close

စီးပွားရေးသမား

close

April 27, 2022

ထိပ်တန်းလုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူမှု စစ်ဘောင်ချဲ့ခြင်းဖြစ်ဟု စီးပွားရေးသမားများ ဝေဖန်

စစ်ကောင်စီက အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာမှာ ပြည်တွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာတာက စီးပွားရေးမှာလည်း စစ်ဘောင်ချဲ့ဖို့အတွက် ပြင်ဆင်လာတာ ဖြစ်တယ်လို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

ပြည်တွင်းက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ ဦးချစ်ခိုင်နဲ့အတူ NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးလည်းဖြစ်တဲ့ ဦးဝင်းခိုင်၊ ကုမ္ပဏီတခုရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင် အပါအဝင် လူပုဂ္ဂိုလ် ၇ ဦးတို့ကို စစ်ကောင်စီက အဂတိမှုနဲ့ အမှုဖွင့်ပြီး အရေးယူထားပါတယ်။

တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအတွက် စာချုပ်ချုပ်ဆိုရာမှာ နိုင်ငံအတွက် နစ်နာမှု ရှိခဲ့တာကြောင့်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို အဂတိပုဒ်မ ၅၅/၆၃ နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ တရားစွဲတဲ့ပုဒ်မဟာ အဂတိလိုက်စားဖို့ လှုံ့ဆော်တာ၊ ပူးပေါင်းကြံစည်တာနဲ့ အားပေးကူညီတာတွေမှာ စွဲဆိုတဲ့ပုဒ်မ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးဖြစ်တဲ့ ဦးခင်ရွှေ (ဇေကမ္ဘာ) နဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို ရှေးဟောင်းအဆောက်အဦ ဖျက်ဆီးမှုနဲ့ စစ်ကောင်စီက ဖမ်းဆီး အရေးယူထားတာ ရှိပါတယ်။

ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို အခုလို ဖမ်းဆီးအရေးယူလာတာက နိုင်ငံရေးမှာ စစ်ဘောင်ချဲ့ရုံတင်သာမက စီးပွားရေးမှာလည်း စစ်ဘောင်ချဲ့ဖို့ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးက "ကျနော်မြင်တာကတော့ စစ်တပ်ရဲ့ စီးပွားရေးဘောင် ချဲ့လာပြီး အရပ်သားရဲ့ စီးပွားရေးဘောင်ကို ကျဉ်းအောင် လုပ်လာတာလို့ မြင်တယ်။ နိုင်ငံရေးမှာဆိုရင်လည်း ဒီအတိုင်းပဲနော်။ အမှန်တကယ် ဖြစ်သင့်တာက အရပ်သားကြီးစိုးတဲ့ နိုင်ငံရေးစနစ် ဖြစ်ရမှာလေ။ ဒါပေမဲ့ အခုတော့ စစ်ဘောင်ကျယ်လာတယ်။ ဒါကြောင့် စီးပွားရေးမှာလည်း စစ်တပ်က စစ်ဘောင်ချဲ့လာတယ်လို့ မြင်တယ်။ စစ်ဘောင်ချဲ့လာရင် ဘာဖြစ်လာမလဲဆိုတော့ မြောက်ကိုရီးယားနိုင်ငံလို ဖြစ်လာမှာပေါ့။ သူတို့ရဲ့ အမိန့်၊ သူတို့ရဲ့ ဘက်တော်သားတွေပဲ ရှိလာမှာဆိုတော့ ခရိုနီအသစ်တွေ ထပ်မံ မွေးဖွားလာမှာပေါ့။ ဒီတော့ သူတို့နဲ့ပတ်သက်တဲ့ သူတွေကိုပဲ ပရောဂျက်တွေ ချပေးမှာပေါ့။ ဆိုတော့ အဲ့လိုဖြစ်လာတာက မကောင်းဘူး။ ဘာကြောင့်မကောင်းလဲဆိုရင် စီးပွားရေးဆိုတာမျိုးက အများပြည်သူက လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ခွင့် ရှိရမယ်။ မည်သူမဆို ပါဝင်နိုင်ခွင့် ရှိရမယ်။ အဲ့လိုမဟုတ်ဘဲနဲ့ အရပ်သားတွေရဲ့ ပါဝင်ပတ်သက်မှုက နည်းသွားပြီးတော့ စစ်တပ်နဲ့ စစ်တပ်ရဲ့ အသိုင်းအဝန်းကပဲ လုပ်ပိုင်ခွင့်တွေ ရလာလိမ့်မယ်ဆိုရင် စီးပွားရေးကဏ္ဍက ဘယ်လိုမှ မကောင်းနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တဦးကလည်း “အခုစွဲလိုက်တဲ့ အမှုတွေက အဂတိအမှုတွေနဲ့ပဲ စွဲတာ။ အဲ့ဒါမျိုးသာ ဖြစ်နေရင်တော့ အကျိုးသက်ရောက်မှုက မရှိဘူးလားဆိုရင် ရှိတာပေါ့။ ကျန်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း အမျိုးစုံ ပတ်သက်နေတာပဲလေ။ အဲ့တော့ ကျနော်ထင်တယ်၊ ဖမ်းမယ်ဆိုရင် အကုန်လုံးတောင် ဖမ်းမလားမသိဘူး။ ဆိုတော့ ကျန်တဲ့ လုပ်ငန်းရှင်တွေလည်း ကြောက်လာကြတယ်။ ဒါကြောင့် အခုလို လုပ်တဲ့အတွက် ကျန်တဲ့ သူတို့နဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း စိုးရိမ်စိတ်တော့ ရှိလာကြတယ်။ ပြီးတော့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အရင်အခြေအနေတွေကို ပြန်ကြည့်ရင် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို အခုလိုမျိုး ဖမ်းဆီးတာ မရှိခဲ့ဘူး။ မရှိဘူးဆိုတာက သူတို့ အာဏာသိမ်းတဲ့ အကြောင်းပြချက်က မဲစာရင်းမှားယွင်းတာဆိုပြီး ပြောခဲ့တာ။ ဒီတော့ မဲစာရင်းမှားယွင်းတာဆိုရင် အဓိက သက်ဆိုင်တာက ရွေးကောက်ပွဲကော်မရှင်နဲ့ ဒေတာတွေကို ဖြည့်ဆည်းဖို့ တာဝန်ယူရတဲ့ လဝကမှာရှိတဲ့ သူတွေကို ဖမ်းလေ။ သူတို့ပြောတဲ့ မဲမသမာမှုကြောင့်လို့ ဆိုရင်လေ။ မဟုတ်ဘူးလား” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း စစ်ကောင်စီဟာ အာဏာစသိမ်းပြီးကတည်းက နိုင်ငံတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် NLD အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်နယ်နဲ့တိုင်းမှ ဝန်ကြီးချူပ်တွေ၊ ဝန်ကြီးတွေ၊ မြို့တော်ဝန်တွေကို အဓမ္မဖမ်းဆီးထားပြီး အဂတိမှု အပါအဝင် စွဲချက်အမျိုးမျိုးနဲ့ အမှုဖွင့်ထားတာဖြစ်ပြီး အဂတိလိုက်စားထားတဲ့ သက်သေကတော့ တခုမှ ပြသနိုင်တာ မရှိပါဘူး။

3 hours Ago

October 1, 2021

ရွှေ၊ ဒေါ်လာနှင့် ဆီဈေးနှုန်းများတက်နေသည့်အပေါ် စစ်ကောင်စီဖြေရှင်းမှု စီးပွားရေးသမားများ စောင့်ကြည့်မည်

ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတက်နေတာကို စစ်ကောင်စီက ဘယ်လိုတာဝန်ယူ ဖြေရှင်းမယ်ဆိုတာကို စောင့်ကြည့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြားလိုက်ပါတယ်။  

ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတက်နေတာတွေဟာ သူတို့လက်ထက်မှာဖြစ်တာ ဖြစ်တဲ့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ဖြေရှင်းပေးမယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ မြန်မာ့စီးပွားရေးသမိုင်းတစ်လျှောက် စံချိန်တင်နှုန်းထားတွေနဲ့မြင့်တက်နေတာဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၈ရက်နေ့တုန်းက အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၂၈၀၀နီးပါးအထိ ဈေးပေါက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ၁ ဒေါ်လာကို ငွေကျပ် ၂၄၀၀ ပတ်ဝန်းကျင်ဈေးပေါက်နေပါတယ်။

မြန်မာကျပ်ငွေဖောင်းပွပြီး တန်ဖိုးကျဆင်းတာကြောင့် ဒေါ်လာ၊ စက်သုံးဆီနဲ့ ရွှေဈေးတွေတက်နေတာဖြစ်ပြီး ဘယ်လို နည်းလမ်းနဲ့ စစ်ကောင်စီက ဖြေရှင်းမယ်ဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုးကိုထိန်းဖို့အတွက် အာဏာသိမ်း ပြီးနောက်ပိုင်းမှာ ဒေါ်လာ ၁၈၄ သန်းကျော်ကို ၃၆ ကြိမ်ခွဲတမ်းချရောင်းချပေးခဲ့ပေမဲ့ စီးပွားရေးအဆောက်အဦတစ်ခုလုံး လည်ပတ်ဖို့လုံလောက်တဲ့ ပမာဏမဖြစ်ခဲ့ပါဘူး။ 

ဗဟိုဘဏ်က ထုတ်ရောင်းတယ်ဆိုတဲ့ ဒေါ်လာတွေဟာ စစ်ကောင်စီနဲ့လက်သင့်တဲ့ လုပ်ငန်းရှင်တွေကိုသာ ရောင်းချတာဖြစ်တယ်လို့ လုပ်ငန်းရှင်တချို့ကဝေဖန်ပါတယ်။ 

စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီဗဟိုဘဏ်က ၅ကြိမ်ခွဲပြီး ထုတ်ရောင်းပေးခဲ့တဲ့ ဒေါ်လာ ၆၃ သန်းကျော်ကတော့ စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေလက်ထဲကို တကယ်ရောက်ခဲ့တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ယောက်ကပြောပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးတဲ့အခိုက်အတန့်မှာပဲ စက်သုံးဆီဈေးကိုထိန်းနိုင်မှာဖြစ်ပြီး ထုတ်ရောင်းပေးတဲ့ ဒေါ်လာနဲ့ ဝယ်တဲ့ဆီတွေကုန်သွားရင်တော့ ပြင်ပပေါက်ဈေးအတိုင်းပဲပြန်ရောင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စက်သုံးဆီဈေးတက်တာကြောင့် နယ်မြို့တွေမှာတော့ အရောင်းအဝယ်တွေ ရပ်လုနီးပါး ဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ အခက်အခဲကြုံနေရ ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ စီးပွားရေးတစ်ခုတည်းကို ကွက်ပြီးထိန်းချင်လို့မရဘဲ နိုင်ငံရေးအတွက် သင့်တင့်တဲ့အဖြေတစ်ခုရှာဖို့လိုတယ်လို့ စီးပွားရေးပညာရှင်တစ်ယောက်က သုံးသပ်ထားပါတယ်။ 

ဒေါ်လာဈေးတက်တဲ့အကြောင်းအရင်းတွေကို ကြည့်ရင် နိုင်ငံရေးမတည်ငြိမ်တာ၊ ဘဏ်တွေပုံမှန်မလည်ပတ်နိုင်လို့ ငွေသားရှားပါးတာ၊ ပြည်သူတွေက ကျပ်ငွေကိုမယုံကြည်တော့ဘဲ ဒေါ်လာနဲ့ ရွှေ လိုခိုင်မာမှုရှိတဲ့ဘက်မှာ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ ကြိုးစားလာတာတွေကြောင့် ဖြစ်ပါတယ်။

ဒေါ်လာဈေးတက်သလို ရွှေဈေး၊ စက်သုံးဆီဈေးတွေလည်းတက်နေပြီး သွင်းကုန်အတွက် ဒေါ်လာလိုအပ်ချက်မပြည့်မှီရင် ကုန်ဈေးနှုန်းတွေထိုးတက်ပြီး အခြေခံပြည်သူတွေအတွက် ပိုခက်ခဲလာမယ်လို့ လုပ်ငန်းရှင်တစ်ယောက်က ခန့်မှန်းပါတယ်။ 

7 months Ago
Up