အကြမ်းဖက်စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၁၀ ရက် ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုး ရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်(MEHL)နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)တို့နဲ့ ဆက်စပ်စီး ပွားရေးလုပ်ငန်းတွေကို အကြမ်းဖက် စီးပွားရေးလုပ်ငန်းတွေအဖြစ် သတ်မှတ်ပြီး အမည် ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန် ကြေညာလိုက်တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနဲ့ ကာလရှည်ကြာ စိုးမိုးမှု မရှိ စေရေးအတွက် စစ်အာဏာရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝင်ငွေရလမ်းတွေကို ပိတ် ဆို့အရေးယူ ဖြတ်တောက်တာဟာ အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်လို့ ဆို ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးအင်ပါယာဟာ စျေးကွက်နယ်ပယ်စုံမှာ ထိုး ဖောက် နေရာယူကာ စီးပွားအရေးအကျိုးအမြတ်များစွာ နှစ်စဉ်ရရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)တို့ ဟာ နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုပြီး၊ မလျော်သြဇာနဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်နေတာကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စီးပွားရေး ဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့်မို့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)တို့နဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတာ၊ ရောင်း ဝယ်ဖောက်ကားတာ၊ သိုလှောင် ဖြန့်ဖြူးရောင်းချတာတွေကို အလျဉ်းမပြုလုပ်ကြဖို့နဲ့ အဲဒီ လုပ်ရပ်တွေကို စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ ထောက်ခံအားပေးတဲ့ လုပ်ရပ်တွေအဖြစ် သတ်မှတ်အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ မတရားအာဏာသိမ်းယူမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ ၉ လကျော် ကြာမြင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွား ရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မတရားဖိနှိပ်မှုတွေနဲ့ ပြည်သူတွေအပေါ် စိုးမိုးဗိုလ်ကျနေတဲ့ အကြမ်းဖက်စစ် ကောင်စီပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ရေး လှုပ်ရှားမှုတွေမှာလည်း နိုင်ငံ နဲ့ အဝှမ်း ပြည်သူတွေ အင်တိုက်အားတိုက် ပါဝင်နေကြတာ ဖြစ်ပါတယ်။