close

စိုက်ပျိုးရေး

close

May 11, 2023

စိုက်ပျိုးရေးလုပ်ငန်းကနေ နိုင်ငံ့စီးပွားရေး တဟုန်ထိုး တိုးတက်သွားနိုင်ဟု စစ်ခေါင်းဆောင်ပြော

စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နိုင်မယ်ဆိုပါက နိုင်ငံ့စီးပွားရေး တစ်ဟုန်ထိုး တိုးတက်သွားနိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမမှာ ကျင်းပတဲ့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က မိုးစပါး တစ်ဧကလျှင်ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း လောက်ထွက်ရှိကြောင်း၊ စိုက်ပျိုးဖို့ကျန်တဲ့ စိုက်ပျိုးမြေတွေမှာ ဧက ၄ သန်းလောက်ကို သီးထပ် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းနဲ့ တွက်ချက်မယ်ဆိုရင် ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမယ်၊ တစ်တင်း လျှင် ၁၀၀၀၀ နှုန်းနဲ့ တွက် ချက်ကြည့်မယ်ဆိုရင် စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်က စပါးအထွက်နှုန်းကို စိတ်ကူးယဉ်တွက်ချက်ပြနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ စပါးအထွက်နှုန်းမကောင်းဘူးလို့ တောင်သူလယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။  

ပဲခူးတိုင်းက စပါးစိုက် တောင်သူတဦးကတော့ “အထွက်နှုန်းမကောင်းပါဘူး။ မိုးစပါးတုန်းကအထွက် နှုန်းလျော့တယ်လေ။ ရာသီဥတုကလည်းမမှန်၊ ရေကလည်း မရဘူး။ ပြီးတော့ မြေသြဇာတွေက စျေးမြင့်တော့ လိုသလောက် မပက်နိုင်ဘူး။ မြေသြဇာမနိုင်တော့ အထွက်လည်း ကျတယ်။ စိုက်စရိတ် ကုန်ကျစရိတ်နဲ့ ဖြစ်နေတဲ့ စပါးစျေးနဲ့ တွက်ခြေသိပ်မကိုက်ဘူး” လို့ ပြောပါတယ်။

စပါးစျေးမကောင်းချိန်မှာ စိုက်ပျိုးရေးသွင်းအားစုစျေးတွေ အဆမတန်ကြီးမြင့်နေလို့ အပြည့်အဝ ထည့်သွင်းနိုင်ခြင်းမရှိတာကြောင့် မိုးစပါးအထွက်နှုန်း လျော့ကျခဲ့တယ်လို့လည်း ဧရာ၀တီတိုင်းက လယ်သမားတဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာလူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ နှီးနွယ်နေသူတွေဖြစ်လို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်  ကျေးလက်နေပြည်သူတွေရဲ့ တွေ ထူးခြားစွာ တိုးတက်ပြောင်းလဲလာမယ်လို့ သုံးသပ်တွေ့ရှိရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

လက်တွေ့မှာတော့ ကျေးလက်နေပြည်သူတွေ အထူးသဖြင့် စစ်ကိုင်းတိုင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်တွေ၊  အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းတွေနဲ့ သိုလှောင်ထားတဲ့ ဆန် စပါးတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။   

စစ်ခေါင်းဆောင်ကတော့ နိုင်ငံ့စီးပွားမြှင့်တင်ရေးဖို့အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားမယ်၊ ရေခံမြေခံကောင်းတဲ့ နိုင်ငံအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်၊ စိုက်ပျိုး ရေးထုတ်ကုန်ကို အရင်ကထက် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပသို့ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်မှာဖြစ်ပြီး နိုင်ငံခြားဝင်ငွေ တိုးတက်လာကာ နိုင်ငံ့စီးပွား ပိုမိုတိုးတက်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေကြောင့် မြန်မာ့စီးပွားရေး (ဂျီဒီပီ)က အနုတ် ၁၈ အထိ ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးမရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေနဲ့ ဆက်လက်မြင့်တက်နေဦးမယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာက စီးပွားရေးတိုးတက်မှုနှုန်း အနိမ့်ဆုံးဖြစ်လာ နိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့် မှန်းထားပါတယ်။

Photo-DSINFO

27 seconds Ago

December 6, 2022

သဲကန္တာရအတွင်း လေယာဉ်ဖြင့် မျိုးစေ့ကြဲပြီး သစ်ပင်စိုက်ပျိုးရန် တရုတ်ကြိုးပမ်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်ကျန်းပြည်နယ်၊ ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အာရယ်မြို့မှာ ဟက်တာပေါင်း ၃,၃၀၀ လောက်ရှိတဲ့ သဲကန္တာရအတွင်း လေယာဉ်တွေနဲ့ မျိုးစေ့ဘောလုံးတွေကြဲပြီး စိုက်ပျိုးဖို့ ကြိုးစားနေကြပါတယ်။

တရုတ်နိုင်ငံဟာ ဝေဟင်ကနေ သစ်တောပျိုးထောင်ရာမှာ မျိုးစေ့ဘောလုံးတွေကို အမြောက်အမြားသုံးတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အာရယ်မြို့လေဆိပ်မှာ ဝန်ထမ်းတွေဟာ မြေဩစာပြည့်ဝတဲ့ မြေကြီးတွေနဲ့ ပေါင်းစပ်ထားတဲ့ သစ်ပင်မျိုးစေ့တွေကို လေယာဉ်ပေါ်က ကုန်သေတ္တာတွေထဲထည့်ပြီး ချိန်တွယ် သယ်ဆောင်သွားခဲ့တာပါ။

မျိုးစေ့တွေ ရှင်သန်နှုန်းကို မြှင့်တင်ဖို့ အာဏာပိုင်တွေဟာ ရှန်းရှီး သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ် အပါအဝင် တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံး မျိုးစေ့ကြဲမှုအချိုးကို ဆုံးဖြတ်ဖို့ သဲကန္တာရ ဟက်တာ ၄၀၀ မှာ စမ်းသပ်ခဲ့ပါတယ်။

စီမံကိန်းဒါရိုက်တာ ဝမ်ရှင်းဖန်က “ကျနော်တို့က ကန္တာရအပင်တွေရဲ့ မျိုးစေ့မျိုးစုံကို ကြဲထားတာကြောင့် ရှင်သန်မှုနှုန်းက တရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တောင် ကျနော်တို့အတွက် ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်မှာပါ” လို့ ပြောပါတယ်။

ခုအကြိမ် စိုက်ပျိုးခဲ့တဲ့ သစ်ပင်မျိုးစိတ်တွေထဲမှာ သဲကန္တာရ မူဝါဒလို ဆားပေါက်နေတဲ့ မြေဆီလွှာမှာ မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သစ်ပင်တွေ ပါပါတယ်။

ဒီဇင်ဘာလမကုန်မီ အာရယ်မြို့မှာ သဲကန္တာရ ဟက်တာ ၃၃,၃၀၀ လောက်အတွက် ဝေဟင်ကနေ မျိုးစေ့ဘောလုံးတွေ အပြီးသတ်ကြဲချဖို့ မျှော်လင့်ထားပါတယ်။

လာမယ့်ငါးနှစ်အတွင်း ဒေသန္တရ အာဏာပိုင်တွေဟာ သဲကန္တာရ ဟက်တာ ၂၀,၀၀၀ မှာ သစ်ပင်စိုက်ပျိုးဖို့ ပစ်မှတ်ကို အကောင်အထည်ဖော်နိုင်ရေး ဝေဟင်ကနေ မျိုးစေ့ဘောလုံးတွေ ကြဲချ စိုက်ပျိုးရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

5 months Ago
Up