close

စိုက်စရိတ်ချေးငွေ

close

June 8, 2022

နေကြာသီးနှံအတွက် စိုက်စရိတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ ချပေးရန်လျာထား

နေကြာသီးနှံစိုက်ပျိုးတဲ့တောင်သူတွေအတွက်  စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ ချေးပေးဖို့လျာထားကြောင်း စစ်ကောင်စီပြန်ကြားရေးထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ချေးငွေချထားပေးရာမှာ သီးသန့်စိုက်ပျိုးတဲ့ နေကြာခင်းတွေအတွက် တစ်ဧကကို ကျပ်တစ်သိန်းနှုန်း၊ ဧက ၃၀၀၀ နဲ့အထက် အထူးစိုက်ပျိုးတဲ့ မြို့နယ်တွေမှာ တစ်ဧကကို ကျပ်တစ်သိန်းခွဲနှုန်းနဲ့  ကြိုတင်ချေးပေးဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။

အရင်က စပါးသီးနှံတမျိုးအတွက်ပဲ စိုက်စရိတ်ချေးငွေ ကြိုတင်ထုတ်ချေးပေးခဲ့ရာကနေ အခုအခါ နေကြာသီးနှံအတွက်ပါ တနိုင်ငံလုံးအတိုင်းအတာအတွက် ငွေကျပ် ၁၀၀ ဘီလီယံ ချေးပေးဖို့ လျာထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်  သီးနှံပေါ်ချိန်မှာ စျေးနှိမ်မခံရအောင် အခြေခံစျေးနှုန်း သတ်မှတ်ပေးဖို့ ကြိုတင်ပြင်ဆင် နေတယ်လည်း အဲဒီသတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ဆီထွက်သီးနှံတွေတိုးချဲ့စိုက်ပျိုးပြီး ပြည်ပကို ဆီတင်ပို့ရောင်းချကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုပြီးနောက်မှာ အခုလိုဆောင်ရွက်လာတာဖြစ်ပါတယ်။  

လက်တွေ့မှာတော့ မြန်မာနိုင်ငံဟာ ပြည်တွင်းစားဆီလိုအပ်ချက်ကြောင့် ပြည်ပကနေ  စားအုန်းဆီကို နှစ်စဥ် ဒေါ်လာသန်း ပေါင်းများစွာ အကုန်အကျခံပြီး တင်သွင်းနေရတာဖြစ်ပါတယ်။ 

လတ်တလော ပြည်တွင်း၊ပြည်ပ အခြေအနေအရပ်ရပ်အရ ပြည်တွင်းမှာ စားအုန်းဆီရှားပါးနေပြီး၊ စျေးနှုန်းစံချိန်တင် မြင့်တက်ခဲ့တာကြောင့် အခြေခံ၀င်ငွေနည်းပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ပြည်တွင်းလက်လီစာအုန်းဆီဈေးကွက်မှာ ဆီတပိဿာဈေးဟာ ငွေကျပ် ၉၀၀၀ နီးပါးမြင့်တက်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ စားအုန်းဆီတင်သွင်းမှု လျှော့ချဖို့အတွက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီတင်ပို့မှုကို ကန့်သတ်တာ၊ ဆီထွက်သီးနှံကဏ္ဍမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေကို ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ပြီးဖိတ်ခေါ်တာ၊ စားအုန်းဆီ ဖြန့်ဖြူးမှုနဲ့ စျေးကွက်ကို ထိန်းချုပ်တာတွေ  လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးဖို့ စီမံနေပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာ၀တီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အဓိက တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်နေပါတယ်။

အဲဒီစံမံချက်နဲ့ ပတ်သက်ပြီး အုပ်စုတစု၊ အသင်းအဖွဲ့တဖွဲ့အတွက် လုပ်ပိုင်ခွင့်ချပေးတာမျိုး မဖြစ်စေဖို့ ထောက်ပြပြောဆိုတာတွေလည်း  ရှိပါတယ်။

9 mins Ago

April 22, 2021

စိုက်စရိတ်ချေးငွေ ပြန်ဆပ်ကြရန် စိုက်ဘဏ်က တောင်သူတွေကို ဖိအားပေးတောင်းခံနေ

အကြမ်းဖက်စစ်အာဏာရှင်လက်အောက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က ပြည်သူ့အစိုးရချေးထားတဲ့ ပိုက်ဆံတွေ ပြန်ဆပ်ဖို့ တောင်သူတွေကို ဖိအားပေးတောင်းခံနေတယ်လို့ လယ်သမားအရေးလှုပ်ရှားတွေထံက သိရပါတယ်။

ပုံမှန်စိုက်ပျိုးစရိတ်ချေးငွေ၊ ကိုဗစ် အထူးချေးငွေနဲ့ နှစ်ရှည်နှစ်ဆင့်ခံချေးငွေတွေ အားလုံးကို ပြန်ဆပ်ဖို့ မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွေမှာ အသိပေးကြေညာထားပြီး တောင်သူတွေဆီ ဖိအားပေးတောင်းခံဖို့ ဘဏ်ရုံးချုပ်ကနေ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက လယ်သမားအရေးလှုပ်ရှားသူ တစ်ဦးက “သူတို့လက်ထဲမှာ ပိုက်ဆံမရှိတော့တာ သေချာတယ်။ တောင်သူတွေ ကြောက်ပြီး ရှိသမျှ ပေါင်နှံပြီး အကြွေးသွားမဆပ်ဖို့ တိုက်တွန်းပါတယ်။ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေဟာ အခုထိကို အသက်ဝင်နေတာမို့ တောင်သူတွေ မကြောက်ကြဖို့ လိုတယ်။ အကြွေးသစ်ထပ်ချေးလို့ မရရင်တောင် အကြွေးဟောင်းကို မဆပ်ဘဲ တောင့်ခံထားဖို့ လိုပါတယ်” လို့ ပြောပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေမှာ အချိန်စေ့ကြွေးကျန်၊ အချိန်စေ့လွန်ကြွေးကျန်ဆိုပြီး ရှိရာမှာ အချိန်စေ့လွန်ကြွေးကျန်ကို တောင်သူတွေဆီ အကြောင်းကြားကောက်ခံတာကို  အရင်က ပြုလုပ်ခဲ့ပေမဲ့ အချိန်စေ့ကြွေးကျန်ကိုတော့ အတင်းအဓမ္မကောက်ခံတာ မရှိဘူးလို့ ဆိုပါတယ်။

 ဒါ့အပြင် ကိုဗစ်အထူးချေးငွေနဲ့ နှစ်ရှည်နှစ်ဆင့်ခံ ချေးငွေတွေကို ပြည်သူ့အစိုးရက ထုတ်ချေးခဲ့စဉ်မှာ သတ်မှတ်အချိန်ထားရှိပေမဲ့ အခုလို အတင်းအဓမ္မတောင်းခံဖို့ ညွှန်ကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

1 year Ago
Up