲ့ ပဲတီစိမ်းဧက ၅ သိန်းကို အကျိုးတူ လယ်ယာစနစ်နဲ့ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ အနက်မှ ကျပ်ဘီလီယံ ၂၃၀ မတည်ထူထောင် ပေးထားတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်က ကျင်းပတဲ့ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ သီးနှံမျိုးစုံ စိုက်ဧက ၃၃ ဒသမ ၂ သန်းလောက်ရှိပြီး မိုးကောင်း ရေသောက်၊ ဆည်ရေသောက်၊ မြစ်ရေတင်စိုက်ပျိုးမြေ ၂၅ ဒသမ ၅၁၇ သန်းခန့်ရှိကာ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နဲ့ နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ ရေအသုံးချမှု စနစ်တကျပြုလုပ်ပြီး ရေသွင်းစိုက်ဧက ၆ သန်းကျော်ကို စပါး၊ ပဲ၊ စပါး ၊ စပါး၊ နေကြာ၊ စပါး၊ စပါး၊ နှမ်း၊ စပါး အခြားစပါးနဲ့တွဲကာ သီးထပ်နှစ်မျိုးစသည်ဖြင့် မိမိကြိုက်နှစ်သက်ရာသီးနှံတွေကို ၃ သီး စိုက်ပျိုးသွားနိုင်မယ်ဆိုရင် တောင်သူတွေရဲ့ လူမှုစီးပွား ဘဝတွေများစွာပြောင်းလဲသွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
တကယ့်လက်တွေ့မှာတော့ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံဆိုတဲ့ မြန်မာစကားပုံဟာ ဝမ်းစာဖူလုံဖို့ကိုသာ အဓိကထား စိုက်ပျိုးခဲ့ကြတဲ့ အတိတ်ကာလမှာ ကျန်ခဲ့ပြီဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆီထွက်သီးနှံတွေထဲက အများဆုံးစိုက်နေတဲ့ နှမ်းနဲ့ မြေပဲစိုက်တောင်သူတွေဟာ ဈေးရတဲ့ နှမ်းနဲ့မြေပဲကို ရောင်းပြီး ဈေးသက်သာတဲ့ စားအုန်းဆီကို ပြန်လည်ဝယ်စားနေကြတာ ဖြစ်ပါတယ်။
သြဂုတ် ၁၅ ရက်နေ့မှာ မကွေးမြို့က နှမ်းကုန်သည်တွေ ထုတ်ပြန်ထားတဲ့ ၂၀၂၂ ခုနှစ် မိုးနှမ်းပေါ်ချိန်မှာ နှမ်းတတင်းကို ကျပ် ၉၂,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။ နှမ်းတတင်းကို ပျမ်းမျှဆီ ၇ ပိဿာရရှိလို့ အနိမ့်ဆုံး စားသုံးဆီဈေးကွက် ပေါက်ဈေးက ဆီတပိဿာကို အနည်းဆုံး ကျပ် ၈,၀၀၀ ပဲ ရှိပါတယ်။ ဒါကြောင့် ဈေးသက်သာတဲ့ ဈေးကွက်ထဲကဆီကို ဝယ်စားပြီး စိုက်လို့ရလာတဲ့ နှမ်းတွေကို ဆီကြိတ်မစားဘဲ ရောင်းချကြမှာဖြစ်ပါတယ်။
ကိုယ်စိုက်လို့ရတဲ့ နှမ်းဆီ၊ မြေပဲဆီ မစားနိုင်တဲ့ တောင်သူတွေဟာ နှမ်းနဲ့ မြေပဲမှ မရောင်းရရင် ဒီသီးနှံတွေကို စိုက်နိုင်မှာလည်း မဟုတ်ဘူးလို့ ဈေးကွက်ကျွမ်းကျင်သူက သုံးသပ်ပါတယ်။ ပဲမျိုးစုံတင်ပို့မှုက အမေရိကန်ဒေါ်လာ တစ်ဘီလီယံရခဲ့တဲ့ တခုတည်းသော စိုက်ပျိုးရေး ထွက်ကုန်ဖြစ်ပြီး အဲ့ဒီထဲမှာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲလည်း ပါဝင်ပါတယ်။
လက်ရှိမှာတော့ နှမ်းနဲ့မြေပဲ စိုက်ပျိုးထုတ်လုပ်ရောင်းချနေတဲ့ ကွင်းဆက်အခြေအနေနဲ့ ဆီဖူလုံဖို့ ရည်မှန်းချက်က ဘယ်လောက်ထိ လွဲချော်နေပါသလဲ။ ဒီအခြေအနေကို ဆီအိုးကြီးလို့ တင်စားကြတဲ့ မကွေးတိုင်းအတွင်း ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံ ဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။
“အဲ့ဒီဥစ္စာကတော့ မလွယ်ဘူး။ အခုလောလောဆယ်လည်း ကုန်သည်ပိုင်းတို့ ဘာတို့ကပဲ နည်းနည်းပါးပါး သူတို့ဝယ်နိုင်သလောက်ကို ဝယ်နေတဲ့အနေထားလို့ ပြောလို့ရတယ်။ တောင်သူကတော့ ကိုယ်စိုက်ထားတဲ့ဥစ္စာကို ကိုယ်ကိုယ်တိုင်စားသုံးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလုပ်နိုင်ကြဘူး။ သူတို့မှာက လက်ရှိက အခုမကွေးဘက်ဆိုရင်လည်း မိုးလေဝသအဆင်မပြေတဲ့အတွက် အထွက်နှုန်းကနည်းတယ်။ သူတို့မှန်းထားသ လောက်မရဘူး။ ပျှမ်းမျှက ၆တင်းဝန်းကျင်လောက်ပဲရှိတယ်။ အဲ့တော့ မြေသြဇာဈေးနဲ့ သွင်းအားစုတွေအနေထားနဲ့ဆိုရင် အကျိုးအမြတ်က ဒီလောက်ကြီးရှိမနေဘူး။ အဲ့တော့ တောင်သူကတော့ ရတဲ့ဈေးနဲ့ ပြန်ရောင်းရဖို့ရှိတယ်။”
ဒီလိုအခြေအနေမှာ ဆီထွက်သီးနှံထုတ်လုပ်မှုကနေ စားသုံးသူလက်ထဲရောက်တဲ့အထိ Supply Chain ကွင်းဆက်တခုလုံး ထုတ်လုပ်တဲ့သူတွေမှာလည်း အခက်အခဲဖြစ်လာနိုင်သလို စား သုံးတဲ့သူတွေမှာလည်း အခက်အခဲကဖြစ်လာနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူက ပြောပါတယ်။
“အဲ့တော့ပြောရမယ်ဆိုရင် ဒီဥစ္စာကတော့ တောင်သူကလည်းသိပ် မထားနိုင်သလို ကုန်သည်ပိုင်းကလည်း သိပ်မကိုင် နိုင်တဲ့အနေထားဖြစ်ပြီးတော့ Supply Chain ကအောက်သွားတာနဲ့ ကိုးရိုးကားရား ဖြစ်သွားနိုင်တဲ့အနေထားမျိုးဖြစ်သွားနိုင်တယ်။ စားသုံးသူကတော့အပြင်မထွက်လို့ ဖူလုံတယ်ဆိုတဲ့ဥစ္စာမျိုးနဲ့တော့ ဆိုင်တော့မဆိုင်ပါဘူး။ အဓိကကတော့တကယ်ဆိုရင်တော့ ဒီနှမ်းရောင်းတဲ့ ဥစ္စာက နှမ်းတစ်တင်းရောင်းပြီးတော့ စားအုန်း ဆီပြန်ဝယ်စားရတဲ့ဟာကတော့ ဒီလိုပဲ ရွေးချယ်နေကြရတာလေ။ ကိုယ့်နှမ်းကိုဈေးကောင်းကောင်းနဲ့ ရောင်းရမယ့်ဟာ ရောင်းခွင့်မရဘူး ဆိုရင်တော့ သူတို့လည်း အဆင်ပြေမှာမဟုတ်ဘူးပေါ့။”
ဆီထွက်သီးနှံနဲ့ စားသုံးဆီကဏ္ဍဖွံ့ဖြိုးလာဖို့ ဆီထွက်သီးနှံနဲ့ စားသုံးဆီကဏ္ဍဆိုင်ရာမူ ဝါဒမူကြမ်းကို ၂၀၁၉ ခုနှစ် သြဂုတ်အတွင်းမှာ ရေးဆွဲပြီးဖြစ်ပါတယ်။ အဲ့ဒီ မူဝါဒ မူကြမ်းမှာ သက်ဆိုင်ရာကျွမ်းကျင်သူတွေ စုပေါင်းဆွေးနွေးကြပြီးတဲ့နောက် ဆီထွက်သီးနှံအ ဖြစ် ဦးစားပေးစိုက်ပျိုးထုတ်လုပ်ဖို့ ပဲပုတ်သီးနှံကိုရွေးချယ်ထားပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ပဲပုတ်စေ့ တန်ချိန် ၁ သန်း ကနေ ၁ ဒသမ ၅သန်းအထိထွက်ရှိလာပါကဆီဖူလုံ ဖို့ဆွေးနွေးထားကြပေမဲ့ စစ်ကောင်စီကတော့ မျိုးစေ့ရဖို့ခက်ခဲတဲ့ နေကြာသီးနှံကိုပြောင်း ရွေးခဲ့ပြီး မူလစိုက်ဧက ခြောက်သိန်းကျော်ကနေ စိုက်ဧက ၁ ဒသမ ၅ သန်းအထိတိုး ချဲ့သွား ဖို့ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။
နေကြာစိုက်ဧကမှာစိုက်ပျိုးဖို့ လျာထားချက်က ဧက ၉ သိန်းလောက်ရှိပေမဲ့ အမှန်တကယ်စိုက်ဧကက ဧကခြောက်သိန်းလောက်သာရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
တစ်ပြည်လုံးမှာ နေကြာစိုက် ဧကက နေကြာစိုက်ပျိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အရင်ကတည်းက လျာထားချက် ပြည့်မီအောင် မစိုက်နိုင်တာတွေရှိခဲ့ပြီး ဒီလိုဖြစ်ရတာက နေကြာစိုက်ပျိုးထုတ်လုပ်ရာ မှာ အစေ့ဆံအောင်မြင်ဖို့ ခက်ခဲတာတွေ၊ လုပ်သားငှားရမ်း ရခက်ခဲတာတွေ၊ နေကြာထက် ရာသီဥတု ဆိုးရွားတဲ့ ဒဏ်ကိုခံနိုင်ရည်ရှိပြီး ဈေးပိုရတဲ့ မြေပဲကို စိုက်ပျိုးကြတာတွေ၊ တစ်နိုင်ငံလုံး အတိုင်း အတာအရ နေကြာဆီစားသုံးမှုနည်းပါးတာ တွေကြောင့် စိုက်ဧကလျော့နည်းရတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထား ကြပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ဆီထွက်သီးနှံစိုက်ဧက ခုနှစ်သန်းကျော်ရှိပြီး အများစုမှာမြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းတို့ကိုအများဆုံးစိုက်ပျိုးကြပါတယ်။ အဲ့ဒီကနေ ဆီထွက် သီးနှံတင်းသန်းပေါင်း ၁၉၂ သန်းနီးပါးထွက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
၁၉၂ သန်းကနေ မျိုးသုံးစွဲမှု၊ အလေအလွင့်နဲ့ အခြားသုံးတွေ ကိုဖယ်လိုက်ပါက ဆီကြိတ်ခွဲဖို့ တင်းသန်းပေါင်း ၁၅၈ သန်းနီးပါးကျန်ရှိပြီး အဲ့ဒီကနေ ထွက်ရှိတဲ့ ဆီမက်ထရစ်တန်ချိန် ၇၃၀,၀၀၀ ကျော်ထွက်ရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားရာမှာတော့ ဆီထွက်သီးနှံထွက်ရှိမှုက တန်ချိန် ၁ ဒသမ ၃သန်းသာရှိတယ်လို့ ထုတ်ပြန်ထား ပါတယ်။
ပြည်တွင်းဆီစက်တွေမှာ ကြိတ်ခွဲထုတ်လုပ်နေတဲ့ပမာဏကတော့ ဝ ဒသမ ၄သန်း သာရှိပြီး ကျန်တန်ချိန် တစ်သန်းနီးပါးက ပြည်ပကို တင်ပို့နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့အတွက် စိုက်ပျိုးရေးဦးစီးဌာန ကထုတ်ပြန်တဲ့ ကိန်းဏန်းတွေက အမှန်တကယ် ဆီကြိတ်ခွဲဖို့ သုံးစွဲနိုင်တဲ့ပမာဏက သုံးဆလောက်ပိုလျှံနေတဲ့အတွက် ဒီကိန်းဂဏာန်းတွေကို အမှန်ယူပြီး ပြောဆိုနေတဲ့ စစ်ကောင်စီရဲ့စားနပ်ရိက္ခာဖူလုံဖို့အတွက် ပြောကြားချက်တွေက လက်တွေ့နဲ့ ကွာဟချက် တွေရှိနေပါတယ်။
ဒါ့အပြင် ပြည်တွင်းစားသုံးမှုရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို တင်သွင်းနေရတဲ့ စာအုန်းဆီရဲ့ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကလည်း ဧက လေးသိန်း လောက်သာရှိတယ်လို့ စိုက်ပျိုး ရေးဦးစီးဌာကထုတ်ပြန်ထားပါတယ်။ စားအုန်းဆီရဖို့ စိုက်ပျိုးထုတ်လုပ်ရတဲ့ ဆီအုန်းကလည်း ဆီရရှိဖို့ အနည်းဆုံးသုံးနှစ်အထိ စောင့်ဆိုင်းရတဲ့နှစ်ရှည်သီးနှံဖြစ်လို့ အခုလို ၂၀၂၂ မိုးရာသီမှာတိုးချဲ့ စိုက်ပျိုးနိုင်ရင်တောင် ၂၀၂၃ ဆောင်းရာသီမှာ ဆီဖူလုံဖို့အတွက် ထောက်ပံ့ပေးနိုင်မှာမဟုတ်ပါဘူး။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံရဲ့နှစ်အလိုက် ဆီတင်သွင်းမှုပမာဏကိုကြည့်မယ်ဆိုရင် တစ်နှစ်ထက်တစ် နှစ်ပိုများလာပြီး ၂၀၁၂- ၂၀၁၃ ဘဏ္ဍာ နှစ်ကနေ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၆ သိန်းနီးပါးကနေ တန်ချိန် ၉ သိန်း နီးပါးအထိ မြင့်တက်လာတာကို တွေ့ရပါ တယ်။
ဒါကြောင့် တောင်သူတွေရဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုဟာ ကြိတ်ခွဲစားသုံးဖူလုံဖို့ ထက် ဝင်ငွေရသီးနှံအဖြစ်စိုက်ပျိုးထုတ်လုပ်ကြတာဖြစ်ပါတယ်။ မြန်မာ့ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှု၊ ပြည်တွင်းသုံးစွဲမှု၊ ဆီတင်သွင်းစားသုံးမှု ပမာဏ တွေကို နှိုင်းယှဉ်သုံးသပ်ကြည့်မယ်ဆိုရင် ၂၀၂၃ ခုနှစ်ဆောင်းရာသီအတွက် ဆီထွက်သီးနှံတွေ ပေါ်လာချိန်မှာ ဆီဖူလုံမှု အပြည့်အဝရရှိနိုင်မယ်လို့ပြောဆိုထားတဲ့ စစ်ကောင်စီရဲ့ ပြောဆိုမှုတွေက စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေအတွက် စီးပွားရေးအရတရားမျှတမှု မရှိတဲ့အပြင် စိုက်ပျိုးရေး လုပ်ငန်းအလေ့အထအရဖြစ်နိုင်ဖွယ်ရာမရှိမယ့်အခြေအနေမှာရှိ နေပါတယ်။
ဒါ့အပြင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်နေအိမ်နဲ့ အဆောက်အအုံပေါင်း ၃၀၀၀၀ နီးပါး ဖျက်ဆီးခံရတယ်လို့ Institute for Strategy and Policy Myanmar(ISP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီထဲမှာ စပါးစိုက်ဧက ၂ သန်းကျော်နဲ့ မြန်မာနိုင်ငံရဲ့တတိယ အများဆုံး စပါးစိုက်ဧကတွေတည်ရှိရာ စစ်ကိုင်းတိုင်းက ၇၂ ရာခိုင်နှုန်းကျော် ပါဝင်ပြီး အများဆုံး ဖျတ်ဆီးခံရတာ ဖြစ်ပါတယ်။
ဒါ့အပြင်စစ်ကိုင်းတိုင်းက ဆီထွက် သီးနှံအများ ဆုံးစိုက်ပျိုးတဲ့ တိုင်းဒေသကြီးမှာလည်း ပါဝင်နေပါတယ်။ စစ်ကိုင်းတိုင်းမှာ မြေပဲစိုက်ဧက ရှစ်သိန်းခြောက်သောင်းကျော်၊ နှမ်းစိုက်ဧက ဆယ်သိန်းကျော်၊ နေကြာစိုက်ဧက သုံးသိန်းခုနှစ်သောင်းကျော်၊ မုန်ညင်းစိုက်ဧက သုံးသောင်းကျော်နဲ့ ပန်းနှမ်းစိုက်ဧကက တစ်သိန်းတစ်သောင်းကျော်ရှိပါတယ်။ ဒီလိုစပါးနဲ့ ဆီထွက်သီးနှံတွေ အများအပြားစိုက်ပျိုးရာဒေသတွေမှာ အိုးအိမ်ပျက်စီးတာတွေ၊ အိုးအိမ်ကို စွန့်ခွာထွက် ပြေးရသူတွေ အများအပြားရှိနေတာက သီးနှံထုတ်လုပ်တဲ့လုပ်ငန်းတွေအပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ဇူလိုင်လအတွင်းမှာထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ လုံခြုံရေးအခြေအနေဆိုးရွာလာတဲ့အပြင် ချင်းပြည်နယ်နဲ့ အအညာဒေသတွေမှာ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အတွက် စီးပွားရေးလုပ် ငန်းအားလုံးရဲ့ ငါးပုံတစ်ပုံနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ ငါးပုံနှစ်ပုံက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် အတွင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀၃၀၀၀ ဦးရှိပြီး လူဦးရေ ၁ ဒသမ ၂သန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်တယ်လို့ သြဂုတ်လ ၈ ရက်နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် လက်ရှိသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်တဲ့အနေထားအတွေအရ လာမယ့်နွေစပါးပေါ်ချိန်မှာ စပါးတင်းသန်းပေါင်း ၇၅ သန်းအထွက်တိုးလာဖို့မဖြစ်နိုင်သလို ၂၀၂၃ ဆောင်းသီးနှံပေါ်ချိန်မှာ စားသုံးဆီဖူလုံဖို့ရည်ရွယ်ချက်ကလည်း အလှမ်းဝေးနေမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
စိမ့်လဲ့ကန်သာ