close

စီးပွားရေးလုပ်ငန်းများပိတ်

close

November 6, 2021

ဟေတီတွင် လောင်စာဆီပြတ်လပ်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ပိတ်ပစ်နေရ

ဟေတီနိုင်ငံမှာ နေ့ရက်ပေါင်းများစွာ လောင်စာဆီပြတ်လပ်နေမှုကြောင့် လူတွေမှာ သယ်ယူပို့ဆောင်ရေး ရွေးချယ်ခွင့် မရှိသလောက်ဖြစ်ပြီး တချို့သော စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပစ်ခဲ့ရပါတယ်။ 

ဟေတီနိုင်ငံသားတွေဟာ ပို့အောပရင့်စ်မြို့တော်မှာ အနည်းငယ်သာ ဖွင့်ထားပေးတဲ့ ဓာတ်ဆီဆိုင်တွေမှာ အနည်းဆုံး လောင်စာဆီ လက်ကိုင်ပုံးတဆွဲစာလောက် ရရှိနိုင်ဖို့ နိုဝင်ဘာ ၅ ရက်က စုဝေးရောက်ရှိခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ သုံး လေးရက်လောက်ကတည်းက မနက် ၃ နာရီလောက် အိပ်ရာထပြီး ဓာတ်ဆီရှာတာ ဘယ်မှာမှ မရဘူးလို့ ဟေတီဒေသခံ စတိဗ်ကန်နီမစ်ချဲက ပြောပါတယ်။

အများသူငါ သယ်ယူပို့ဆောင်ရေး၊ ဆိုင်ကယ်တွေ၊ ထရပ်ကားတွေကို ထိခိုက်စေပြီးတော့ ယာဉ်မမောင်းလို့ မရတဲ့သူတွေဆို လောင်စာဆီကို ဈေးကြီးပေး ဝယ်ရတော့မှာလို့လည်း ဆိုပါတယ်။

ဂိုဏ်းတွေက လောင်စာဆီဆိုင်တွေရှိတဲ့ ဆိပ်ကမ်းတွေကို စတင်ပိတ်ဆို့လိုက်ကတည်းက ဆေးရုံတွေရဲ့ နေ့စဉ်လည်ပတ်မှုကို ခြိမ်းခြောက်နေတာပါ။ 

အလုပ်မလုပ်နိုင်တာ ၂၂ ရက် ရှိနေပြီ ဆိုတဲ့ ဟေတီမြို့တော်က ယာဉ်မောင်းတစ်ဦးက သူ့ကားကို ရောင်းပြီး ဟေတီနိုင်ငံကနေ ထွက်သွားတော့မယ်လို့ ညည်းတွား ပြောဆိုပါတယ်။ 

ဟေတီနိုင်ငံဟာ ဇူလိုင်လက သမ္မတ ဂျိုဗီနယ်လ်မိုအိစ်လုပ်ကြံခံရပြီးနောက်မှာ ပစ္စည်းရှားပါး ပြတ်လပ်မှုတွေနဲ့ ဥပဒေမဲ့မှုတွေနဲ့ ရုန်းကန်နေရတာပါ။

ဝန်ကြီးချုပ် အာရီရယ်ဟန်နရီက ရွေးကောက်ပွဲကို စီစဉ်ပေးတဲ့ ကောင်စီကို ထုတ်ပယ်ပြီးနောက်မှာ နိုဝင်ဘာလအတွက် မူလက စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

27 seconds Ago
Up