close

စီမံကိန်း

close

April 16, 2023

မံစီမြို့နယ်ရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်း အားလုံး ရပ်ဆိုင်းကြောင်း KIO ပြော

ကချင်လူထုက အပြင်းအထန် ကန့်ကွက်နေတဲ့ ကချင်ပြည်နယ် မံစီမြို့နယ်ထဲက မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်း စီမံကိန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၅ ရက်နေ့ မနက်က မိုင်ဂျာယန်မြို့နယ် မနောကွင်းခန်းမမှာ  အင်ဘာပါဒေသခံ ၂၀၀၀ နီးပါးနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “ကျနော်တို့ ဒီဒေသမှာ မြေရှားသတ္တုတူးဖော်ရေးကို နောက်ထပ်ပြီးမှ ကန့်ကွက်ကြပါ။ ကျန်သဘာဝသယံဇာတတွေ အားလုံး ပြုန်းတီးမယ့်ဟာကို ဗိုလ်ချုပ်ကြီးအနေနဲ့လည်း သူကိုယ်တိုင်လည်း ကန့်ကွက်တယ်ဆိုပြီး ပြောတယ်။ ကျနော်တို့ ဒေသမှာ မြေရှားသတ္တုတူးဖော်ရေးကို ဒီနေ့ကနေ ရပ်တန့်လိုက်ပြီဆိုပြီးတော့ အတိအလင်း ကြေညာပေးတာပေါ့။”

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ဒေသခံတွေကိုယ်စား ဗန်းမော်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ခေါင်းဆောင် ၅ ဦးဟာ လိုင်ဇာမြို့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ဧပြီ ၁၅ ရက်နေ့မှာ ဒေသခံပြည်သူလူထုကို KIO ဥက္ကဋ္ဌက ကိုယ်တိုင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

နည်းလမ်းမျိုးစုံနဲ့ စီမံကိန်းကို ကန့်ကွက်လာတာ ၅ လခန့်ကြာမြင့်ပြီးတဲ့နောက် ဧပြီ ၁၅ ရက်နေ့က မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆိန်းပါ၊ ဒိန်ဆင်းဘွမ်၊ ကျိန်းလပ်ပါ၊ ခပရာ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ စတဲ့ ကျေးရွာတွေရှိ စီမံကိန်းအားလုံးကို ရပ်တန့်ဖို့ KIO ဥက္ကဋ္ဌက ပြောဆိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အင်ဘာပါဒေသခံ ၂၀၀၀ နီးပါး မိုင်ဂျာယန်မှာ အစည်းအဝေးတက်ပါတယ်။ KIO ခေါင်းဆောင်နဲ့ KIO ဌာနချုပ်က အရေးပါတဲ့လူကြီးတွေနဲ့ သွားတွေ့တယ်။ ကျနော်တို့ တောင်းဆိုချက်၊ ကျနော်တို့ ပြည်သူတွေရဲ့ လိုလားချက်အားလုံး လိုက်လိုက်လျောလျောနဲ့ လက်ခံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်တယ်။ KIO ခေါင်းဆောင်သဘောထားက ကျနော်တို့ လူမျိုးအတွက် အကောင်းဆုံး ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ကျနော်တို့ ပြည်သူတွေက အသိအမှတ်ပြုပါတယ်‌။ KIO ခေါင်းဆောင်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျော်ပေးတဲ့အဖွဲ့အစည်းဖြစ်ရမယ်၊ KIO ဆိုတာ အဲ့လို ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး တရုတ်နယ်စပ် မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတိုးချဲ့တူးဖော်ဖို့ စမ်းသပ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ဖို့ KIO က တရုတ်ကုမ္ပဏီတွေကို ခွင့်ပြုပေးခဲ့တာပါ။ 

ဒါကြောင့် သဘာဝတောတောင် နယ်မြေနဲ့ သမိုင်းအမွေအနှစ် ပျက်စီးထိခိုက်သွားမှာကို စိုးရိမ်တဲ့ ဒေသခံတွေက စီမံကိန်းကို ပြင်းပြင်းထန်ထန် စတင်ကန့်ကွက်လာကြတာပါ။

13 hours Ago

August 26, 2022

အာဏာရှင်အဆုံးသတ်နိဂုံးအတွက် NUG က နွေဦးရိပ်မွန်-မင်းဓမ္မနှင့် နွေဦးမော်ကွန်းသစ်-သံသုမာ စီမံကိန်းများ ရောင်းချမည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ်ရဲ့ နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတွေ စတင်ရောင်းချတော့မယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲပေးသွင်းရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့ အညီ စိတ်ကြိုက်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

နွေဦးရိပ်မွန် စီမံကိန်းကတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှာ တည်ရှိမှာဖြစ်ပြီး မျက်နှာချင်းဆိုင်မှာ ဝိတိုရိယဆေးရုံနဲ့ တခြား စည်ကားတိုးတက်နေတဲ့ စီးပွားရေး အချက်အခြာနေရာတွေနဲ့ လူနေရပ်ကွက်တွေ တည်ရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကားနဲ့ ၇ မိနစ်လောက်သာ ကွာ‌ဝေးမှာ ဖြစ်ပါတယ်။

နွေဦးမော်ကွန်းသစ် စီမံကိန်းကိုတော့ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းမပေါ် (ပါရမီလမ်းအကျော်) လက်ရှိ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းနေရာမှာ ဖော်ဆောင်မှာဖြစ်ကာ ဧက ၂၂၀ လောက် ကျယ်ဝန်းပြီး ငမိုးရိပ်ချောင်းဘေးမှာ တည်ရှိပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ နွေဦးရိပ်မွန်-မင်းဓမ္ဓမှာ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ သတ်မှတ်ထားပြီး နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာမှာတော့ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀၊ ပေ ၄၀ x ပေ ၆၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၃၂,၀၀၀ စီ အသီးသီးသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

8 months Ago
Up