ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုံးလမ်းဆုံအနီးက စုပေါင်းစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက် အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန် UG association ကနေသိရပါတယ်။
ဒီနေ့မနက်၉ နာရီ ၄၅ မိနစ်အချိန်မှာ Yangon UG association (YUA) အဖွဲ့ဝင် God’s Hand Forces (GHF) ရဲ့ တပ်ခွဲ ၆ ဖြစ်တဲ့ Black Fox YGN UG က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၈ ယောက်လောက် ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ ဆိုပါတယ်။
Yangon UG association တာဝန်ရှိသူတဦးက “ကျနော်တို့ နောက်ချန် စကောက်တွေဆီက သတင်းကိုသေချာရလို့ အခုလို ထုတ်ပြန်ထားတာပါ။ ဘဲဥ သုံးကောင်ထိပြီး တစ်ကောင်သေတယ်။ စခတွေ အရပ်ဝတ်နဲ့ သုံးကောင်၊ ယူနီဖောင်းနဲ့ နှစ်ကောင် စုစုပေါင်း ၈ ကောင်ထိပါတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ဆင်ရေးကို “အသက်လျော်ကြေး စစ်ဆင်ရေး” ရဲ့ တစ်စိတ်တပိုင်းဖြစ်တယ်လို့ ကြေညာထားပြီး ဖောက်ခွဲမှုကြောင့် စစ်ကောင်စီရဲ့ ကားတစ်စီးလည်း ပျက်စီးသွားခဲ့ရသလို လုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေအနေနဲ့ ထိခိုက်မှု မရှိခဲ့ဘူးလို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုနိုင်တာမရှိသေးသလို စစ်ကောင်စီပြန်ကြားရေးကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဖောက်ခွဲရေးမစ်ရှင်လုပ်ဆောင်ရာမှာ ခရီးသွားလာတဲ့ ပြည်သူတွေ ထိခိုက်မှု မရှိအောင် သေချာစောင့်ကြည့် အချိန်ယူပြီးမှ လုပ်ဆောင်ခဲ့ရတယ်လို့လည်း ရန်ကုန် UG အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“သူတို့က အဲဒီနေရာကို ကားလမ်း ဘယ်ညာဂိတ်ချပြီး စစ်တာပါ၊ နေ့တိုင်းကို စစ်နေတာ၊ ကျနော်တို့ အနေနဲ့က အများပြည်သူတွေ မထိခိုက်အောင် အချိန်ယူ စောင့်ကြည့်ပြီး သေချာမှ လုပ်ဆောင်လိုက်တာပါ၊ အာဏာရှင် မကျရှုံးသေးသရွေ့ ကျနော်တို့ ရန်ကုန်မှာ ဆက်တိုက်ရှိနေမယ်၊ ရန်ကုန်က ကျနော်တို့ ရန်ကုန်ပါ လုံးဝနောက်မဆုတ်ပါဘူး။”
ရန်ကုန်မှာ UG အဖွဲ့ဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း မြောက်ဒဂုံ ပင်လုံလမ်းမနဲ့ ပြည်ထောင်စုလမ်းထောင့်မှာရှိတဲ့ ထွေအုပ်ရုံးနဲ့ စည်ပင်ခရိုင်ရုံးတို့ကိုလည်း အဝေးထိန်းခလုပ်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စုပေါင်းစစ်ဆေးရေးဂိတ်ကို ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်က ၄၀ မမလောင်ချာနဲ့ လေးကြိမ်တိုင် ပစ်ခတ်ခဲ့တယ်လို့ Khayan PDF ကပြောပါတယ်။
ခရမ်းမြို့နယ် ၂ ရပ်ကွက်၊ ဘုရားလမ်းရှိ ထွေအုပ်ရုံးနဲ့ စုပေါင်းစစ်ဆေးရေးဂိတ်တွေကို ဒီကနေ့ မနက် ၁၀ နာရီကျော်က ပစ်ခတ်ခဲ့တာဖြစ်ပြီး လူတွေထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
“ထွေအုပ်ရုံးက နှစ်ကြိမ်အပစ်ခံရတာ၊ အတော်လေး ပျက်စီးသွားတယ်ကြားတယ်။ ဝန်ထမ်းတွေ ထိမထိတော့ မသိဘူး။ အရှေ့ရော အနောက်ရော အပစ်ခံရတာ စစ်ဆေးရေးဂိတ်လည်း အပစ်ခံရတယ်။ စစ်သားတွေရှုပ်နေတော့ သေတာ၊ ဒဏ်ရာရတာ မေးလို့မရဘူး။”
ခရမ်းမြို့နယ်ရှိ ထွေအုပ်ရုံး၊ မြို့နယ်အားကစားခန်းမ၊ စုပေါင်းစစ်ဆေးရေးဂိတ်တွေကို ၄၀ မမနဲ့ လေးကြိမ်တိုင် ပစ်ခတ်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လတ်တလော ထွေအုပ်ရုံးနဲ့ စုပေါင်းရုံး၊ မြို့နယ်ခန်းမ စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Khayan PDF အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း ခရမ်းမြို့နယ် ထွေအုပ်ရုံးကို Khayan PDF က ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီကနေ့မနက်ပိုင်းကလည်း စစ်တပ်ပိုင်ဆိုင်တဲ့ မင်္ဂလာဒုံမြို့နယ် တပ်မတော် ပျဉ်းမပင် နို့ချက်စက်ရုံမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စက်ရုံလုံခြုံရေးဝန်ထမ်းတယောက် သေဆုံးခဲ့ပါသေးတယ်။