close

ဆန့်ကျင်ကြရန်

close

December 16, 2021

စစ်ခေါင်းဆောင်နှင့်တွေ့ခဲ့သည့် ဟိန္ဒူဘာသာရေးခေါင်းဆောင်တချို့ကို ဆန့်ကျင်ကြရန် တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တချို့ကို ဆန့်ကျင်ကြဖို့ နွေဦးတော်လှန်ရေး မြန်မာဟိန္ဒူကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့က  စစ်ခေါင်းဆောင်နဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင် ၁၀ ယောက်တို့ ဘာသာပေါင်းစုံတွေ့ဆုံပွဲခေါင်းစဉ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဟိန္ဒူဘာသာကိုယ်စားပြုပြီး တွေ့ဆုံခဲ့သူတွေဟာ မြန်မာနိုင်ငံထဲက ဟိန္ဒူပြည်သူတွေကို လုံးဝကိုယ်စားမပြုဘူးလို့ နွေဦးတော်လှန်ရေး မြန်မာဟိန္ဒူကွန်ရက် ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင် ၁၀ ယောက်ဟာ စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မကြာခင် ထုတ်ပြန်ကြေညာသွားမယ်လို့ နွေဦးတော်လှန်ရေးမြန်မာဟိန္ဒူကွန်ရက်က ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

"သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို မကြာခင်မှာ ကျနော်တို့ ထုတ်ပြန်ပါမယ်။ ဟိန္ဒူပြည်သူတွေက ဝိုင်းပြီး Boycott လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က ကြည့်မြင်တိုင်သပိတ်ကို စစ်တပ်က ကားနဲ့တိုက်ပြီး အကြမ်းဖက်ဖြိုခွဲခဲ့တဲ့နေ့ဖြစ်ပါတယ်။ အဲ့ဒီလိုနေ့မျိုးမှာ စစ်ခေါင်းဆောင်နဲ့ သွားတွေ့တာဟာ ဟိန္ဒူဘာသာဝင်တွေကို အရှက်ရစေပါတယ်" လို့ နွေဦးတော်လှန်ရေးမြန်မာဟိန္ဒူကွန်ရက် ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံသူတွေထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ကောင်စီ၊ သနန္တနဓမ္မပါလဟိန္ဒူအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေပါဝင်ကာ သူတို့အားလုံးကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ တာဝန်ရပ်ဆိုင်းပြီး ဖယ်ထုတ်ကြဖို့လည်း နွေဦးတော်လှန်ရေးမြန်မာဟိန္ဒူကွန်ရက်က တိုက်တွန်းပါတယ်။

2 mins Ago
Up