close

စီးနင်းသူ မရှိ

close

October 8, 2022

ရန်ကုန်မြို့ပတ်ရထား စီးနင်းသူ မရှိသဖြင့် အရှုံးပေါ်

စစ်ကောင်စီက ရန်ကုန်မြို့တွင်း ခရီးသွားလာရေးအတွက် စက်တင်ဘာ ၁၂ ရက်ကစပြီး မြို့ပတ် ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲခဲ့ပေမဲ့ စီးနင်းသူ မရှိဘဲ အရှုံးပေါ်နေတယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကိုဗစ်ကာလမတိုင်ခင်က ခရီးသည်အရေအတွက် တရက်ကို ၈ ထောင်ကနေ ၁ သောင်းအထိ ရှိတယ်။ အခု ခရီးသည်အနေအထားက ၂ ထောင်တောင် မပြည့်ချင်ဘူး။ အရှုံးခံပြီး လုပ်နေပေမဲ့ ပြဿနာက စီးမယ့်သူ မရှိဘူး။"

စစ်ကောင်စီလက်ထက်မှာ မြို့ပတ်ရထား ပြေးဆွဲတဲ့ အချိန်နဲ့ စစ်ဆေးမှုတွေ ရှိတာကြောင့် ခရီးသည်တွေအတွက် အဆင်မပြေ ဖြစ်နေတယ်လို့ မြို့ပတ်ရထားစီးနင်းသူတဦးက  ပြောပါတယ်။

“အရင် နာရီဝက် တစီး ထွက်နေတုန်းက သွားစီးရတာ အဆင်ပြေတယ်။ အခုက ဘယ်အချိန်တွေ ဘယ်လိုတွေ ထွက်တာလဲ သေချာမသိတော့ဘူး။ အခုက မနက်တစီး နေ့လယ် တစီး နှစ်စီး ရှိတယ်။ အချိန်နဲ့ သွားရတာဆိုတော့ တစီးလွတ်သွားရင် မရှိတော့ဘူး။  အဲဒါကြောင့် စီးတဲ့သူ နည်းသွားတာ။” 

ရထားထွက်ချိန် မတိကျတာနဲ့ စစ်ဆေးမှုတွေ များလို့ ခရီးသည်တွေဟာ အလုပ်သွား အလုပ်ပြန် နောက်ကျတဲ့အတွက် YBS ကားတွေကိုပဲ စီးတော့တယ်လို့ ခရီးသည်တဦးက  ပြောပါတယ်။

“စစ်တာဆေး အရမ်းများတော့ အလုပ်နောက်ကျတယ်။ အရင်က နာရီဝက် တစီး ရှိပေမဲ့  အခု မရှိဘူး။ ရထားထွက်မယ့် အချိန်တွေလည်း သေချာမသိဘူး။ ထွက်တော့ ထွက်နေတယ်။ ၂ နာရီခြား တခါလောက်တော့ ထွက်တယ်၊ လူတော့ မပါဘူး။”

ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ မြို့ပတ်ရထား စီးနင်းခတွေကို အရင်က ကျပ် ၂၀၀  ကောက်ခဲ့ ရာမှ အခုအခါ ခရီးစဉ် အစအဆုံးကို ၃၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံခဲ့တာကြောင့် ရထားအစား YBD ကိုသာ စီးနင်းကြတာဖြစ်ပါတယ်။

အရင်က မြို့ပတ်ရထား လက်ဝဲရစ် ၂ စီး၊ လက်ယာရစ် ၂ စီးနဲ့ ဆက်တိုက်ပြေးဆွဲ ပေးနေရာကနေ လက်ရှိမှာ တရက်ကို ငါးကြိမ်သာ ပြေးဆွဲပေးနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

12 hours Ago
Up