ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက် ဒီနေ့မနက်က SITRANG(စီတရန်)ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ပေါက်တောမြို့နယ်က နေအိမ်တချို့ ပျက်စီးပြီး ပြည်သူတွေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းမှာ စီတရန် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်လို့ နေအိမ်တွေ ပျက်စီးပြီး ပြည်သူတွေ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဆင်တက်မော်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“မုန်တိုင်းဝင်တာက ညကတည်းက ဝင်တာဗျ။ လေကတော်တော်ပြင်းတယ်။ ကျနော်တို့ရွာက ပင်လယ်ကမ်းစပ်မှာဆိုတော့ မုန်းတိုင်ဒဏ်ကို နှစ်စဥ်ခံစားကြရတယ်။ အိမ်ခြေဘယ်လောက်ထိ ထိခိုက်ပျက်စီးတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူး။ ကမ်းနားမှာရှိတဲ့ နေအိမ်တွေ ဆိုင်ခန်းတွေနဲ့ ကမ်းထိန်းနံရံတွေ အားလုံးနီးပါး ပျက်စီးသွားတယ်။”
ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေ အပါအဝင် ပြည်သူအားလုံးနီးပါးကိုတော့ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ထားရတယ်လို့ ပြောပါတယ်။
အဲဒီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်မှာရှိတဲ့ ငါးဖမ်းစက်လှေတွေ၊ ခရီးသည်တင် ရေယာဥ်တွေ ယာယီရပ်နားထားရပြီး ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ သစ်ပင်ကျိုးကျတာ၊ နေအိမ်တွေ အမိုးလန်ပျက်စီးတာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း စီတရန်ဟာ မြောက်ဘက်၊ အရှေ့မြောက်ဘက်သို့ ရွေ့လျားနေပြီး ဟိုင်းကြီးကျွန်း၊ သံတွဲမြို့၊ စစ်တွေမြို့၊ အန္ဒိယနိုင်ငံ ဆာဂါကျွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆောမြို့တွေနားမှာ ဗဟိုပြုနေတယ်လို့ ဒီနေ့မနက် ၇ နာရီမှာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဟာ မြန်မာဘက်ကို ဦးတည်ခြင်းမရှိလို့ အဝါရောင် အဆင့်သတ်မှတ်ထားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “စီတရန်(SITRANG)”ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပေမဲ့ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးဇလဌာနက အောက်တိုဘာ ၂၄ ရက် ဒီနေ့ မနက် သတိပေးကြေညာထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်၊ သံတွဲမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင် (၂၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်းတောင်ဘက် ရေမိုင်(၂၄၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဆောမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။
အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းရှိမယ်လို့ ခန့်မှန်းထားတဲ့ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းရဲ့လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။
နောက် ၁၂ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “စီတရန် (SITRANG)” အဖြစ်သို့ ရောက်ရှိနိုင်ကာ မနက်ဖန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို တင်ကိုနာကျွန်းနဲ့ ဆန်းဝစ်(ပ်)ကျွန်းတို့ အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၆ ရက်မှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ဒေသတချို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၆၀ အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်း၊ လျှပ်တစ်ပြက် ရေကြီး၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ သတိထားကြဖို့၊ မြစ်ချောင်းအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို သတိပြုဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုဖို့လည်း အကြံပြုထားပါတယ်။
Ref- မိုးဇလ