ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီက ကြိုးပမ်းဆောင်ရွက်နေပေမဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးက နလန်ပြန်ထူလာမှာ မဟုတ်တဲ့အကြောင်း စီးပွားရေးသုတေသီတွေက ထောက်ပြပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဝန်ကြီးမက်ဇင်မ်ရီရှန့်နီကော့ဗ်တို့ဟာ ဒီဇင်ဘာ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ရုရှား-မြန်မာ နှစ်နိုင်ငံ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းရေးကိစ္စ အပါအဝင် မြန်မာ-ရုရှား ချစ်ကြည်ရေးအဖွဲ့တွေကို နိုင်ငံအနှံ့ ဖွဲ့စည်းသွားမယ့်အပြင် စွမ်းအင်နဲ့ တွင်းထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့ ပြဿနာက ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို နလန်ပြန်ထူနိုင်ဖို့က ရုရှားနိုင်ငံ တခုတည်းနဲ့ အလုပ်မဖြစ်ဘူးလို့ စီးပွားရေးသုတေသီတွေက ထောက်ပြထားပါတယ်။
နိုင်ငံရေးနဲ့စီးပွားရေးလေ့လာသူ သုတေသီတဦးက “လက်ရှိအခြေအနေက နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ပြီး အရေးယူ ထားကြတာလေ။ ပြီးတော့ သူနဲ့ တွဲလုပ်မယ့် ရုရှားနိုင်ငံကလည်း နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရတာ။ ဆိုတော့ ပြောရရင် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေသလို ဖြစ်နေတာ မဟုတ်လား။ အဲ့တော့ ဘယ်လိုလုပ် အလုပ်ဖြစ်နိုင်မှာလဲ။ ရုရှားကလည်း သူ့ရဲ့ ကျူးကျော်စစ်ကြောင့် စစ်အသုံး စရိတ်တွေက နေ့စဉ် ရှိနေတာ။ ဒီစရိတ်တွေက သူ့စီးပွားရေးကို ထိခိုက်လာပြီနော်။ ရေရှည် သူ ဘယ်လောက်အထိ ခံနိုင်မှာလဲ။ အဲ့လို အခြေအနေ ရှိနေတဲ့ သူကို စစ်ကောင်စီက စီးပွားရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်နေတယ်ဆိုတော့ ကျနော် မြင်တာက ရုရှားဆီက စစ်လက်နက်ပစ္စည်းတွေ လိုချင်လို့ စီးပွားရေးကို အကြောင်းပြပြီး လုပ်တာလို့ပဲ မြင်တယ်။ ရှင်းရှင်းပြောရရင် မင်းငါတို့ကို စစ်လက်နက်တွေပေး၊ ငါတို့က မင်းကို ဘာပရောဂျက်တွေ ပေးမယ်။ မင်းလုပ်ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်နော်” လို့သုံးသပ် ပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း မြန်မာ့စီးပွားရေးဟာ အိမ်နီချင်းနိုင်ငံတွေနဲ့သာ ချိတ်ဆက်ထားပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေပေးချေတဲ့နေရာမှာ နိုင်ငံတကာသုံး အမေရိကန်ဒေါ်လာနဲ့သာ ပေးချေနေရတာပါ။ ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာကို မသုံးပဲ တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်နေပေမဲ့ လွယ်ကူတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
ဘဏ္ဍာရေးနဲ့ငွေကြေးလေ့လာသူ သုတေသီတဦးက “ဒေါ်လာသုံးတဲ့နိုင်ငံတွေက ဒေါ်လာကို အသုံးပြုပြီး အနိုင်ကျင့်တယ်လို့ စစ်ကောင်စီဘက်က ပြောတာမျိုးတွေ ကြားလာရတယ်နော်။ အဲ့တော့ ဒေါ်လာ မသုံးတဲ့ နည်းလမ်းတွေ သူတို့ ရှာကြတာပေါ့။ အခုဆိုရင် သူ ရုရှားကို အားကိုးပြီး ရုရှားနိုင်ငံသုံး ရူဘယ်ငွေကြေးနဲ့ အရောင်းအဝယ် လုပ်မယ်ဆိုပြီး လုပ်လာတယ်။ တခါ တရုတ်နဲ့ကုန်သွယ်တဲ့နေရာမှာ ယွမ်ငွေကြေး သုံးမယ်။ ထိုင်းနဲ့ကုန်သွယ်တဲ့နေရာမှာ ဘတ်ငွေကြေး သုံးမယ်ပေါ့။ ဒါပေမဲ့ ပြဿနာက ဒီအခြေအနေကို သူ ဘယ်လောက်အထိ ကုစားနိုင်မလဲ ဆိုတာပဲ။ ဘာကြောင့်လဲဆို ကမ္ဘာ့စီးပွားရေးမှာ ဘယ်ငွေကြေးက ဦးဆောင်နေလဲဆိုတာ သိဖို့ လိုတယ်။ ဒီကနေ့အထိ ဒေါ်လာကို ဘယ်ငွေကြေးမှ မယှဉ်နိုင်သေးဘူး။ ဒီတော့ စစ်ကောင်စီက နိုင်ငံတကာမှာလက်ခံပြီး သုံးစွဲနေတဲ့ ငွေကြေးကို မသုံးစွဲပဲနဲ့ ကိုယ်သုံးချင်တဲ့ ငွေကြေးနဲ့ သုံးမယ် ဆိုရင် ကုန်သွယ်ရေးမှာ နိုင်ငံတကာနဲ့ အပေးအယူ လုပ်လို့မရတော့ဘူး” လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်နဲ့ ရုရှားနိုင်ငံဗဟိုဘဏ်တို့ဟာ နှစ်နိုင်ငံ ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို နေပြည်တော်မှာ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားဆီက စစ်လက်နက်တွေဝယ်ယူနေသလို နယူးကလီးယားစွမ်းအင်စက်ရုံတခု ရန်ကုန်မှာ တည်ဆောက်ဖို့ သဘာတူထားပြီး ရုရှားစီးပွားရေးသမားတွေကို မြေနေရာနဲ့ လုပ်ပိုင်ခွင့်တွေလည်း ချပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက် အလက်တွေအရ မြန်မာနိုင်ငံမှာ နိုင်ငံအလိုက် ပြည်ပရင်းနှီးမြှုပ်နှံမှုစာရင်းမှာ ရုရှားနိုင်ငံက အဆင့် ၂၂ မှာရှိပြီး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၉၄ သန်းသာ ရှိကာ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
Photo-DSINFO
နိုင်ငံပေါင်း ၁၅ နိုင်ငံရဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက်ဖြစ်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) မှာ မြန်မာနိုင်ငံကို ထည့်သွင်းခွင့်ကို လက်ခံမှာ မဟုတ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တီရိုဒိုရိုလော့ဂ်ဆင်ဂျူနီယာက ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်မှုစာချုပ်မှာ မြန်မာနိုင်ငံပါဝင်မှုကို ပယ်ချဖို့ နယူးဇီလန်ရဲ့ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်နိုင်ငံက လိုက်နာခဲ့တာပါ။
လော့ဂ်ဆင်ဟာ မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရေး တောင်းဆိုရာမှာ ဒေသတွင်းမှာ ထုတ်ဖော်ပြောကြားဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး လာမယ့်လမှာ မြန်မာနိုင်ငံကို အာဆီယံ အထူးသံတမန် သွားရောက်မယ့်အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပြောပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ အားလုံး ပါဝင်ရမှာ ဖြစ်သလို အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါကို ပါဝင်ရမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံဟာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးအဆက်အသွယ်တွေ အားလုံးကို ရပ်ဆိုင်းထားလိုက်ပြီး ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကို ချက်ချင်း လွှတ်ပေးဖို့နဲ့ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာဗိုလ်ချုပ်တွေကို ခရီးသွားခြင်းကိုလည်း ပိတ်ပင်ထားပါတယ်။