စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မွန်ပြည်နယ် ရေးမြို့က ရေးမြစ်ကူးတံတားပေါ်က စစ်တပ်ရဲ့ တံတားကြီးစစ်ဆေးရေးဂိတ်ကို ဒီမနက် ၇ နာရီလောက်မှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
အခုလို စီးနင်းတိုက်ခိုက်ရာမှာတော့ စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး ရေးဘီးလူးအဖွဲ့က ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က “စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တော့ ပြန်ဆုတ် လိုက်ရတယ်”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီလောက်က မွန်ပြည်နယ်အခြေပြုတော်လှန်းရေးအဖွဲ့စည်း MSRO က ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး ၁ ယောက်က ဒဏ်ရာ ရရှိခဲ့တယ်လို့ MSRO က သတင်းထုတ်ပြန်ထားပါတယ်။
ရေး မြစ်ကူးတံတားစစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-ရေး-ထားဝယ် မြိတ်ကား လမ်းပေါ်မှာ ရှိပြီး မကြာခဏဆိုသလို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်တာခံရပြီး စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်ထားပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းက PDF ယာယီစခန်းတခုကို အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီလောက် စစ်ကောင်စီက ဝင်ရောက်စီနင်း တိုက်ခိုက်ပြီး PDF ရဲဘော် ၂ ယောက် ဖမ်းဆီးသွားတယ်လို့ ကျောက်ကြီးဒေသခံ PDF ရဲဘော် တဦးက ပြောပါတယ်။
ညောင်ပင်သာကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ PDF ပူးပေါင်းစခန်း စီးနင်း တိုက်ခိုက်ရာမှာ အစောင့်ချထားတဲ့ PDF ရဲဘော် ၂ ယောက်ကို သေနတ် ၃ လက်၊ ကျည်ဆန်၊ ဗုံးသီးတွေနဲ့အတူ ဖမ်းမိသွားတယ်လို့ သိရပါတယ်။
ကျောက်ကြီးဒေသခံ PDF ရဲဘော်က “စစ်ကောင်စီတပ်တွေက မနက် ၄ နာရီလောက်ကြီး လာ၀င်စီးတာ။ ကိုယ်တွေဘက်က သတင်းကြိုရထားတော့ ကြိုရှောင်နေတာ။ စခန်းအစောင့် အနေနဲ့ ရဲဘော် ၂ ယောက်ပဲ ကျန်ခဲ့တာ။ အဲဒီ ၂ ယောက်ကို သေနတ် ၃ လက်နဲ့အတူ အရှင်ဖမ်းမိသွားတာ။”
ဖမ်းမိသွားတဲ့ ရဲဘော်နှစ်ဦးဟာ တောင်ငူမြို့နေ ဒီပါလွင်နဲ့ ကျောက်ကြီးမြို့နယ် ပေါက်ကျေးရွာနေ စောဝင်းဌေးတို့ဖြစ်ပြီး အေကေ-၄၇ ၁ လက်၊ အမ်အမ်- ၁၄ ၁ လက်၊ ကျည် ၄၉ တောင့်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၄၂ တောင့်၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက် နဲ့ ဗုံးသီး ၁၀ လုံး၊ သံကိုယ်ထည်မိုင်း ၆ လုံး သိမ်းဆည်းခံခဲ့ရတယ်လို့ တောင်ငူခရိုင် PDF တပ်ရင်းက သိရပါတယ်။
အဲဒီနေ့ မနက် ၄ နာရီကျော်ကနေ ဒီနေ့ မနက်အထိ ကျောက်ကြီးမြို့နယ်ထဲက ရွာအနီးအနားတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့တောက်လျှောက်ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။