စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဌာန ၃ ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၂ ဖွဲ့က နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီ ကျော်က စတင်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ပုလဲမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ မီးသတ်ရုံး၊ စုပေါင်းရုံးနဲ့ ရဲစခန်းတို့ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုဥက္ကာက “ပစ်တာကတော့ ရဲစခန်းကို အရင်ပစ်တာ။ နောက်ပိုင်း တခြားက မီးသတ်ရုံး၊ စုပေါင်းရုံးတွေက ပြန်ပစ်လို့ သူတို့ကိုပါ ပစ်ခတ် ခဲ့တယ်။ ကျနော်တို့ မြို့နားအထိ ချဉ်းကပ်ပြီး လက်နက်ငယ်တွေနဲ့ရော ပစ်ခတ်ခဲ့တယ်။ ကျနော်တို့အဖွဲ့ နောက်ကနေ လိုက်ပစ်တဲ့ကောင်တွေလည်း မိုင်းဆွဲခဲ့သေးတယ်ဗျ။ အကျအဆုံး ကတော့ ညတိုက်ပွဲဆိုတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့အဖွဲတွေဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်ကလည်း ပုလဲမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒေသခံကာကွယ်ရေး အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး တွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကွက်သစ်ရပ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားရာ အစိုးရစုပေါင်းရုံးနေရာကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
မေလ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်မှာ ဒရုန်းအသုံးပြုကာ ဗုံးဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချနေတယ်ဆိုတဲ့ မြို့တော်ခန်းမအနီး တိုက်ခိုက်မှုမှာ ပေါက်ကွဲခဲ့ပေမယ့် ရဲကင်းစခန်းကို ချတဲ့ ဗုံးနှစ်လုံးကတော့ ပစ္စည်း error ဖြစ်တာကြောင့် မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။
တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက "အဓိက ထားတာက မြို့တော်ခန်းမ။ မြို့တော်ခန်းမနားမှာ ကျနော်တို့ ချလိုက်တာ၊ အဲ့ဒီမှာ သူတို့တွေ ရှိတယ်ဆိုတာကို ကျနော်တို့ကြားတဲ့အတွက် အဲ့မှာချတယ်။ သို့သော် သူတို့က လက်ဖက်ရည်သောက်နေတဲ့အချိန် မနက်ခင်း စောစောဆိုတော့ အဲ့မှာ မရှိတော့ လူထိခိုက် ဘာညာတော့မကြားသေးဘူး။ ဒါပေမယ့် စည်ပင်ရုံးမှာရှိတဲ့ အဆောက်အဦတွေတော့ သွပ်တွေဘာတွေတော့ ပေါက်ကွဲသွားတယ် ကြားတယ်" လို့ ပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် သပိတ်ကျင်းမြို့နယ်အတွင်း ဖုန်းလိုင်းတွေ ဖြတ်တောက်တာ၊ လုံခြုံရေးတင်းကျပ်တာ၊ တောနင်းပြီး ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဗုံးပေါက်ကွဲတဲ့နောက်ပိုင်းမှာ လုံခြုံရေးတင်းကြပ်တယ်၊ (-) တွေလည်း တောနင်းပြီး ရှာဖွေမှုတွေ လုပ်နေတယ်။ နောက်တစ်ချက်က ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတယ်။”
စစ်ကောင်စီ ဘက်တော်သားတွေနဲ့ လက်အောက်ခံတွေကို အခုလို တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ထပ်လုပ်မှာဖြစ်ပြီး ရန်ပုံငွေ လိုအပ်ချက်ရှိနေတဲ့အတွက် တာဝန်သိ ပြည်သူတွေအနေနဲ့ တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ချိတ်ဆက်ပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။