ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျကယ်ဆယ်ရေးအကွက် ၂ ရပ်ကွက်မှာ လောင်းကစား ကြက်ဝိုင်းကို အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီကျော်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ထွက်ပြေးသွားသူ တယောက် ကျည်ထိမှန် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိတယ်လို့ မျက်မြင်ဒေသခံ တဦးက ပြောပါတယ်။
"စစ်ကားတွေနဲ့ ရဲကားတွေ ပိတ်ဆို့ဖမ်းဆီးတာ။ ထွက်ပြေးကြတော့ စစ်တပ်က လှမ်းပစ်တာ "ကျောက်ဖြူချေ"ခေါ်တဲ့ ကျောက်ဖြူဒေသခံတဦး သေနတ်ကျည်မှန်ပြီး သေဆုံးတယ်။ နောက်ထပ် နှစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာသူနာမည်တွေနဲ့ ဘယ်ဒေသကလည်းမသိဘူး။ ကြက်ဝိုင်းမှာက နေရာဒေသစုံက လူတွေလာကြတာကို။ လူ ၂၀ လောက်တော့ ရဲကားပေါ် ဖမ်းဆီး ခေါ်တင်ထားတယ်။"
သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်က ငါးပွဲစားတဦးဖြစ်ပြီး အမည်အတိအကျမသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကြက်ပွဲဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေမြို့တွေက စီးပွားရေးလုပ်ငန်းရှင်တွေ သိန်းရာချီ လောင်းကြေးထပ်ကစားနေတဲ့ ပွဲတခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်ဒေသခံတစ်ဦးက "ဒီကြက်ဝိုင်းက သိန်းရာချီကစားနေကြတဲ့ ကြက်ပွဲ။ ကြက်ပိုင်ရှင် တယောက်က ပုဏ္ဏားကျွန်းကလို့ သိရတယ်။ သူမှာ သုံးဘီးကျန်နေခဲ့တယ်။ ထွက်ပြေးသွားသူတွေ ဆိုက်ကယ် အစီး ၃၀ လောက်ကို ရဲကားတွေနဲ့ တင်ဆောင်နေကြတယ်။"လို့ ပြောပါတယ်။
လတ်တလော အဲဒီနေရာကို စစ်တပ်က ပိတ်ဆို့ထားပြီး သေဆုံးသူရဲ့အလောင်းကို စစ်တွေဆေးရုံသို့ ပို့ဆောင်ခြင်း မရှိသေးသလို ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးထားသူတွေကိုလည်း စစ်တွေရဲစခန်းကို ခေါ်ဆောင်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ကြက်ဝိုင်း၊ ကြွေဝိုင်း၊ ဖဲဝိုင်း၊ ၂ လုံး ၃ လုံး နဲ့ ဘောလုံးပွဲလောင်းကစားတွေကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရဲတပ်ဖွဲဝင်တွေကို ဆက်ကြေးပေးပြီး လုပ်နေကြတာကြောင့် ရခိုင်ပြည်နယ်မှာ လောင်းကစားမှုနဲ့ ဖမ်းဆီးမှု မရှိတာဟာ ၁၅ နှစ် ကျော်လောက်ရှိနေပြီဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဘန်းကုန်းဆည်ပတ်ဝန်းကျင်မှာ ဒေသခံပြည်သူတွေ ယာယီနေထိုင်ကြတဲ့ တဲတိုက်တွေကို စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းရှာဖွေပြီး ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ပြည်သူတွေ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။
ဒေသခံရွာသားတဦးက “ဒီနေရာက က.ပ.စ (၁၈) နဲ့ နီးတယ်။ သူတို့က PDF တွေကို တောနင်းရှာတော့ ကြောက်ပြီးထွက်ပြေးကြတာပေါ့။ အဲ့တာကိုပစ်တာ ကလေးတယောက်ထိသွားတယ်။ ဒီတဲတိုက်တွေမှာက တောင်ယာလုပ်တဲ့သူတွေပဲ နေထိုင်လာကြတာ။ အခြားလူစိမ်းမရှိဘူး” လို့ ပြောပါတယ်။
ဘန်းကုန်းဆည်အနီးတဝိုက်က ကျေးရွာနေပြည်သူအချို့ဟာ မိုးရာသီအတွင်း အလယ်ရိုးမတောင်ခြေမှာရှိတဲ့ ဘန်းကုန်းဆည်အနီးက မြေလွတ်မြေရိုင်းတွေမှာ ထွန်ယက်ပြီး တောင်ယာစိုက်ပျိုးကြတဲ့ ပြည်သူတွေနေထိုင်တဲ့ ဒေသအခေါ် သရက်အုပ်တဲတိုက်တွေဟာ ဘန်းကုန်းဆည်အနီးမှာ တနေရာကို တဲတိုက်အစု ၃၀ ဝန်းကျင်နဲ့ ၃ နေရာလောက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ရွာမှာ လယ်ပိုင်ယာပိုင်မရှိလို့ တောထဲသွားပြီး တောင်ယာလုပ်တာတောင် ပြည်သူတွေကို အသက်အန္တရာယ်ဖြစ်အောင်ရန်ရှာနေတော့ ဘာလုပ်စားကြမလဲ၊ ပြည်သူတွေဒုက္ခရောက်ကုန်ပြီ'' လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်က တိုက်ပွဲကျေးရွာ၊ ဖက်သန်းတပ်ကျေးရွာ၊ ညောင်မှော်ကျေးရွာနဲ့ ဥယျာဉ်စုကျေးရွာက ဒေသခံပြည်သူတွေဟာ မိုးရာသီမှာ ဘန်းကုန်းဆည်ကိုအားထားပြီး ဘန်းကုန်းဆည်ဝန်းကျင်မှာ တဲတိုက်တွေထိုးပြီး တောင်ယာစိုက်ပျိုးလုပ်ကိုင်စားသောက်ကြတယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာတွေရဲ့ အနီးတဝိုက်မှာ ပ.ခ.န တပ်၊ က.ပ.စ ၁၈ တပ်နဲ့ ဆောက်လုပ်ရေး GE တပ်တို့ တည်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။