close

စီးပွားရေးကျဆင်း

close

December 27, 2022

သီရိလင်္ကာတွင် စီးပွားရေးကျဆင်းပြီး ပြည်သူများ စားဝတ်နေရေး ကျပ်တည်းဆိုးရွားနေ

သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေး အကြီးအကျယ် ကျဆင်းနေပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာလို့ အစားအစာ၊ လောင်စာဆီနဲ့ ဟင်းချက်ဓာတ်ငွေ့ အပါအဝင် နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေ အကြီးအကျယ် ပြတ်လပ်နေလို့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးလာနေပါတယ်။

သမ္မတရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုတဲ့ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံအတွင်း ဩဂုတ်လမှာ မြင်တွေ့ခဲ့ရတာပါ။

အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ဆုံးရှုံးတာနဲ့ ကုန်ဈေးနှုန်း မြင့်တက်တာတွေကြောင့် မိသားစု ၇၀ ရာခိုင်နှုန်းကို အစားအစာစားတဲ့အကြိမ်ရေ လျှော့ဖို့ ဒါမှမဟုတ် စားတဲ့ပမာဏ လျှော့ဖို့ တွန်းအားပေးခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေး လမ်းကြောင်းဆီ တဖြည်းဖြည်း ရွေ့လျားနေပေမဲ့ လမ်းကတော့ ရှည်လျား ကြမ်းတမ်းနေတာပါ။

“အခု သုံးနပ်ကို နှစ်နပ်ဖြတ်ရမယ်။ ကလေးတွေအတွက် အာဟာရကျွေးဖို့ မတတ်နိုင်ဘူး” လို့ အိမ်ရှင်မ နီးလ်မီနီ မန်ဂါလိကာက ပြောပါတယ်။

လယ်သမား ဥပါလီ ဆီနာရက်ကလည်း “ကျနော်တို့က တပတ်မှာ အနည်းဆုံး သုံးခါလောက် ငါးစားဖူးပေမဲ့ အခု တလမှာ တခါစားဖို့ မတတ်နိုင်တော့ဘူး” လို့ ပြောပါတယ်။

ကုလသမဂ္ဂကထုတ်ပြန်တဲ့ အစီရင်ခံစာအရ သီရိလင်္ကာနိုင်ငံသား လေးဦးမှာ တဦးဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ကလေးတွေ အဆိုးရွားဆုံး ထိခိုက်နေပြီး ကလေးတွေ အလုပ်ခွင်ဝင်ကုန်လို့ ကျောင်းထွက်နှုန်း မြင့်တက်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

“ကလေးတွေကျောင်းလာဖို့ မက်လုံးတခုအနေနဲ့ အစားအသောက်တွေ ပေးရုံပါပဲ” လို့ လူမှုဝန်ထမ်း မိုက်ကယ် ဒေးဗစ်က ပြောပါတယ်။

ခရီးသွားလုပ်ငန်းဟာ နိုင်ငံအတွက် တတိယမြောက် အကြီးမားဆုံး နိုင်ငံခြားဝင်ငွေဖြစ်လို့ သီရိလင်္ကာကို ဘေးကင်းလုံခြုံတဲ့ နေရာတခုအဖြစ် စျေးကွက်ချဲ့ထွင်တဲ့နည်းလမ်းနဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ အစီအမံတွေကို ဆောင်ရွက်နေပါတယ်။

သီရိလင်္ကာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ချာလာကာ ဂါဂျာဘာဟုက “သီရိလင်္ကာရဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိပြီး ကျနော်ပြောခဲ့သလိုပဲ ခရီးသွားတွေ ဝင်လာတဲ့အခါ သုံးစွဲတဲ့အခါ ငွေရလိမ့်မယ်။ ပြန်ကောင်းလာဖို့ လနဲ့ချီ စောင့်စရာမလိုပါဘူး။ ဒါကြောင့် ကိန်းဂဏန်းတွေ ရဖို့လိုပါတယ်” လို့ ပြောပါတယ်။

တချိန်တည်းမှာ အစိုးရဟာ ငွေကြေးနဲ့ ဘဏ္ဍာရေးမူဝါဒ နှစ်မျိုးစလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ တခြား မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ရန်ပုံငွေအတွက် စေ့စပ်ညှိနှိုင်းတာတွေ ပြီးခါနီးနေပေမဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ အပြီးသတ်နိုင်သင့်တယ်လို့ သီရိလင်္ကာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရှိုင်းဟန်း ဆေမာဆင်းဟေးက ပြောပါတယ်။

7 mins Ago

January 14, 2022

လက်ဘနွန်စီးပွားရေးကျဆင်းမှုအပေါ် ဘတ်စ်ကားများ လမ်းပိတ်ဆန္ဒပြ

လက်ဘနွန်နိုင်ငံမှာ စီးပွားရေး ဆိုးဆိုးရွားရွားကျဆင်းနေတာကို ကိုင်တွယ်ဖြေရှင်းပေးဖို့ မြို့တော်ဘေရွတ်နဲ့ တခြားမြို့တွေရဲ့ အဓိကလမ်းမတွေပေါ်မှာ ဘတ်စ်ကားတွေ၊ ထရပ်ကားတွေ ပိတ်ဆို့ ဆန္ဒပြခဲ့ပါတယ်။

လက်ဘနွန်စီးပွားရေးဟာ ပြင်ပကြွေးမြီ တောင်လိုပုံသွားပြီးနောက် ပေါင်ငွေတန်ဖိုး အထိန်း အကွပ်မဲ့ ကျဆင်းနေတာပါ။

 ၂၀၁၉ မှာ ငွေလဲနှုန်း  အမေရိကန် ၁ ဒေါ်လာကို လဘနွန်ပေါင်ငွေ ၁၅၀၀ ရှိရာက၊ အခု ပေါင်ငွေ ၃,၁၅၀၀ အထိ ကျဆင်းနေတာပါ။ 

ငွေတန်ဖိုး ပြိုလဲပြီး ကုန်ဈေးနှုန်း မိုးထိုးတက်နေတာကို  အစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့  ဆန္ဒပြကြတာပါ။

ဘေရွတ်မြို့ ဆင်ခြေဖုံးမှာနေတဲ့ အသက် ၅၈ နှစ်ရှိ မိုဟာမာဒ် အလ် မူကဒက်ဒ် ဆိုသူက “စီးပွားရေး အကျပ်အတည်းကို အစိုးရခေါင်းဆောင်တွေ ပါတီတွေ ဖြေရှင်းမလား စောင့်နေတာ ကြာလှပြီ၊ ဘယ်သူမှ အရေးမလုပ်ဘူး၊ ဒီကိစ္စ ဆန္ဒပြမယ်ဆိုရင် လူတိုင်း လမ်းပေါ်ထွက်ဖို့ တိုက်တွန်းမှာပဲ” လို့ ပြောပါတယ်။

ဆန္ဒပြပွဲ ပါဝင်သူတဦးက “လက်ဘနွန်နိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝအခြေအနေက အတော်ဆိုးနေတာပါ၊ လက်ထဲရှိတဲ့ငွေက ဘာတန်ဖိုးမှ မရှိတော့ဘူး။ ပေါင်မုန့်မဝယ်နိုင်၊ စားစရာမဝယ်နိုင်၊ လောင်စာဆီမဝယ်နိုင် ဖြစ်နေတယ်၊ လူတွေ ဆင်းရဲပြီး ဆာလောင်နေတယ်” လို့ ပြောပါတယ်။

သမ္မတ မီရှဲလ်အွန် က အုပ်စုကဏ္ဍအသီးအသီးပါဝင်တဲ့ နိုင်ငံအဆင့် စီးပွားရေးဆွေးနွေးပွဲ ကွန့်ဖရင့်တခုကို ကျင်းပဖို့ ကြိုးစားပေမဲ့ အခုအချိန်ထိ သူ့အစီအစဉ်ကို ထောက်ခံတဲ့မဟာမိတ် မရှိသလောက် ဖြစ်နေပါတယ်။

12 months Ago
Up