စစ်ကောင်စီရဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်အမှုကို မတ်လ ၃ ရက်နေ့က ဆက်လက်ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရှောင်တာနယ်ကို စွဲထားတဲ့ပုဒ်မ နှစ်ခုထဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အတွက် တရားလိုပြသက်သေ ဦးအောင်ကျော်စံကိုပဲ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စီးပွားရေးအကြံပေး ရှောင်တာနယ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ အာမခံရရှိထားတဲ့ ဦးစိုးဝင်း (စီမံ/ ဘဏ္ဍာဝန်ကြီး) ကလွဲပြီး စွပ်စွဲခံရသူ ရှောင်တာနယ်နဲ့ အမှုတွဲအဖြစ် စွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ ရုံးထုတ်ကို လာရောက်ခဲ့ပြီး အားလုံး ကျန်းမာရေး ကောင်းမွန်ကြတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရှောင်တာနယ်လ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်အမှုကို ဒီဇင်ဘာလ ၂ ရက် ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
ရှောင်တာနယ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့ ရုံးချိန်းမှာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)နဲ့ပတ်သက်ပြီး အပြန်အလှန်စစ်မေးခဲ့တာလို့ သိရပါတယ်။
တရားရုံးနဲ့နီးစပ်သူတစ်ဦးက “တရားလို တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်ကို စွပ်စွဲခံရသူ ငါးဦးလုံးအတွက် အပြန်အလှန် စစ်မေးချက်များပြီးစီးတယ်လို့သိရတယ်။ အပြန်အလှန်စစ်မေးချက်အသေးစိတ်ကိုတော့ မသိရဘူး ”လို့ ပြောပါတယ်။
နောက်ရုံးချိန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ ချိန်းဆိုလိုက်ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။
ရှောင်တာနယ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရပါတယ်။
Photo Credit-Sean Turnell