အွန်လိုင်းစာမျက်နှာကတဆင့် အများပြည်သူတွေအတွက် ကျန်းမာရေးကူညီစောင့်ရှောက်နိုင်ဖို့ Yangon Heroes အဖွဲ့က စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ဖိတ်ခေါ်နေပါတယ်။
Yangon Heroes အဖွဲ့ကိုတော့ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှု၊ စေတနာ့ဝန်ထမ်းတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ အများပြည်သူကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဖွဲ့စည်းထူထောင်ခဲ့တာပါ။
အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူ သိသင့်သိထိုက်တဲ့ ကုသမှုဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေကို အချိန်နဲ့ တပြေးညီ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ လွဲမှားတဲ့ စနစ်တွေကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေ မြင့်တက်နေပြီး စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသူ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေမှာ ကူညီနေကြတဲ့ ဆရာဝန်တွေကို ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူတဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာစစ်တမ်းမှာတော့ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြ ရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
Yangon Heroes အဖွဲ့မှာ အများပြည်သူကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်းဆောင်လိုတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေအနေနဲ့ ဖော်ပြပါ Google Doc Link ဖောင်ကို ဖြည့်စွက်ပေးပို့ကာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ HOPE Telecare အတွက် စေတနာ့ဝန်ထမ်းဆရာဝန်တွေ ပါဝင်နိုင်တယ်လို့ ဖိတ်ခေါ်ကမ်းလှမ်းထားပါတယ်။
HOPE Telecare ဟာ စွယ်စုံရ ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှုပလက်ဖောင်းဖြစ်ပြီး အခမဲ့ ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်ပြီး ကိုဗစ်-၁၉ ကူးစက်မှု အထွတ်အထိပ်ရောက်နေချိန်မှာ လူနာနဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးကျွမ်းကျင်သူတို့ ထိတွေ့တာကို လျှော့ချနိုင်ဖို့ အွန်လိုင်းကတဆင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် ဝန်ဆောင်မှုတခု ဖြစ်ပါတယ်။
HOPE Telecare ရဲ့ ပူးတွဲတည်ထောင်သူ ဒေါက်တာ စောမြအောင်က "မကြာသေးခင်က နေ့တိုင်းလိုလို ကိုဗစ်-၁၉ ကူးစက်မှုအသစ်တွေ တချိန်လုံး မြင့်တက်ခဲ့ပါတယ်။ ဒီကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်ချေမှုန်းဖို့ လမ်းကြောင်းရှာရာမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ပိုလိုအပ်တယ်ဆိုတာ နားလည်လာပါတယ်။ ဒါ့ကြောင့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုပေး စနစ်ပေါ်က ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေဖို့ အွန်လိုင်းကတဆင့် ကျန်းမာရေး အကြံပေးအဖွဲ့မှာ ပါဝင်ဖို့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို ခေါ်ရတာပါ။ ဒါဟာ ဆရာဝန်တွေအတွက် သူတို့အချိန်တွေကို စေတနာ့ဝန်ထမ်းလုပ်ဖို့နဲ့ သူတို့အတွက် အန္တရာယ်မရှိဘဲ ပိုကျွမ်းကျင်လာဖို့ အခွင့်အလမ်း တရပ်ဖြစ်ပါတယ်" လို့ ပြောပါတယ်။
HOPE Telecare က Facebook Messenger လိုမျိုး မက်ဆေ့ဂျ်ပို့ စနစ်တွေသုံးပြီး ဆေးကုပေးမှာ မဟုတ်ဘဲ အတည်ပြုထားတဲ့ ကျွမ်းကျင်သူတွေဆီက သတင်းအချက်အလက်တွေကို မိုဘိုင်းဖုန်းတွေအတွက် ကိုယ်ပိုင် HOPE အက်ပ်ကနေတဆင့် ကုသနိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
HOPE Telecare ဟာ မြန်မာနိုင်ငံ Blue Ocean Investment Limited က ဒေါက်တာ စောမြအောင် တို့နဲ့ ပူးတွဲလုပ်ငန်းတစ်ခုဖြစ်ပြီး Heydoc International Sdn Bhd က ပိုင်ဆိုင်တဲ့ မလေးရှားနိုင်ငံ "First Digital Signature Electronic Prescription System" DOC2US ဟာ သူတို့ရဲ့ နည်းပညာဆိုင်ရာ ပါတနာဖြစ်ပါတယ်။
HOPE Telecare ရဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က " ဒါဟာ ကျနော်တို့ရဲ့ မြန်မာပြည်သူတွေကို ပိုမို သုံးလွယ်ရလွယ်နိုင်တဲ့၊ လက်လှမ်းမီပြီး သာတူညီမျှဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ချိန်ခါနေရာမရွေးရနိုင်အောင် ကူညီပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကနေ အခြေတည်ဖြစ်ပေါ်လာတာပါ။ အွန်လိုင်းကနေ ဆေးကုသပေးခြင်းဟာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်ရာမှာ ရှေ့ကိုတက်လှမ်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ လိုအပ်နေသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ဆေးဝါးကုသရေး ရင်းမြစ်တွေ မလိုတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဂေဟစနစ်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပါလိမ့်မယ်" လို့ ပြောပါတယ်။
နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး အဲဒီနေရာမှာ ဆရာဝန်တွေ အလွယ်တကူ ရှာမတွေ့နိုင်ပေမဲ့ အင်တာနက်သုံးစွဲနိုင်နှုန်းကတော့ လက်ရှိ ၄၃ ရာခိုင်နှုန်း ရှိနေရာကနေ တနှစ်မှာ ၁၀ ရာခိုင်နှုန်းကျော် တိုးတက်နေတယ် လို့လည်း သူက ပြောပါတယ်။
HOPE Telecare app ကို Play Store မှာ HOPE လို့ ရှာပြီး ဒေါင်းလုဒ် လုပ်နိုင်ပြီ ဖြစ်ပါတယ်။