close

စောအဲမွန်

close

January 24, 2023

ဓမ္မဘက်သား မြန်မာ-တရုတ် သူရဲကောင်းများ

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီခန့် ရန်ကုန်လေဆိပ်တွင် ပြည်ပခရီးသည်တင် လေယာဉ်တစင်း ဆိုက်ရောက်လာသည်။ လာရောက်ကြိုဆိုသူများက ဆီးကြိုနှုတ်ဆက်ကြ၊ ပွေ့ဖက် မွှေ့ယမ်းကြဖြင့် ကြည်နူးဖွယ်မြင်ကွင်း။ လေဆိပ်ပြင်ပ ရောက်ရှိလာသော လူကြီးတဦးထံ လာရောက်ကြိုဆိုသူတဦးက ကလေးငယ်တယောက်ကို ထိုးပေးလိုက်သည်။ ကလေးငယ်ကို ပွေ့ချီ မြှူရင်း ထိုခရီးသည်မှာ ကြည်နူးနေဟန်။

ထိုကြည်နူးဟန်မှာ ကြာကြာမခံ။ ဒိုင်းခနဲ မြည်ဟီးသွားသော သေနတ်သံနှင့်အတူ ခရီးသည်ကြီးမှာ ပွေ့ချီထားသော ကလေးငယ်နှင့်အတူ လမ်းပေါ် ပစ်လဲကျသွားသည်။ လူတယောက်ကို လူတယောက်က သေနတ်နှင့်ပစ်ပြေးပြီ ဆိုသည်ကို မြင်တွေ့လိုက်ရသော လေဆိပ်အငှားယာဉ်မောင်းတစုသည် သေနတ်သမားနောက်ကို တဟုန်ထိုး လိုက်ကြတော့သည်။ အငှားယာဉ်ကို မှီကာ ခရီးသည် စောင့်မျှော်နေသော အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး အငှားယာဉ်မောင်းတယောက်ကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူ့ရှေ့မှ ဖြတ်ပြေးသွားသည့် သေနတ်သမားနောက်ကို ပြေးလိုက်တော့သည်။ နောက်ကလိုက် ပြေးလွှားရင်း တနေရာတွင် အုတ်နီခဲတလုံးကို သူ မြင်လိုက်ရ၏။ ထိုအုတ်ခဲကို ကောက်ဆွဲ ယူပြေးရင်း အုတ်ခဲဖြင့် ပစ်သာသည့် အကွာအဝေး နီးကပ်လာသည်နှင့် သေနတ်သမား၏ နောက်ကျောကို မိမိရရ လှမ်းထုချလိုက်သည်။ ပြေးနေသော သေနတ်သမား ဟန်ချက်ပျက်ကာ လမ်းပေါ်ပြိုလဲသွားသည်။ သို့သော် သေနတ်သမားက သူ့ကို အုတ်ခဲဖြင့်ထုသူကို သေနတ်ဖြင့် လှမ်းပစ်သွားခဲ့သေးသည်။ ထို့နောက်တော့ သေနတ်သမားကို အငှားယာဉ်မောင်းတစုက လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

နိပါတ်တော်လာ ဇာတ်ဝတ္ထုများကဲ့သို့ ဇာတ်ပေါင်းရလျှင် သေနတ်ဖြင့် လုပ်ကြံပစ်ခတ် သတ်ဖြတ်သူမှာ စစ်တပ်ကျောထောက်နောက်ခံပြု အစွန်းရောက် မျိုးချစ်ဂိုဏ်းသား ကြည်လင်း။ သေနတ်သမားကို အုတ်ခဲဖြင့်ထုခဲ့သူကား ကိုနေဝင်း။ ကနဦး အပစ်ခံရသူကား  ဦးကိုနီ။ ကိုနေဝင်းသည် လေဆိပ်တွင် ကိုယ်ပိုင်အငှားယာဉ်မောင်းနှင်သူ။ ဦးကိုနီမှာ NLD ပါတီ၏ အကြံပေးရှေ့နေကြီး။ တဦးက ဗုဒ္ဓဘာသာဝင် မြန်မာ-တရုတ်ကပြား။ တဦးကမူ အစ္စလမ်ဘာသာဝင်။ ဤဖြစ်စဉ်ကို စေ့ငုကြည့်လျှင် အခင်းဖြစ်ချိန်က ဘယ်အသိုင်းအဝိုင်းက ဘယ်သူအပစ်ခံရခြင်းဟု ဘယ်သူကမျှ သိကြသေးမည်မဟုတ်။ လူတယောက်ကို လက်နက်အားကိုးဖြင့် သတ်ဖြတ်သွားခြင်းကို လက်မခံနိုင်၍ စုစည်းတုံ့ပြန်ခဲ့ကြခြင်းဖြစ်မည်မှာ ဧကန်။ ထိုသို့ တုံ့ပြန်သူများအထဲကမှ မြန်မာ-တရုတ်ကပြား ကိုနေဝင်းက သေနတ်သမားကို ဖမ်းမိနိုင်အောင် အုတ်ခဲဖြင့် မိမိရရ ထုနိုင်ခဲ့သူ။ ကိုနေဝင်းသည်လည်း ဘယ်သူဘယ်ဝါကို ပစ်သတ်သွားလို့ဟူသော ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲဖြင့် တုံ့ပြန်ခဲ့ခြင်း မဟုတ်နိုင်သည်မှာ သေချာလှသည်။ အဓမ္မမှုကို လက်မခံနိုင်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှုကို တွန်းလှန်လိုခြင်းသာ။ တနည်းအားဖြင့် ကိုနေဝင်းသည်ကား ‌ဖခင် ဦးမောင်မောင်၊ မိခင် ဒေါ်လျူငွေဟောင် (ခ) ဒေါ်မြင့်ရီတို့က မွေးဖွားခဲ့သည့် ဓမ္မဘက်တော်သား မြန်မာ-တရုတ်ကပြား။

ကိုနေဝင်းနောက်တွင်မူ မြန်မာစစ်တပ်၏ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုကို ခံရသူမှာ မန္တလေးမြို့မှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ကြယ်စင် (ခေါ်) တိန်ကျားရှီးဖြစ်သည်။ သူသည် ကိုးကန့်မိခင်၊ ယူနန်ဖခင်တို့နှင့်အတူ မန္တလေးမြို့တွင် အခြေစိုက်နေထိုင်နေသူဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် သူသည် အရာအားလုံး အဆင်ပြေသွားပါလိမ့်မည် (Everything will be OK) စာတမ်းပါ အနက်ရောင်တီရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ မန္တလေးမြို့ ဆန္ဒပြပွဲ၌  အခြားသော မြန်မာလူငယ်များနှင့်အတူ ပါဝင်ခဲ့သည်။ လွတ်လပ်မှုနှင့် တရားမျှတမှုကို လိုလားသော သူ့ကို မြန်မာစစ်တပ်က ပေးအပ်လိုက်သည့် ဆုတံဆိပ်ကား ဦးခေါင်းတည့်တည့်ကို ချိန်ရွယ်ပစ်ခတ်ခြင်း။ မန္တလာမြေတွင် မြန်မာ-တရုတ် ကပြား အပျိုမလေး၏သွေး မြေခခဲ့ရပြီ။ ဤမျှနှင့်မပြီး မြန်မာစစ်တပ်က သူ့၏ သေဆုံးခန္ဓာကို မြှုပ်နှံထားရာမှ ပြန်လည်တူးဖော်ယူခဲ့ကြသည်။

မြန်မာစစ်တပ်နှင့် စစ်တပ်လော်ဘီတို့၏ ယုတ်မာမှုက ကမ်းကုန်ပင်။ မန္တလေးမြို့၊ ဘူတာကြီးအနီး ဆန္ဒပြပွဲများကို ဖြိုခွဲရာတွင် တရုတ်လို “တစ်၊ နှစ်၊ သုံး၊ ယိ‌၊ အော့၊ ဆမ်း” ဟု အော်ကာ မြန်မာများကို ချေမှုန်းရာတွင် တရုတ်နိုင်ငံသားများ ပါဝင်နေသယောင် ဟန်ဆောင်ခဲ့ကြသေးသည်။ ထိုကဲ့သို့ မြန်မာစစ်တပ်၏ သရုပ်ဖမ်းမှုကို ထိုစဉ်က ခိုးရိုက်ထားသော ဗီဒီယိုဖိုင်များတွင် တွေ့မြင်ရသည်။ အာဏာရှင်ဆန့်ကျင်ရေးမှသည် တရုတ်နွယ်ဖွားနှင့် မြန်မာလူမျိုးများအကြား ပဋိပက္ခဖြစ်ပွားအောင် လမ်းကြောင်းပြောင်း လှုံ့ဆော်မှုပြုခဲ့သည့် မြန်မာစစ်တပ်နှင့် စစ်တပ်လော်ဘီတို့၏ ကြိုးပမ်းအားထုတ်မှု။ သို့သော် တရုတ်နွယ်ဖွားများနှင့် မြန်မာတို့သည် ထိုလူမျိုး‌ရေးပဋိပက္ခ ထောင်ချောက်ကို ကျော်လွှားနိုင်ခဲ့ကြသည်။

တိန်ကျားရှီး‌ (ခေါ်) ကြယ်စင် မြန်မာစစ်တပ်၏ သတ်ဖြတ်ခံရပြီးနောက် ထပ်မံအသတ်ခံခဲ့ရသူကား လင်ယိုဇောင် Lin Yaozong (ခေါ်) ခန့်ညားဟိန်း။ သူသည်လည်း ရန်ကုန်အခြေစိုက် မြန်မာ-တရုတ်အနွယ်ဖွားများ အနေများရာ လသာမြို့နယ်နေ မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သည့် ‌ဆရာဝန်လောင်းလျာ ဆေးကျောင်းသားလူငယ်တဦး။ တာမွေမြို့နယ် ရဲစခန်းအနီးတွင် ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခံရသူ။ သူ့ကို အကူအညီပေးရန် သွားခဲ့သည့် မြန်မာအမျိုးသမီးငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် ရိုက်နှက် ဆွဲခေါ်သွားကြပြီး သူ့ရုပ်ခန္ဓာကိုလည်း တရွတ်ဆွဲကာ ရဲစခန်းအတွင်း ခေါ်သွားခဲ့ကြသည်။

လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အုတ်ခဲဖြင့် တုံ့ပြန်ချေမှုန်းရဲခဲ့သည့် မြန်မာ-တရုတ်နွယ်ဖွား အညတရသူရဲကောင်း ကိုနေဝင်း ကွယ်လွန်ခဲ့သည်မှာ ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ဆိုလျှင် ၅ နှစ်ပြည့်ခဲ့ပေပြီ။ အဓမ္မသမား၏ လက်ချက်ကြောင့် ကိုနေဝင်း ကွယ်လွန်ခဲ့ပြီးနောက်တွင်လည်း မြန်မာနိုင်ငံတွင် အဓမ္မအမှောင်တိုက်က ကြီးစိုးနေဆဲ။ ထိုအမှောင်တိုက်ကို ဖြိုခွဲရန် အန်တုရင်း တိန်ကျားရှီး၊ လင်ယိုဇောင်တို့သည် အခြားသော မြန်မာများနှင့်အတူ ကြွေလွင့်ခဲ့ကြရသည်မှာ ပစ္စက္ခ သမိုင်း။

ကိုနေဝင်း၊ တိန်ကျားရှီး၊ လင်ယိုဇောင်တို့၏ ဝိညာဉ်များသည် မြန်မာစစ်တပ်၏ အဓမ္မပြုကျင့်မှုများကို လျစ်လျူရှု မေ့လျော့ခြင်းမပြုရန် ဘေဂျင်းနိုင်ငံရေးခေါင်းဆောင်များကို လှုံ့ဆော်နေလိမ့်မည်ဟု ယူဆရပါသည်။ မြန်မာတို့ကမူ ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့ကြသူအပေါင်း၏ ဂုဏ်ကျေးဇူးကို ဘယ်သောအခါမျှ မေ့ကြမည်မဟုတ်ပေ။

စောအဲမွန်

6 days Ago

January 3, 2023

သီတဂူ၊ ဆိုက်ဝါးနှင့် ဉာဏ်ခံအား

ဆောင်းနံနက်ခင်း ‌ဖေ့စ်ဘွတ်ခ် ဖွင့်လိုက်သည်နှင့် ဆီးကြိုနှုတ်ဆက်လာသည်က သီတဂူဘုန်းကြီး၏ တပိုင်းတစ စကားများ။ တပိုင်းတစ စကားများဟု သုံးရသည်က တရားဟု ပြောမရ၍ဖြစ်၏။ သီတဂူဘုန်းကြီး စကားပြောဟန်ပါ ဗီဒီယိုဖိုင်တွင်လည်း တရားဟောပလ္လင်ထက်မှ ပြောနေတာမျိုးမဟုတ်။ သာမန်ဆိုဖာခုံတခုပေါ် ထိုင်ရင်း ပြောနေဟန်။ မည်သူတို့ကို ပြောနေသည်မူ မသိရ။ ရုပ်သံဖိုင်တွင် နားထောင်နေသူတို့ကို ဝိုးတဝါးပင် မပြ။ ဖြတ်တောက်ပြသထားသည့် ရုပ်သံ။

ဘာတွေပြောသွားသည် ဆိုသည်ကိုမူ စာလေးမည်စိုး၍ ခရေစေ့တွင်းကျ ပြန်လည် စာစီမပြလိုတော့။ သီတဂူဘုန်းကြီး ဆိုသည်နှင့် စိတ်ဝင်စားသူ များပြီးသား။ သည်တော့ ဒီရုပ်သံဖိုင်နှင့် ပြောစကားများကို ဖေ့စ်ဘွတ်ခ်သုံးသူတိုင်း တွေ့မြင် သိရှိပြီးဖြစ်မည်။ အတော်များများကမူ တုံ့ပြန်ဝေဖန်ပြီးပင် ဖြစ်နေလိမ့်မည်။ ဝေဖန်ချင်စရာလည်း ကောင်းလှသည် မဟုတ်ပါလား။

စာရေးသူလည်း ရုပ်သံဖိုင် စတွေ့တွေ့ချင်း ဝေဖန်စောကြောမိသည်။ ဘုန်းကြီး၏ ပြောစကားသက်သက်ကိုတော့ မဟုတ်။ ဒီဗီဒီယိုဖိုင်က ဘယ်အချိန်၊ ဘယ်ကာလက ဘယ်နေရာမှာ ဘယ်သူတွေကိုပြောနေတဲ့ စကားလဲဟု စတင်စောကြောကြည့်သည်။ သူ့ကျောင်းမှာပဲ သူ့တပည့်ကိုယ်တော်တွေကို ပြောနေခြင်းလား။ သို့တည်းမဟုတ် တခြားနေရာမှာ ဒကာ၊ ဒကာမတွေကို ပြောနေခြင်းလား။ ရုပ်သံဖိုင်မှာ ဘာတခုမျှ ခြေရာခံမရ။ မျက်စိစုံမှိတ် ဝေဖန်လိုသူတို့ကလည်း ဘာမျှ ရှည်ရှည်ဝေးဝေး တွေးနေဖို့မလို၊ စောကြောနေဖို့မလို သူ့ပြောစကားကိုက မဟုတ်တမ်းတရားဟု ပြောချင် ပြောကြပါလိမ့်မည်။

တွေးရပါသည်။ စောကြောရပါမည်။ စာရေးသူသည် တပ်ဖွဲ့ဖျက်သိမ်းပြီး ထောင်ချခံခဲ့ရသော စစ်ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် ထိတွေ့ဆက်ဆံဖူးသည်။ အလွတ်သဘော မေးမြန်းမှု များစွာပြုဖူးသည်။ ဒီတော့ ထောက်လှမ်းရေးတို့ ကိုင်စွဲတတ်သည့်  စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်း (Psycho-War) များကို တီးမိခေါက်မိရှိသည်။ မြန်မာစစ်တပ်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်‌ဆင်ရေးဌာနသည် တီးဝိုင်းဖွဲ့၍ နယ်လှည့်ကာ ဆိုကရေးတီးအမှုသာ ပြုတတ်သည်ဟု ထင်လျှင် မှားပေမည်။ ယခု စရဖလက်ထက် မည်သို့ရှိမည်ကို သေချာဂဏမသိသော်လည်း ဗိုလ်ခင်ညွန့်လက်ထက်ကမူ စိတ်ဓာတ်စစ်ဆင်ရေးဌာနနှင့် ထောက်လှမ်းရေးတို့သည် ချိတ်ဆက်လုပ်ဆောင်ကြသည်။

နိုင်ငံရေးရေချိန် မြင့်တက်လာသည့်အခါတိုင်း ဆန်အတု ပေါ်နေပြီ၊ ကြက်ဥအတုတွေ တရုတ်က သွင်းနေတယ် စသည်ဖြင့် အများသူငါ စိတ်ဝင်စားလွယ်မည့် အကြောင်းအရာများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်သည်။ ‌နိုင်ငံရေးမတွေးနှင့်။ စိတ်မဝင်စားနှင့်။ ကိုယ်စားမည့် အစားအစာ ဘေးကင်းရေးသာ တွေးကြပေရော့။ ဤသို့ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ချပေးသော ဆိုက်ဝါး (Psycho-War) ကို စစ်ထောက်လှမ်းရေးက ပြည်သူလူထုအတွင်း သွတ်သွင်းပေးရလေ့ရှိသည်။ တောက်တဲ့ ဈေးကောင်းပေးဝယ်သည်၊ မိုးကြိုးသွား ကြိုက်ဈေးရမည်၊ ဟင်္သာရုပ်အလေး သိန်းရာချီပေးဝယ်သည်ဆိုသော လောဘအိုးများကို ထည့်သည့် ဆိုက်ဝါးများလည်း ရှိသေးသည်။

ထောက်လှမ်းရေးဟောင်းများနှင့် ထိတွေ့ဆက်ဆံထားဖူး၍ ထိုထိုသော ဆိုက်ဝါးမျိုးစုံကို သိနားလည်ထားသဖြင့် ရုတ်တရက် ပေါ်ထွက်လာ‌သည့် သီတဂူဘုန်းကြီး၏ ဗီဒီယိုဖိုင်ကိုလည်း သင်္ကာမကင်း။ ဘာ့ကြောင့် ဒီဗီဒီယိုဖိုင်က အခုမှ ပြန့်လာသလဲ။ စဉ်းစားမရ။ မွန်းမလွဲမီအတွင်း သီတဂူ ဗီဒီယိုဖိုင်က ပျံ့နေပြီ။ ဝေဖန်သံလည်း ညံနေပြီ။ မွန်းလွဲပြီး ညနေသုံးနာရီခန့်ရောက်မှ ဆက်စပ်ကြည့်စရာ အကြောင်းအရာက ပေါ်လာသည်။ ဒီဇင်ဘာ ၃၀ ရက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ စွဲဆိုထားသည့် အမှုအားလုံး ပြီးပြတ်သည့်နေ့။ အစိုးရသုံး ရဟတ်ယာဉ်ဝယ်ယူမှုအတွက် ထောင် ၇ နှစ် နောက်ဆုံး ထပ်တိုးချမှတ်လိုက်သည့်နေ့။ သည်နေ့မှာပဲ သီတဂူ ပြောစကားတပိုင်းတစကို လူမှုကွန်ရက်ပေါ် လွှင့်ထုတ်လိုက်ခြင်း ဖြစ်၏။

“ဆိုက်ဝါးပဲပေါ့ဗျာ၊ လူထုရဲ့အာရုံကို လွှဲပြောင်းပစ်လိုက်တာပေါ့”

ဤသည်မှာ ညပိုင်း လိုင်းပေါ်တက်လာသော ထောက်လှမ်းရေးဟောင်းကို မေးမြန်းမိရာ သူ၏ ကနဦး မှတ်ချက်ပြုစကား။ သူက ဆက်ပြောသည်။ သီတဂူ ဗီဒီယိုဖိုင်ဖြင့် ခဲတလုံးတည်းဖြင့် ငှက်သုံးကောင် ပစ်သွားသည်ဟူ၏။ (၁) ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားပြစ်ဒဏ်များ ချမှတ်လိုက်ခြင်းကို လူထုအာရုံမပြုကြစေရန်၊ (၂) သာသနာ့ဝန်ထမ်းသည်သာ အခရာဟု မှတ်ယူထားသော သံဃာတော်တချို့နှင့် ဒီမိုကရေစီလိုလားသူများ သွေးကွဲစေရန်၊ (၃) စစ်တပ်အတွင်း ဒီမိုကရေစီလိုလားသူများသည် အခြေခံကျကျ မစဉ်းစားတတ်ဘဲ၊ ဖြစ်စဉ်အမှန်မသိဘဲ ဝေဖန်ပြစ်တင်စောသူများအဖြစ် ပုံဖော်ရန်နှင့် ပိုမိုဖိနှိပ်နှိမ်နင်းရဲရေး တွန်းအားဖြစ်စေရန်တို့ ဖြစ်တယ်လို့ ထောက်လှမ်းရေး အရာရှိဟောင်းက သုံးသပ်ပြသည်။

“ကျနော်လည်း အဲ့ဒီဖိုင်တိုလေးကို ခဏခဏ ပြန်ကြည့်ပါတယ်။ စကားလေးနည်းနည်း ပြောမယ်ဆိုတာနဲ့ စတယ်ဗျာ။ ပြီးတော့ ဒါ ... တွေးကြည့်တာပေါ့ဆိုတဲ့ စကားမှာပဲ ဖိုင်ကို ဖြတ်ချထားတယ်။ ဆိုတော့ ဘုန်းကြီးပြောတဲ့ နောက်ဆက်တွဲစကားတွေကို ကျနော်တို့ မသိရဘူးလေ။ တကယ့်အပြင်မှာက သူက ဒါတော့ တွေးကြည့်တာပါ၊ တကယ်တော့ ဒီလို မဟုတ်ဘူးဆိုပြီး ဆက်ပြောသွားတာမျိုးလည်း ဖြစ်နိုင်တယ်လေ၊ လုံးစေ့ပတ်စေ့ မသိနိုင်တာတွေကို ဝေဖန်ရတာက တော်တော်ခက်ပါတယ်၊ သေချာတာကတော့ ဒါ ဆိုက်ဝါးပါပဲ၊ ဘုန်းကြီးလမ်းကြောင်းကနေ install လုပ်ပေးလိုက်တာပဲဖြစ်မယ်” ဟု ထောက်လှမ်းရေးဟောင်းက ဆက်ပြောသည်။

သေချာသည်မှာ ဘေးကျပ်နံကျပ်ဖြစ်နေသော စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကိုသာ ဆုပ်ကိုင်တော့မည်ဖြစ်၏။ ရွေးကောက်ပွဲအကြိုကာလတွင် ဆိုက်ဝါးများစွာ၊ များစွာ လွှင့်ထုတ်လာမည်ဖြစ်သည်။ စစ်အုပ်စုက လွှတ်ထုတ်လိုက်သော ဆိုက်ဝါးများအား ဝေဖန်ရှုတ်ချရင်း အချိန်ကုန်ခံကြမည်လား၊ ပြဿနာပေါင်းစုံ၏ ရင်းမြစ်ဖြစ်သော အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကိုသာ တစိုက်မတ်မတ် အာရုံစိုက်ကြမည်လား ဆိုသည်မှာမူ ဒီမိုကရေစီလိုလားသူများ၏ အသိဉာဏ် ခံအားအပေါ်သာ တည်မီပါလိမ့်မည်။

စောအဲမွန်

4 weeks Ago
Up