အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံတွေကိုစောင့်ကြည့်ဖို့တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ ၂၇ လုံးကို အီရန်အစိုးရကဖယ်ရှားပစ်လိုက်တယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ဇွန် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ဒီလိုဖယ်လိုက်တာဟာ ပြင်းထန်တဲ့စိန်ခေါ်မှုပဲလို့လည်း IAEA ညွှန်ကြားရေးမှူးချုပ် ရာဖှယ် မာရီယာနို ဂရောက်ဇီက သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်အရ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားရတာဖြစ်ပြီး IAEA က စောင့်ကြည့်နေတဲ့ကင်မရာတွေအပါအဝင် ထပ်တိုး ပစ္စည်းကိရိယာ အားလုံးကို အီရန်ဘက်က ဖယ်လိုက်တာပါ။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အီရန်အစိုးရကတော့ ချက်ချင်း အတည်မပြုပါဘူး။
သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ မဖြစ်နိုင်သေးမီ သုံးပတ်မှ လေးပတ် မတိုင်ခင်မှာ ခုလိုဖယ်လိုက်တာလို့ IAEA ရဲ့ အကြီးအကဲက ပြောပါတယ်။
“ဒါက (သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့) ပြင်းထန်တဲ့ ထိုးနှက်ချက်လို့ ကျနော် ထင်တယ်”လို့ ဂရောက်ဇီက ပြောပါတယ်။
ဇွန် ၈ ရက်မှာ အီရန်ဟာ နန်းတက်ဇ်က ယူရေနီယံ ကြွယ်ဝရေး အစီအစဉ်ကို စောင့်ကြည့်ဖို့ IAEA က သုံးနေတဲ့ စက်နှစ်လုံးကို ပိတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံတွင်း မကြေညာရသေးတဲ့ နေရာသုံးခုမှာ တွေ့ရတဲ့ နျူကလီးယားပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက်တွေကိုပေးဖို့ ပျက်ကွက်မှုအတွက် IAEA ဘုတ်အဖွဲ့က မဲခွဲဆုံးဖြတ်တာ မလုပ်ခင်လေးမှာ အီရန်က လုံခြုံရေး ကင်မရာတွေကို ခုလို ဖြုတ်ပစ်ခဲ့တာလည်း ဖြစ်ပါတယ်။