close

ဆက်ကြေးပေး

close

December 9, 2021

ဆက်ကြေးပေးပြီး ကျောက်စိမ်းခိုးတူးနေသည့် စက်ယန္တရားများ စစ်ဆေးရေးကာလ ခဏဝှက်ထားရန် စစ်တပ်က အမိန့်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်ရတနာနယ်မြေမှာ တရားမဝင်ကျောက်စိမ်းခိုးတူးနေတဲ့ စက်ယန္တရားကြီးတွေ ဝှက်ထားကြဖို့   ဒီဇင်ဘာ၈ ရက် မနေ့က ဖားကန့်ရှိ စစ်ကောင်စီ တပ်မ ၃၃ က နှုတ်မိန့်နဲ့ ညွှန်ကြားထားတယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ရပ်နားထားဖို့ စစ်ကောင်စီရဲ့ ကျောက်စိမ်းရိုင်းတူးဖော်ရေးဌာန လုံးခင်းနဲ့ တပ်မ (၃၃) က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားထားပြီး ဖြစ်ပါတယ်။

ခုရက်ပိုင်းအကြာမှာ စစ်ဆေးရေးကြောင့် စက်တွေကို ဝှက်ထားဖို့ ထပ်မံညွှန်ကြားလာတာလို့ ဆိုပါတယ်။

"ကျနော်တို့ကို ကားတွေစက်တွေကို ကြိုတင်ဝှက်ထားကြဘို့ ပြောတယ်။ ကွင်းဆင်းစစ်ဆေးတဲ့ အဖွဲ့တွေ လာမယ် အဲ့လိုလာပြောလို့ ကျနော်တို့လည်း ညတွင်းချင်း စက်တွေကားနဲ့တင်ပြီး ကျင်းနဲ့ဝေးတဲ့ဆီကို ပို့နေရတယ်"လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဖားကန့်ရတနာနယ်မြေမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် အားလုံးဟာ ၂၀၂၁ ဩဂုတ်လကတည်းက တူးဖော်ခွင့်လိုင်စင် သက်တမ်းတွေ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

အဲဒီသက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်တွေကို  အာဏာသိမ်းစစ်တပ်လက်အောက်ခံ နယ်မြေခံ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အောက်တိုဘာလဆန်းပိုင်းကစပြီး လစဉ်ကြေးသဘောမျိုး ဆက်ကြေး ကောက်ခံကာ စက်ယန္တရား အမြောက်အမြားနဲ့ တူးဖော်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ တရားမဝင်ကျောက်စိမ်းတူးနေတဲ့ စက်ယန္တရားတွေ ရုတ်တရက် ပြောင်းရွှေ့နေတာ တွေ့ရတယ်လို့လည်း အခြေခံလူတန်းစား ဒေသခံ ရေမဆေးသမားတွေက ပြောပါတယ်။

"ဒီနေ့ည /ညဦးပိုင်းထိ စက်ယန္တရားကြီးတွေနဲ့ တချို့နေရာတွင် လုပ်နေရင်းက အပြေးအလွှား ချက်ချင်းနားသွားကြတာ။ လုံးခင်းအုပ်စုအတွင်းခိုးသမားတွေ ပြယာခတ်နေကြတယ် တခုခုတော့ ထူးပြီးလို့ထင်တာပဲ "ဟု မဇွပ်ယန်ကျေးရွာသားတဦးက ပြောပါတယ်။

လစဉ်ကြေးကောက်ပြီး ခိုးတူးကျင်းတွေ ခွင့်ပြုထားတာဟာလည်း စစ်ကောင်စီ လက်အောက်ခံစစ်တပ်ကဖြစ်ပြီး လာစစ်မယ့်သူတွေကလည်း စစ်ကောင်စီလက်အောက်ကပဲ ဖြစ်တာကြောင့် လူမြင်ကောင်း လူကြားကောင်းအောင် ဟန်ပြ လုပ်တာသာဖြစ်ပြီး စစ်ဆေးရေးအဖွဲ့တွေ ပြန်သွားတာနဲ့ ခိုးတူးနေကြဦးမှာပဲလို့  ဒေသခံဌာနေတိုင်းရင်းသား တွေက ဝေဖန်နေကြပါတယ်။

ကချင်နိုင်ငံရေးသမားတဦးက "စစ်တပ်ခေတ်ဆိုတာ ဒီလိုပဲ လုပ်နေကျပါ။ လူမြင်လူကြားကောင်းအောင် လုပ်တာပါ။ လက်နက်ကိုင်တွေရော၊ လုပ်ငန်းရှင်ရော၊ ကချင်လူကြီးတွေရော အားလုံး လက်ဝါးရိုက်ပြီး လုပ်စားနေကြတာ။ အိုင်တီခေတ်ကြီးမှာ မသိဘူးဆိုတာ ရူးလို့ပြောနေကြတာချည်းပဲ"လို့ မှတ်ချက်ပြု ပြောပါတယ် ။

ဖားကန့်ရတနာနယ်မြေက သက်တမ်းကုန် လုပ်ကွက်တွေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းအားလုံးကို စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ က လစဉ်ကြေးကောက်ခံပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဖားကန့်မှာ ညစဉ် စက်ယန္တရားတွေ အမြောက်အမြားနဲ့ တူးဖော်နေတာတွေကို သတင်းပျံ့နှံ့သွားပြီးနောက် တူးဖော်ခွင့် ရပ်နားဖို့ တပ်မ ၃၃ က ညွှန်ကြားခဲ့ပြီး ရက်ပိုင်းအကြား စစ်ဆေးရေးရှိတဲ့အတွက် စက်တွေ ဝှက်ထားဖို့ ထပ်မံ ညွှန်ကြားလာတာလည်း ဖြစ်ပါတယ်။

ဖားကန့်ရတနာနယ်မြေမှာ တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့ စက်ယန္တရားပေါင်း  ရာနဲ့ချီ ရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။

5 days Ago

November 13, 2021

ရေစကြိုမြို့ ရေလယ်ကျွန်းဒေသတွင် ရွှေမျောလုပ်ငန်းများကြောင့် ကမ်းပြိုမည်ကို ဒေသခံများ စိုးရိမ်

မကွေးတိုင်း၊ ရေစကြိုမြို့ ရေလယ်ကျွန်းဒေသတွေမှာ ရေကျချိန် စစ်ကောင်စီကို ဆက်ကြေးပေးပြီး ရွှေမျော လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာကြောင့် ရေတက်ချိန်မှာ ကမ်းပြိုမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူတွေဟာ စစ်ကောင်စီကို ငွေကြေးပေးပြီး ဧရာဝတီနဲ့ ချင်းတွင်း မြစ်ဆုံရာနေရာတွေမှာ လုပ်ကိုင်နေကြတာကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုဒေသခံတစ်ဦးက “ရွှေမျောလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်စေတယ်။ ရေလယ်ကျွန်းဒေသရဲ့ ကမ်းပြိုမှု အန္တရာယ်ကို ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။ ရေလယ်ကျွန်းဒေသတွေအနေနဲ့ သည်လုပ်ငန်းတွေကို ဖျက်သိမ်း ရပ်နားဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားတာလည်း ရှိပါတယ်။  ရွှေမျောလုပ်ငန်းတွေတင်မကဘူး။ ဒီမြစ်ဆုံဒေသမှာဆိုရင် ကျောက်၊ ခဲ၊ သဲ ထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ဒါတွေက မြစ်ရေ ရေတက်ချိန်မှာ ရေကြောင်းပြောင်းတာတွေ ကမ်းပြိုတာတွေ ဖြစ်နိုင်လို့ ကျေးရွာ လူထုကတော့ မကြိုက်ကြဘူး။ ကမ်းပြိုရင် နေအိမ်တွေ ဖြိုဖျက်ရတယ်။ ရွှေ့ပြောင်းရတယ်။ နေစရာလည်း ပျောက်သလို ဆင်းရဲဒုက္ခလည်း ကြီးပါတယ်”လို့ ပြောပါတယ်။

ဒေသခံ PDF အဖွဲ့တွေက ရေလယ်ကျွန်းဒေသ သဲသောင်ပြင်မှာ ရွှေမျောလုပ်ငန်း လုပ်ကိုင်နေကြတဲ့ သူတွေကို သက်ညှာထောက်ထားတဲ့အနေနဲ့ နိုဝင်ဘာလကုန်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်က စတင်ပြီး လုပ်ငန်းအားလုံးကို ဖျက်သိမ်းသွားရမှာဖြစ်ပြီးတော့ မဖျက်သိမ်းပါက  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဆောင်ရွက်သင့်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

1 month Ago
Up