close

ဆက်ဆံရေးတင်းမာ

close

February 4, 2023

တရုတ်စပိုင်မီးပုံးပျံကြောင့် အမေရိကန်နှင့် တရုတ် ဆက်ဆံရေးတင်းမာ

အမေရိကန်မြောက်ပိုင်း၊ မွန်တာနာပြည်နယ် ကောင်းကင်ပေါ်ရောက်နေတဲ့ တရုတ်နိုင်ငံက လွှတ်တင်ထားတဲ့ စောင့်ကြည့်လေ့လာရေး မီးပုံးပျံတစင်းကြောင့် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် စီစဉ်ထားတဲ့ ဖေဖေါ်ဝါရီလဆန်း တရုတ်နိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။​

၅ နှစ်အတွင်း အဆင့်မြင့်ဆုံး သံတမန်ခရီးဖြစ်လာဖွယ်ရှိတဲ့ ဘလင်ကင်ရဲ့ ခရီးစဉ်အတွင်း တရုတ်နဲ့ ထိုင်ဝမ်အရေး၊ ကိုဗစ်ရောဂါနဲ့ လုံခြုံရေးလို အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ပြင်ဆင်ထားခဲ့ပေမဲ့ တရုတ်ရီးစဉ်ဟာ အချိန်အခါ မသင့်သေးဘူးလို့ အမေရိကန် အဆင့်မြင့်အရာရှိတယောက်က ပြောပါတယ်။

မီးပုံးပျံကိစ္စပေါ်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပေမယ့် ၂  နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ကတော့ ဒီမီးပုံးပျံဟာ မိုးလေဝသစောင့်ကြည့်ရေး သုတေသနရည်ရွယ်ချက်နဲ့ပဲ လွှတ်တင်ခဲ့တာဖြစ်တယ်၊ ဒီမီးပုံးပျံဟာ အနောက်လေတိုက်ခတ်နေတဲ့ မိုးလေဝသကြောင့် လမ်းကြောင်းလွဲချော်ရောက်ရှိသွားတာကြောင့် ဒီဖြစ်စဉ်အတွက် စိတ်မကောင်းတဲ့အကြောင်း တုံ့ပြန်ထားပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံတခုရဲ့ အချုပ်အခြာနယ်နမိတ်နဲ့ လေကြောင်းပိုင်နက်ကို ကျူးကျော်ဖို့ ရည်ရွယ်ချက်မရှိတဲ့အကြောင်း နှစ်ဦးနှစ်ဖက် ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်ကြဖို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ တရုတ်နိုင်ငံအရာရှိတွေနဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုရာမှာ ဒီမီးပုံးပျံကိစ္စဟာ တာဝန်မဲ့တဲ့အပြုအမူဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

အဲဒီမီးပုံးပျံဟာ ကနေဒါနိုင်ငံကိုဖြတ်ကျော်လာပြီး အရှေ့မြောက်ဘက်က မွန်တာနာပြည်နယ် ကောင်းကင်မှာတွေ့မြင်ရတဲ့အကြောင်း နယ်ခံတွေက ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်တွေမှာ တင်ပြထားကြပါတယ်။

ဒီမီးပုံးပျံဟာ သာမန်အရပ်ဘက် လေကြောင်းခရီးစဉ်တွေ ပျံသန်းကြတဲ့ အမြင့်ပေ ၃၄၀၀၀ ထက် အများကြီးပိုမြင့်တဲ့နေရာမှာရှိနေတဲ့အတွက် အရပ်သားပြည်သူလူထုအတွက် အန္တရာယ်ရှိတဲ့အဆင့်မဟုတ်ဘူးလို့  ပင်တဂွန်ဘက်က ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ အနောက်မြောက်ဘက်ပိုင်း မွန်တာနာပြည်နယ်ဟာ ကနေဒါနယ်စပ်နဲ့ ကပ်လျက်ဖြစ်ပြီး အဲဒီပြည်နယ်မှာ အမေရိကန်လေတပ် အခြေစိုက်စခန်းလည်းရှိ ညူကလီယားထိပ်ဖူးတပ်ဒုံးကျည်တွေတည်ရှိရာနေရာလည်းဖြစ်လို့ ဒီမီးပုံးပျံဟာ အမေရိကန်မြေပေါ်မှာ စောင့်ကြည့်ထောက်လှမ်း အချက်အလက်ရယူတာဖြစ်တယ်လို့ အမေရိကန်တွေဘက်က သံသယရှိပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပါအဝင် အမေရိကန်အတော်များများက အဲဒီမီးပုံပျံကို ပစ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်တိုက်လေယာဉ်တွေကလည်း အဲဒီမီးပုံးပျံကို အနီးကပ်စောင့်ကြည့်နေကြပေမဲ့ ပျက်စီးပြုတ်ကျလာနိုင်တဲ့ အပိုင်းအစတွေက ပြည်သူလူထုကို ထိခိုက်နိုင်မလားစိုးရိမ်ချက်ကြောင့် တရုတ် မီးပုံးပျံကို ပစ်ချဖို့ ငြင်းဆိုထားပါတယ်။ 

စောင့်ကြည့်နေကြတဲ့ အမေရိကန်အရာရှိတွေအဆိုအရ ဟီလီယမ်ဓာတ်ငွေ့အားနဲ့ ပျံသန်းတဲ့ဒီမီးပုံးပျံဟာ အလာစကာနဲ့ ကနေဒါကောင်းကင်ကိုဖြတ်သန်းလာခဲ့ပြီး အမေရိကန်နယ်နမိတ်ထဲ ဝင်ရောက်လာခဲ့တဲ့နောက် အခုသောကြာနေ့မှာတော့ အမြင့်ပေ ၆၀၀၀၀ အထက်ကနေ အရှေ့ဘက်ကို ဉီးတည်ရွေ့လျားနေတယ်လို့ဆိုပါတယ်။

အမေရိကန်အရာရှိတွေက ဒီမီးပုံပျံကိုစောင့်ကြည့်နေကြရင်း ဘာဆက်လုပ်ကြမလဲဆိုတဲ့ ရွေးချယ်စရာတွေကို ပြန်လှန်သုံးသပ်နေဆဲပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်ကောင်းကင်ပေါ်ကိုရောက်ရှိလာခဲ့ပြီးတဲ့နောက် ဒီမီးပုံးပျံမှာ တပ်ဆင်ထားတဲ့ကင်မရာတွေကတဆင့် လုံခြုံရေးအရ အရေးကြီးတဲ့အချက်အလက်တွေ ဘယ်လောက်စုဆောင်းရယူခဲ့ပြီးပြီလဲဆိုတာကတော့ ဘယ်သူမှမသိကြရသေးပါဘူး။

အမေရိကန် လွှတ်တော်နိုင်ငံခြားရေးကော်မီတီက ဘိုင်ဒင်အစိုးရအနေနဲ့ တရုတ်ထောက်လှမ်းရေးမီးပုံးပျံကို အမေရိကန် ကောင်းကင်ပေါ်ကနေ အမြန်ဆုံး ဖယ်ရှားပစ်ရမယ်လို့ တောင်းဆိုပါတယ်။ 

အမေရိကန် အိမ်ဖြူတော်ကတော့ ဒီမီးပုံးပျံကို ပစ်ချဖို့မရှိသေးပေမယ့် အရေးယူဆောင်ရွက်နိုင်မယ့် နည်းလမ်းပေါင်းစုံကို ပြင်ဆင်ထားတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 

မကြာသေးခင်ရက်ပိုင်းကပဲ တောင်တရုတ်ပင်လယ်နဲ့ မလှမ်းမကမ်း ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ဖွင့်လှစ်ဖို့ သဘောတူညီချက်ရခဲ့တဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဆက်တိုက်ပေါ်ထွက်လာခဲ့တဲ့ စုံစမ်းထောက်လှမ်းရေး မီးပုံပျံကြောင့် အမေရိကန်နဲ့ တကြားက မိုက်ခရိုချစ်ပ်အရေး ထိုင်ဝမ်ရေလက်ကြားအရေးအပြင် စစ်ရေးတင်းမာမှု ပိုမြင့်မားလာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 

3 hours Ago
Up