close

စံချိန်သစ်တင်

close

September 1, 2022

ပရီးမီးယားလိဂ် ၅ ပွဲအပြီး ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ဟာလန်း စံချိန်သစ်တင်

မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲအပြီးမှာ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန်တင်သစ်နိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ဒီကနေ့ မနက် အစောပိုင်းက ကန်သွားတဲ့ နော်တင်ဟမ်ဖောရက်နဲ့ပွဲစဉ်မှာ ဟတ်ထရစ်သုံးဂိုး သွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာလည်း ဟတ်ထရစ်သုံးဂိုး သွင်းခဲ့တဲ့ဟာလန်းဟာ ပရီးမီးယားလိဂ်အဖွင့် ၅ ပွဲမှာတင် ၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။

ဒီပမာဏဟာ မိုက်ကွင်းနဲ့ အဂွဲရိုးတို့စံချိန်တင်ထားတဲ့ ၈ ဂိုးစံချိန်ကို ချိုးဖျက်ပြီး ဟာလန်းက စံချိန်တင်သစ်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ဟတ်ထရစ်သုံးဂိုးသွင်းယူနိုင်တဲ့ ၇ ဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ 

ဒါ့အပြင် ဟာလန်းရဲ့ သွင်းဂိုး ၉ ဂိုးဟာ ပရီးမီးယားလိဂ်အသင်း ၁၅ သင်းရဲ့ စုစုပေါင်းသွင်းဂိုးထက် ပိုများနေပါတယ်။

မန်စီးတီးအသင်းအတွက်တော့ နည်းပြဂွာဒီယိုလာ လက်ထက်မှာ ၅ ဂိုးနဲ့ အထက်သွင်းပြီး အနိုင်ရတာ ၃၂ ကြိမ်မြောက်ပွဲဖြစ်ခဲ့ပါတယ်။ နည်းပြဂွာဒီယိုလာကတော့ ဟာလန်းဟာ ဂိုးပေါက်ထဲမှာ အနံ့ခံကောင်းတဲ့တိုက်စစ်မှူးဖြစ်ကြောင်း ချီးကျူးသွားပါတယ်။

7 mins Ago

December 21, 2020

မန်ယူက လိဒ်ကို ၆ - ၂ ဂိုးဖြင့်အနိုင်ရ၊ ကွင်းလယ်လူ တွမ်မီနေး စံချိန်သစ်တင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ လိဂ်ယူနိုက်တက်နဲ့ပွဲမှာ အဖွင့်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မက်တွမ်မီနေးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲအစ ၃ မိနစ်မှာတင် ၂ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ မှတ်တမ်းသစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။  စကော့တလန်ကွင်းလယ်လူဟာ ပွဲအစ ၆၉ စက္ကန့်မှာတင် ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ကိုက် ၂၀ အကွာကနေ သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ လိဒ်ကို အစောဆုံးသွင်းယူနိုင်တဲ့ဂိုးလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်တစ်မိနစ်အကြာမှာပဲ ကွင်းလယ်ကစားသမားဟာ မာရှယ်ရဲ့ဖန်တီးပေးမှုကို ဂိုးအဖြစ် ထပ်မံပြောင်းလဲနိုင်ခဲ့ပြန်ပါတယ်။ ဒါဟာ ခံစစ်အားသန်ကွင်းလယ်လူအဖြစ် ပိုထင်ရှားတဲ့ တွမ်မီနေးထံက မြင်ရခဲတဲ့ သွင်းဂိုးတွေလည်း ဖြစ်ပါတယ်။  တွမ်မီနေးဟာ ယူနိုက်တက်အသင်းအတွက်ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၆၈ ပွဲမှာ ၈ ဂိုးသာ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့နောက်ဆုံးသွင်းဂိုးကို မန်စီတီးနဲ့ မတ်လအစောပိုင်း ဒါဘီပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။  လိဒ်နဲ့ပွဲစဉ် ပွဲအစမှာတင် ၂ ဂိုးရရှိသွားခဲ့တဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ တိုက်စစ်အင်အားကို ဆက်လက်ပြသနိုင်ခဲ့ပြီး နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်က ၃ ဂိုးဖြစ်စေခဲ့ပါတယ်။ ဒါဟာ ၂၀၀၆ ဖူလ်ဟမ်အသင်းနဲ့နောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ အစောဆုံးသွင်းယူနိုင်တဲ့ တတိယမြောက်ဂိုးလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာနောက်ခံလူ လင်ဒီလော့ဖ်က စတုတ္တဂိုးကိုသွင်းယူပေးခဲ့ပြီး ဒါဟာ လိဒ်အသင်းအတွက် တော့ ပရိးမီးယာားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းတင် ၄ ဂိုးသွင်းပေးခဲ့ရတာဖြစ်ပါတယ်။  လိဒ်ဘက်က ပထမပိုင်းမှာ ကူးပါးရဲ့ခေါင်းတိုက်သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းက တိုက်စစ်ကစားအားကို မချခဲ့တာကြောင့် ဒုတိယပိုင်းမှာလည်း ဖာနန်ဒက်စ်နဲ့ ဂျိမ်းစ်တို့က နောက်ထပ်အနိုင်ဂိုးတွေကို ထပ်မံသွင်းယူခဲ့ပြန်ပါတယ်။ လိဒ်နဲ့ပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂၇ ပွဲမှာ ဂိုးပါဝင်ပတ်သတ်မှု ၂၉ ကြိမ်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ တောင်ပံကစားသမား ဂျိမ်းစ်အတွက်တော့ တနင်္ဂနွေနေ့သွင်းဂိုးဟာ ၂၀၁၉ နောက်ပိုင်း ၃၃ ပွဲအတွင်း ပထမဆုံးသွင်းဂိုးဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတွေရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်အသင်းဟာ ပွဲအပြီးမှာ ၆ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဒီရလဒ်ကြောင့် ဖိအားတွေရှိနေတဲ့ ဆိုးလ်ရှားအတွက်လည်း အသက်ရှူချောင်စရာဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး ကျန်ထိပ်သီး ၆ သင်းထက် တပွဲလျော့အနေအထားမှာ ရှိနေပါတယ်။
2 years Ago
Up