စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီး၊ စီးပွါးရေးဘဏ်အရှေ့မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ နိုဝင်ဘေ ၁၂ ရက် မနက် ၁၁ နာရီခွဲလောက်က သေနတ်၊ ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
စီးပွားရေးဘဏ်အရှေ့မှာ တောင်ဘက်၊ မြောက်ဘက် ဆောက်ထားသော ဘန်ကာနှစ်ခုရှိတဲ့အနက် တောင်ဘက်ဘန်ကာရှိ စစ်ကောင်စီတပ်သား တဦးကို ၈ ပေလောက်အကွာကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားမှာ ဦးခေါင်းထိပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် မြောက်ဘက် ဘန်ကာကနေ သေနတ်မောင်းတင်ကာ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာကိုလည်း ဗုံးနဲ့ ပစ်ပေါက်ရာ ထိခိုက်ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နဲ့ M.T Black Dragon People Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူရာမှာ အစောင့်စစ်သားတွေကို လာဘ်ငွေပေးနေရတယ်လို့ သိရပါတယ်။
ပင်စင်စားတဦးက “ပင်စစ်ထုတ်ဖို့ မနက်အစောကြီးထသွားပြီး တုံကင်ထပ်ရတယ်။ တုံကင်ကို စောစောထပ်ချင်ရင် အစောင့်စစ်သားကို ၂၀၀၀၊ ၃၀၀၀ ပေးရတယ်။ မပေးရင် နောက်ကျမှထပ်ရတယ်။ လူပြည့်သွားရင် နောက်ရက်ထပ်ချိန်းတယ်။ အဘတို့က အသက်လည်းကြီးပြီ။ ရွာကနေ ဆိုင်ကယ်ကယ်ရီငှါးပြီး ပင်စင်လာထုတ်ရဆိုတော့ နောက်ရက်ပြန်မလာနိုင်ဘူးဆိုတော့လည်း စောစောထုတ်ရဖို့ ငွေပေးခဲ့ရတာပဲ။ ပင်စင်ကလည်း သောင်းဂဏန်းပဲရတာလေ” လို့ ပြောပါတယ်။
တောင်တွင်းကြီး စီးပွားရေးဘဏ်ကနေ ပင်စင်စားတွေကို လစဉ် ၂၁ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ ပင်စင်လစာထုတ်ပေးပြီး တနေ့ကို ပင်စင်စား ၅၀၀ ကျော်ထုတ်ပေးကြောင်း သိရပါတယ်။
မြို့ပေါ်နေ ပင်စင်စားစစ်မှုထမ်းဟောင်းတဦးက “မြို့မှာက မာရှယ်လောကြောင့် မနက် ၆ နာရီ ပင်စင်ထုတ်ဖို့ တုံကင်သွားထပ်တော့ တုံကင်နံပါတ် ၆၀၀ ကျော် ရှိနေပြီ တမနက်လုံးစောင့်နေရတာပေါ့။ နေမြင့်မှရောက်လာသူတွေက စစ်သားကို ပိုက်ဆံပေးပြီး တုံကင်ထပ်ခိုင်းတော့ စောင့်စရာမလိုဘူး။ ကျနော့်ထက်တောင် စောပြီးထုတ်သွားတယ်။ အခု စစ်သားလုပ်နေတဲ့ကောင်တွေက စစ်ပင်စင်စားတွေကို လေးစားရမှန်း၊ ရိုသေရမှန်းလည်း မသိကြပါဘူး” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့်လည်း “အဲ့ဒီကိစ္စ သူမသိဘူး” လို့ ပြန်လည်ဖြေကြားပါတယ်။
တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့မှာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစောင့်စစ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ နားနေဆောင်အဆောက်အဦ အနည်းငယ်ထိခိုက်ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။