စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းမယ်ဆိုတဲ့အတွေးအခေါ်တွေကို ငြင်းပယ်ကြဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ ၁၆၀ ကျော်က လေးလေးနက်နက်တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက် ဖက်ဆစ်စစ်တပ်နဲ့ သူတို့ရဲ့လက်ဝေခံအပေါင်းအပါတွေဟာ ပြည်သူလူထုအပေါ် လက်နက်အားကိုးဗိုလ်ကျနေပြီး ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အကြမ်းဖက်ဖမ်းဆီးနေတာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ထောင်အာဏာပိုင်တွေက ကြိုးကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပေါ် ကျောင်းသားသမဂ္ဂတွေအနေနဲ့ များစွာယူကြုံးမရနာကျည်းမိပြီး သူတို့ ၄ ယောက်အပါအဝင် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်အပေါင်းကို အလေးနီပြုတယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းက ကျောင်းသားသမဂ္ဂအဖွဲ့ ၁၆၄ ဖွဲ့ ပါဝင်တဲ့ ကိုယ်စားလှယ်များကော်မတီက စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်တစ်ယန္တရားတွေနဲ့ တည်ဆောက်ထားတဲ့ ဖက်ဆစ်စစ်တပ်ကို လူထုအားနဲ့ အပြီးသတ်ချေမှုန်းပြီး လူမျိုးပေါင်းစုံ လူတန်းစားအလွှာပေါင်းစုံ လွတ်မြောက်ရေးကို ဦးတည်ချီတက်သွားမယ်လို့ ကတိသစ္စာပြုတယ်လို့လည်း ဆိုပါတယ်။
ကျောင်းသားပြည်သူတရပ်လုံးအနေနဲ့လည်း စစ်အုပ်စုအပေါ် ခြွင်းချက်မရှိ ရန် ငါပြတ် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့နဲ့ စေ့စပ်ညှိနှိုင်းရေး အတွေးအခေါ်တွေကို ခြွင်းချက်မရှိ ငြင်းပယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ယူကရိန်းနဲ့ ရုရှားကြား ဆွေးနွေးပွဲတွေ ဆက်ဖြစ်နေပေမဲ့ ‘စကားလုံးတွေသက်သက်ပဲ၊ လောလောဆယ်အထိ ဆုပ်ဆုပ်ကိုင်ကိုင် ဘာရလဒ်မှ မရှိဘူး” လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမှာ ဇလန်းစကီးက ရုပ်သံကနေ ပြောလိုက်ပါတယ်။
ဇလန်းစကီးက “ဟုတ်ပါတယ်..စေ့စပ်ညှိနှိုင်းမှုတွေ ဆက်ဖြစ်နေပါတယ်။ ဒါပေမဲ့ စကားလုံးတွေပါပဲ။ ကိယက်ဗ်မြို့နဲ့ ချာနီဟိဗ်မြို့ကနေ ရုရှားတပ်တွေ ပြန်ရုပ်သွားပြီလို့ ပြောနေတဲ့ စကားလုံးတွေလည်း ရှိပါတယ်။ တကယ် ရုပ်သွားတာ မဟုတ်ပါဘူး၊ ယူကရိန်းရဲ့ ခုခံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားတာပါ။ အခုဆို ဒွန်းဘတ်စ်ဒေသမှာ တိုက်ပွဲအသစ်အတွက် ရုရှားတပ်တွေ ပြန်စုစည်းနေတာ တွေ့ရတယ်၊ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ယူကရိန်းနဲ့ ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ခဲ့ပြီး ရုရှားက နှစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့ ကိယက်ဗ်မြို့တော်တဝိုက်က တပ်တွေ ပြန်ရုပ်မယ်လို့ ပြောခဲ့တာပါ။
အမှန်တကယ်က ယူကရိန်းတို့ ခုခံမှုကြောင့် ရုရှားတပ်တွေ နောက်ဆုတ်နေရတာပါ။
သမ္မတဇလန်းစကီးက မတ် ၃၀ ရက်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဖုန်းနဲ့စကားပြောခဲ့ပြီး၊ အမေရိကန်က ယူကရိန်းအတွက် တိုက်ရိုက်ဘတ်ဂျက်အကူအညီ ဒေါ်လာ သန်း ၅၀၀ ပေးမယ်လို့ ပြောပါတယ်။