close

စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်

close

September 9, 2022

ဗြိတိန်ဝန်ကြီးချုပ်သစ် ထရပ်စ်က စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ် ထိန်းချုပ်ကန့်သတ်

ဗြိတိန်ခေါင်းဆောင်သစ် လစ်ဇ်ထရပ်စ်ဟာ နိုင်ငံအတွင်း မြင့်တက်လာနေတဲ့ စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်တွေကို ကန့်သတ်ထိန်းချုပ်လိုက်ကြောင်းပြောကြားလိုက်ပါတယ်။

ဗြိတိန်ဟာ အိမ်သုံးစွမ်းအင် ကုန်ကျစရိတ် ၄ ပုံ ၁ ပုံနီးပါး မြင့်တက်လာတာကြောင့် နှစ်ရှည်လများ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီး ထရပ်စ်ဟာ သူတက်လာပြီး ၃ ရက် အကြာမှာပဲ သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ ရဲရဲတင်းတင်းနဲ့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလမှာ စွမ်းအင်အသုံးစရိတ် ၈၀ ရာခိုင်နှုန်း (ပျမ်းမျှ စတာလင်ပေါင် ၃,၅၄၉ ) အထိ ခုန်တက်သွားနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာကို ရှောင်ရှားတဲ့အနေနဲ့ ပျမ်းမျှ အိမ်သုံးစွမ်းအင်အသုံးစရိတ်တွေကို တနှစ်ကို ပေါင် ၂,၅၀၀ ဝန်းကျင်နဲ့ ၂ နှစ်ကြာ ထိန်းသိမ်းထားရမယ်လို့ ထရပ်စ်က ပြောပါတယ်။

ပြည်သူတွေဟာ သူတို့ရဲ့ အိမ်သုံးစွမ်းအင်ဖိုးနဲ့ပတ်သက်လို့  ရုန်းကန်နေရတာ သိတဲ့အကြောင်းနဲ့ ဒီအချိန်ဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နေရပြီး ကုန်ကျစရိတ် အခမဲ့ဖြစ်ဖို့ ရွေးချယ်စရာတွေတော့မရှိဘူးလို့  စက်တင်ဘာ ၈ ရက်က ပါလီမန်လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

စွမ်းအင်နဲ့ပတ်သက်လို့ ထောက်ပံ့ရေးနည်းလမ်းသစ်တွေကိုလည်း မိတ်ဆက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး လောင်စာသယံဇာတ ထုတ်လုပ်ခြင်းဆိုင်ရာကို ခေတ္တဆိုင်းငံ့ထားမှုနဲ့အတူ မြောက်ပင်လယ်အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေး လိုင်စင်အသစ်တွေကိုလည်း ထုတ်ပေးခဲ့ပါတယ်။

စွမ်းအင်ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ ထူးထူးခြားခြား ငွေဖြစ်လွယ်မှု လိုအပ်ချက်တွေကိုလည်း ဘဏ္ဍာတိုက်နဲ့ အင်္ဂလန်ဘဏ်တို့ကလည်း သီးခြားစီ ဖြေရှင်းပေးမှာဖြစ်ပြီး ပေါင် ဘီလီယံ ၄၀ တန်ကြေးရှိမယ်လို့ ထရပ်စ်က ပြောထားပါတယ်။

စီးပွားရေးလုပ်ငန်းတွေကိုလည်း ပံ့ပိုးပေးမှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို နောက်မှထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။

6 hours Ago
Up