close

စိုက်ပျိုးသီးနှံ

close

October 4, 2022

ယင်းမာပင်မြို့နယ်တွင် ချောင်းရေကြီးပြီး စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာ  ၄ ရက် မနက် ၇ နာရီလောက်က မြောက်ယမားချောင်း ရေကြီးလျှံမှုကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီး ဆုံးရှုံးခဲ့ရသလို လယ်ယာသုံးပစ္စည်းတချို့နဲ့ နေအိမ်တလုံးလည်း ရေထဲမျောပါ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပိုင်ကျေးရွာနေ ပြည်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးသွားတာဖြစ်ပြီး ကပိုင်ကျေးရွာရဲ့ ဘေးပတ်လည်ရှိ မြေနုကျွန်းမှာ စုစုပေါင်း စိုက်ပျိုးဧက ၂၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီကျွန်းတွေပေါ်မှာ အရင်နှစ်တွေတုန်းကလည်း ပဲတီစိမ်း၊ မြေပဲသီးနှံအများဆုံး စိုက်ပျိုးပြီး အဲဒီကြားထဲမှာ တခြားသီးနှံတချို့ကို စိုက်ပျိုးကြသလို အခုနှစ်မှာလည်း အဲဒီသီးနှံတွေကို ထပ်မံစိုက်ပျိုးထားကာ ရေကြီးလျှံမှုကြောင့် စိုက်ပျိုးထားတဲ့ သီးနှံအားလုံး ရေထဲ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ရေလျှံမှုကို ကြုံနေရတဲ့ ကပိုင်ကျေးရွာဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အဆောက်အအုံပေါင်း ၅၀၀ ကျော်လောက် မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်ဘေးကြောင့် အခက်အခဲတွေရှိနေသေးသလို ရေဘေးကပါ ထပ်မံကြုံတွေ့နေကြရတာကြောင့် စေတနာရှင်ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီပေးကြဖို့လည်း ဒေသခံတွေက အကူအညီတောင်းခံထားပါတယ်။

10 mins Ago

September 18, 2021

ကနီမြို့နယ်အတွင်း ဒေသခံများ တိမ်းရှောင်နေရသဖြင့် စိုက်ပျိုးသီးနှံများ မရိတ်သိမ်းနိုင်ဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စခန်းချပြီး နေအိမ်တွေကို ဖျက်ဆီးတာနဲ့ ရိုက်နှက်ဖမ်းဆီးတာလုပ်နေတာကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ မြေပဲ ရိတ်သိမ်းဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ကနီမြို့နယ် ဝင်မနားနယ်‌မြေခံရဲစခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ် PDF က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းရော၊ ရဟတ်ယာဉ်တွေနဲ့ရော စစ်ကောင်စီတပ်က အင်အားအလုံးအရင်း တပ်ချတယ်လို့ ‌ကနီမြို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲကို သေနတ်တွေ ပစ်ခတ်ဝင်‌ရောက်ပြီး ကျေးရွာသား‌တွေကို ရိုက်နှက်ဖမ်းဆီးတာ၊ ပစ္စည်းတွေယူတာ၊ နေအိမ်တွေကို ဖျက်ဆီးတာတွေလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး သီးနှံရိတ်သိမ်းဖို့ အခက်အခဲကြုံနေတာလို့ ဝင်မနားကျေးရွာက တောင်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အခုကာလက မြေပဲစိုက်တောင်သူ‌တွေ မြေပဲရိတ်သိမ်း‌နေရတဲ့ ရာသီချိန်ဖြစ်တယ်ဗျ။ ကျနော်တို့ ဒီမြေပဲတွေက တစ်ပတ်အတွင်း မရိတ်သိမ်းနိုင်ရင် ဆုံးရှုံးမှုအများကြီး ဖြစ်လာတော့မှာဗျ။ အခုဆိုရင် စစ်သားတွေရှိနေတော့ ထွက်ပြေး‌နေကြရတာ။ ဒါတွေက ဒီတစ်ပတ်အတွင်းမှာ အပြီးလုပ်ရမယ့် အလုပ်တွေဗျ။ ပျက်စီးဆုံးရှုံးမှု ပမာဏကတော့ဗျာ ကျနော်တို့ အင်းပေါင်းဒေသဆို ရွာပေါင်း ၂၄ ရွာဆိုတော့ စဉ်းစားတာကြည့်တော့ဗျာ။” 

ကနီမြို့နယ် အင်းပေါင်းဒေသမှာ ပြီးခဲ့နစ်တွေက မြေပဲစိုက်တောင်သူတစ်ဦးကို  မြေပဲတင်းရေ ရာနဲ့ချီ ရရှိခဲ့ကြတာလို့ ဆိုပါတယ်။ လက်ရှိမှာ ကျေးရွာ ၂၄ ရွာက မြေပဲစိုက်ဧက ၁ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

အခုနှစ်မှာ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ယောက်မွှေနှောက် ဖျက်ဆီးတာတွေ လုပ်နေကြပြီး စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ဝင်မနားကျေးရွာအတွင်း စစ်သားတစ်ဦးက ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး နယ်မြေအတွင်းက ဘုန်းတော်ကြီးတစ်ပါးက တောင်းပန်ကာ ပြန်ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။

1 year Ago
Up